Print

ကလေးတွေကိုအရွယ်အလိုက် လိင်ကျန်းမာရေး ပညာပေးသင့်သလား

  25-Sep-2018
Preview Image

“မေမေ . . . သားသူငယ်ချင်းကောင်မလေးတွေက ရှူးပေါက်တဲ့အခါ သားတို့လိုမတ်တတ်ရပ်မပေါက်ဘဲ ထိုင်ပေါက်ကြတယ် . . အဲဒါဘာဖြစ်လို့လဲ . . မေမေ . . သားသူငယ်ချင်းတစ်ယောက်ကတော့ပြောတယ် . . သူတို့ကအားမရှိလို့တဲ့ . . မှန်လား မေမေ . .”


သားဖြစ်သူ နိုင်စွမ်းစကားကြောင့် ဒေါ်ဝါဝါပြုံးရယ်မိသည်။ သားကအခုမှ ပထမတန်း၊ အမျိုးသား၊ အမျိုးသမီး ခန္ဓာဗေဒကွဲပြားမှုအကြောင်းတွေကို သားကိုပြောပြဖို့ ငယ်သေးသည်ဟု သူထင်သည်။ သို့ဖြစ်၍ သားဖြစ်သူအာရုံပြောင်းသွားအောင် ပြန်မဖြေဘဲ စကားလွှဲလိုက်မိသည်။


“သမီးတို့ မိန်းကလေးတွေက အပျိုဖော်ဝင်လာပြီဆိုရင် လစဉ်ရာသီစက်ဝန်းဆိုတာရှိတယ်။ ပျမ်းမျှအားဖြင့် အသက် ၁၂-၁၃ နှစ်လောက်ဆို ရာသီလာတတ်တယ်”


“ရာသီလာတယ်ဆိုရင် ဘယ်လိုတွေဖြစ်မှာလဲ မေမေ”


ဒေါ်ရွှေစင်ပြောသည့်စကားကို အသက် ၁၀နှစ်အရွယ်သမီးက ပြန်မေးချိန်တွင် ဘေးမှာထိုင်နေသည့် ဦးဝင်းထွန်းကထငေါက်သည်။ “မင်းကလည်းကွာ . . သမီးက အခုမှကလေးလေးရှိသေးတယ် . . ဘာတွေလျှောက်ပြောနေတာလဲ၊ ကလေးကို စောစောစီးစီးလူကြီးစိတ်ဝင်အောင်”


“ကျွန်မတုန်းကလို ဖြစ်မှာစိုးလို့ပါ . . ဒါမှတကယ်ရာသီလာတဲ့အချိန်မှာ သမီးလန့်မသွားအောင်လို့ပေါ့ . .”

သမီးကိုချီပြီး ဦးဝင်းထွန်းထွက်သွားချိန်တွင် ငယ်ငယ်တုန်းကအဖြစ်အပျက်ကို ဒေါ်ရွှေစင်ပြန်တွေးမိသည်။


အဲဒီတုန်းက ကျောင်းသွားရင်း စက်ဘီးပေါ်ကဆင်းလိုက်တော့ သွေးတွေ . . သွေးတွေ ကျောင်းစိမ်းလုံချည်တင်မက စက်ဘီးထိုင်ခုံပေါ်မှာ . . ကြောက်လန့်တကြား အိမ်ပြန်လာခဲ့တော့လည်း အိမ်မှာဘယ်သူမှမရှိ . . တစ်ယောက်တည်း အိမ်ထဲမှာငိုခဲ့ရသည့်အဖြစ်ကို ဒေါ်ရွှေစင်မမေ့သေး။ စိတ်ထဲကလည်း ဒီလောက်များလှတဲ့ သွေးတွေထွက်နေတာ ငါသေတော့မှာလားဆိုတဲ့ အတွေးကကြီးစိုးလို့ . . အချိန် ကြာကြာခံစားခဲ့ရသည့် ကြောက်ရွံ့မှုနဲ့ စိုးရိမ်ကြီးစိတ်က အမေဈေးက ပြန်လာမှပျောက်သွားခဲ့ရသည်။


