Print

မွေးကင်းစ ကလေးငယ်များ၏ ချက်၌ နနွင်း (သို့) ဆေးတို့ဖတ်ထည့်ခြင်း

  15-Nov-2018
Preview Image

မွေးကင်းစ ကလေးငယ် ချက်ကြွေပြီးနောက် အနာကောင်းစွာ မကျက်လျှင် နနွင်း၊ (သို့) ဆေးတို့ဖတ် သိပ်ထည့် အလေ့အထရှိနေကြပါသည်။ ဤသည်မှာ ရှေးအစဉ်အဆက် ပြုလုပ်နေကြခြင်းဖြစ်သည်။ အကယ်၍ နနွင်း၊ (သို့) ဆေးတို့ဖတ် သိပ်ထည့်၍ ပိုးဝင်ပြီး အနာဖြစ်လိမ့်မည်။ မေးခိုင်ရောဂါဖြစ်တတ် သည်ဟု ပြောမိလျှင် `တို့တစ်သက်လုံး ဒီလိုလုပ်ခဲ့တာ၊ တို့ငယ်ငယ်က တို့မိဘတွေလည်း လုပ်ခဲ့တာ၊ မင်းတို့ငယ်ငယ်ကလည်း ငါတို့ ဒီလိုလုပ်ခဲ့တာ´ စသည်ဖြင့် အငြင်းစကား ဆိုကြပါလိမ့်မည်။ `ဒီလိုပဲ ထည့်လာတာ ဘာအနာမှလည်း မဖြစ်ဘူး။ နနွင်းသိပ်လိုက်ရင် မကြာခင် ချက်အနာကျက်တာချည်းပဲ´ ဟူ၍လည်း ပြောတတ်ကြပါသည်။

မှားတယ်ဟူ၍လည်း မဆိုသာပါ။ နနွင်းထည့်ခံရသော ကလေးငယ် တိုင်း မေးခိုင်ဖြစ်သည် မဟုတ်ပေ။ ယနေ့ အသက် ၆၀ ဝန်းကျင် လူအများအဖို့ တစ်ချိန်က အရပ်လက်သည်နှင့် မွေးဖွားခဲ့ပြီး ချက် နနွင်းထည့်ခံခဲ့ကြ ရသူများဖြစ်သည်။ အကယ်၍ မွေးကင်းစ မေးခိုင်ဖြစ်ပြီဆိုပါလျှင် မေးခိုင်ဖြစ်လို့ ဖြစ်မှန်းမသိကြပါ။ ကလေးက သူငယ်နာပါလာတာ။ အကြောဆွဲပြီးတက်ရင်း ဆုံးသွားတာ ဟုပြောသည်။

ဆေးပညာရှင်များဘက်က ကြည့်ပါမူ ကလေးတစ်ရာ နနွင်းထည့်၍ တစ်ယောက်မေးခိုင်ဖြစ်လျှင် ထိုတစ်ယောက် မဖြစ်အောင် ကာကွယ်မှုပေးရ မည်ဖြစ်သည်။ မွေးကင်းစ မေးခိုင်ရောဂါအကြောင်း နားလည်အောင် ရှင်းလင်းပြသဖို့ လိုအပ်သည်။ တစ်ထောင်မှာတစ်ယောက် ဖြစ်ပါစေ ယင်းတစ်ယောက်အတွက် မှားယွင်းနေသောအယူအဆကို ပြင်ပေးရမည် ဖြစ်ပါသည်။ မွေးကင်းစကလေး မေးခိုင်ရောဂါဖြစ်ရာတွင် မေးခိုင်ရောဂါပိုး ဝင်ရာ အဓိကလမ်းကြောင်းမှာ ချက်ဖြစ်သည်။ ချက်ကို သန့်ရှင်းအောင် ၊ ရောဂါပိုးကင်းစင်အောင် မည်သို့မည်ပုံ ဆောင်ရွက်သင့်သည်ကို ပညာပေး လမ်းညွှန်ရန် လိုအပ်ပါသည်။

• ချက်အားနနွင်း၊ (သို့) ဆေးတို့ဖတ်ထည့်ခြင်း အလေ့အထကို စွန့်ပစ်သင့်ကြပြီဖြစ်ပါသည်။
• ချက်အား မည်သည့်ဆေး၊ မည်သည့်အရာမျှ မထည့်သင့်ပါ။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့်ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18