သို့အတွက်ကြောင့် သမီးလေးကိုသိစေချင်သည်။ မိန်းမရယ်လို့ဖြစ်လာရင် ကြုံတွေ့ရမည့်ဓမ္မတာကို သမီးလေးကြိုသိထားမှသာ သမီးလေးထိတ်လန့်စရာမလိုဘဲ ရင်ဆိုင်နိုင်မှာမဟုတ်လား။ ကိုယ့်သားသမီးကို အမြဲကလေးဟုပဲထင်နေသည့် မိဘထဲ ဒေါ်ရွှေစင်ပါသော်လည်း အချိန်စက်ဝန်း၏ တိုက်စားမှုကြောင့် သမီးလေးက မကြာခင် အပျိုဖော်ဝင်ပေတော့မည်။ အခုချိန်ထိသမီးကို မည်သို့မည်ပုံ ပညာပေးရမည်ကို မသိသေး၊ပေးမည် လုပ်တိုင်းလည်း သူ့ဖခင်က ကာစီးကာစီးလုပ်စမြဲ။ တွေးရင်း တွေးရင်း ဒေါ်ရွှေစင် ပင့်သက်ရှိုက်မိလေ၏။


“Sex Education ဆိုတာ မျိုးဆက်ပွား ကျန်းမာရေးပညာပေးခြင်းလို့ခေါ်ပါတယ်။ ဒါကိုသူများနိုင်ငံတချို့မှာ ကျောင်းသင်ခန်းစာထဲတောင်ပါနေပြီလေ၊ မိန်းကလေးနဲ့ ယောကျာ်းလေး ဘယ်လိုကြောင့်ကွဲပြားသွားတယ်၊ ကလေးလေးတွေ ဘယ်လိုဖြစ်လာတယ် စသဖြင့် ပညာပေးကြပါတယ်။ ဒါမျိုးတွေကတော့ သူ့အသက်အရွယ်အလိုက် မသိမသာနဲ့ပညာပေးပြီး သင်ပေးသွားသင့်တယ်လို့ ထင်ပါတယ်။


တစ်ခုရှိတာက အင်္ဂလန်လိုနိုင်ငံမျိုးမှာတောင် Sex Education ပေးသင့်၊ မပေးသင့်ဆိုတာကို သဘောတူတဲ့သူနဲ့ သဘောမတူတဲ့သူဆိုပြီး အငြင်းအခုန်တွေဖြစ်ပြီး ပြဿနာတက်နေတဲ့ Debate တွေရှိခဲ့တယ်။ သဘောတူတဲ့သူတွေကျတော့ ကလေးတွေက စောစောစီးစီး Sex Education ကိုနားလည်ပြီး အမှန်အတိုင်း သိသွားတော့ ကောင်းတယ်လို့ဆိုကြတယ်။


သဘောမတူတဲ့သူတွေကျတော့ ကလေးဆိုတာ ဘာမှမသိသင့်ဘူး။ ဒါတွေ လျှောက်သင်ပေးလိုက်ရင် စောစောစီးစီးသိပြီး စောစောစီးစီး ပေါက်တတ်ကရတွေ လုပ်ကုန်လိမ့်မယ်လို့ ထင်ကြတယ်” ဟု သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင်ကဆိုသည်။


ဘယ်သူမှ သဘာဝတရားကို မလွန်ဆန်နိုင်ပါဘူး။ သဘာဝကို သဘာဝအတိုင်းလက်ခံရမှာပါပဲ။ တကယ့်အဖြစ်မှန် (Reality) အတိုင်း လက်ခံပြီး ဘာတွေလုပ်သင့်သလဲဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်။ ကလေးတွေအရွယ် ရောက်လာချိန်မှာတော့ . . .


“ဆရာ့အမြင်အရဆိုရင် Sex Education ဆိုတဲ့ မျိုးဆက်ပွား ကျန်းမာရေးပညာပေးတာကိုလည်း ဆောင်ရွက်ရမယ်။ ဒါကိုနိုင်ငံအများစုက လက်ခံထားကြတယ်၊ ဘယ်သူမှ သဘာဝတရားကို မလွန်ဆန်နိုင်ပါဘူး။ သဘာဝကို သဘာဝအတိုင်း လက်ခံရမှာပါပဲ။ တကယ့်အဖြစ်မှန် (Reality) အတိုင်းလက်ခံပြီး ဘာတွေလုပ်သင့်သလဲဆိုတာကို စဉ်းစားရမှာဖြစ်ပါတယ်။


ကလေးတွေ အရွယ်ရောက်လာချိန်မှာတော့ သူများ HIV ဖြစ်တိုင်း ကိုယ့်ကျ ဖြစ်မှာမဟုတ်ဘူးဆိုပြီး ထင်နေတယ်၊ အဲဒီအခါ ဘာတွေကြောင့် HIV ဖြစ်တတ်သလဲဆိုတာကိုလည်း မစူးစမ်းတော့ဘူး၊ ပညာပေးတာလည်းမရှိတော့ မသိတော့ဘူး၊ သဘာဝတရားကို မလွန်ဆန်နိုင်တော့တဲ့အခါ HIV ကူးစက်စေတဲ့ အကြောင်းတွေကို ပြုလုပ်မိလျက်သား ဖြစ်သွားကြတယ်. .တကယ်ဆိုရင် အစကတည်းက ဘယ်လိုအချက်တွေကြောင့် HIV တို့၊ ကာလသားရောဂါတို့ ဖြစ်နိုင်တယ်ဆိုတာသိမှ ကာကွယ်ကြမယ်၊ ဆင်ခြင်ကြတယ် . .


တချို့လူတွေက အရွယ်ရောက်တဲ့အထိ အဆုတ်ဆိုတာ ဘယ်မှာရှိမှန်းမသိဘူး၊ ဘာအလုပ်လုပ်မှန်း မသိဘူး။ ကျောက်ကပ်ဆိုတာ ဘယ်မှာရှိမှန်းမသိဘူး၊ ဘာအလုပ်လုပ်မှန်းမသိဘူး။ ဒါတွေက မှားနေပါတယ်။ ငယ်ငယ်ရွယ်ရွယ်ကတည်းက ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့ ကျောက်ကပ်၊ အဆုတ်၊ နှလုံး၊ အသည်း စတာတွေက ဘယ်လို အလုပ်လုပ်တယ်၊ ဒါတွေကို ဘယ်လိုစောင့်ရှောက်ရမယ် . . စတာတွေကိုသိအောင် ပညာပေးထားရမယ်။ ဒီလိုကျန်းမာရေးဗဟုသုတတွေနည်းနေရင် ကိုယ့်ကိုယ်ကိုယ်မစောင့်ရှောက်နိုင်ဘူး။


ကျန်းမာရေး ဗဟုသုတကို ငယ်ငယ်ကတည်းကပေးထားမှသာ ကိုယ့်ကိုယ်ကိုယ် ကျန်းမာနေအောင် စောင့်ရှောက်တတ်မှာဖြစ်တယ်။ သူများတွေ ကင်ဆာဖြစ်နေရင်လည်း ငါ့ကျဖြစ်မှာ မဟုတ်ပါဘူးဆိုပြီး မကြောက်ကြဘူး။ ကင်ဆာဖြစ်လာရင်လည်း တချို့ကင်ဆာတွေက စောစောစီးစီးသိရင် ပျောက်အောင်ကုလို့ရတယ်။ ဒါပေမဲ့ ဘာဖြစ်နေသလဲဆိုတော့ ကင်ဆာဆိုတာနဲ့ မကုတော့ဘူး၊ စိတ်ဓာတ်ကျတယ်၊ အသေပဲခံမယ်ဆိုပြီး နောက်ကျတဲ့အဆင့်ရောက်မှ ဆေးရုံ၊ ဆေးခန်းရောက်လာကြတယ်။”ဟု မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခဦးကိုကိုမောင်က သုံးသပ်ထားသည်။


ယနေ့ခေတ်တွင် ကလေးများ၊ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တို့သည် တီဗီ၊ ရေဒီယို၊ သတင်းစာ၊ ဂျာနယ်၊ စာအုပ်များအပြင် အိုင်တီခေတ်ဖြစ်သည့်အတွက် အင်တာနက်တို့မှတစ်ဆင့် လိင်ပညာပေးမဟုတ်ဘဲ လိင်ဆွဲဆောင်မှုဆိုင်ရာ ကြော်ငြာများ၊ သတင်းအချက်အလက်များကို ရယူနိုင်ကြပြီဖြစ်သည်။


“ဆိုရှယ်မီဒီယာလို့ခေါ်တဲ့ ဖေ့စ်ဘွတ်ခ်ကတော့ အသုံးချတတ်ရင် ချတတ်သလိုကောင်းပေမယ့် တလွဲသုံးမိရင်ဘဝပျက်တဲ့အထိ ဒုက္ခရောက်နိုင်ပါတယ်။ အထူးသဖြင့် မသိနားမလည်တဲ့ ကလေးတွေ ဆိုးကျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့်ကလေးတွေကို မျိုးဆက်ပွား ကျန်းမာရေးအကြောင်း မိဘတွေ၊ ဆရာမတွေကနေ အသက်ငယ်ငယ်ကတည်းကစပြီး ပညာပေးဖို့လိုအပ်လာပါတယ်။


Sex Education လို့ ပြောလိုက်ရင် ဆရာတွေ မိဘတွေကိုယ်တိုင် တွန့်သွားတတ်တယ်၊ ဒါကရှက်စရာလို့ ထင်နေတတ်ကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ကလေးငယ်စဉ်မှာ သူတို့ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ငယ်ငယ်ကနဲ့မတူဘဲ ထူးလာတာတွေကို ကြိုတင်ပြောပြထားသင့်ပါတယ်။ ကလေးအသက်၈နှစ်ဆိုရင် အရွယ်ရောက်ခြင်းအကြောင်းကို စသင့်ပါပြီ။ စောသေးတယ်လို့ မထင်သင့်ပါဘူး။


ကလေးအပေါ်မူတည်ပြီး နူးညံ့သိမ်မွေ့စွာ ပြောပြသင့်ပါတယ်။ သူတို့တွေက စူးစမ်းတတ်တော့ သူတို့မေးတာတွေကိုဖြေတဲ့အခါ အသင့်တော်ဆုံး စကားလုံးရွေးတတ်ဖို့၊ ရိုးရိုးသားသားဖြေဖို့နဲ့ ပွင့်လင်းဖို့လိုပါတယ်။ ဒီအကြောင်းတွေက မပြောသင့်သလိုလို၊ မသိသင့်သလိုလို လုပ်လိုက်ရင် ကလေးတွေက သိချင်စိတ်ပြင်းပြပြီး သူတို့ဘာသာ ကလေးအချင်းချင်း ဆရာတင်တာတို့၊ အင်တာနက်တွေထဲ ရှာကြည့်တာတို့လုပ်ပြီး လမ်းလွဲရောက်သွားနိုင် ပါတယ်” ဟု အထွေထွေရောဂါအထူးကု ဆရာဝန်မကြီးတစ်ဦးကလည်း ပြောပြထားသည်။


“ကျွန်မတို့ ငယ်ငယ်တုန်းကတော့ အင်တာနက်လည်းမရှိခဲ့ဖူးလေ . . ကျွန်မရင်သားတွေစပြီး ဆူဖြိုးလာတော့ ကျွန်မတစ်ယောက်တည်းပြောင်းလဲလာတယ်ထင်ပြီး သူငယ်ချင်းတွေသိမှာ ကျွန်မအရမ်းကြောက်ခဲ့တယ် . . ရာသီလာတာတောင်ရာသီမလာသေးဘူးဆိုပြီး သူငယ်ချင်းတွေကို ညာခဲ့ဖူးတယ်၊ ရာသီလာတဲ့ရက်တွေဆို သူငယ်ချင်းတွေသိမှာကြောက်လို့ တစ်ယောက်တည်းနေခဲ့တဲ့ ရက်တွေတောင်ရှိတယ်” ဟု အသက် ၃၃နှစ်အရွယ် မဇင်ဇင်ထူးက သူအပျိုဖော်ဝင်စဉ်က အဖြစ်အပျက်ကို ပြောပြခဲ့သည်။


ကျွန်မ သူငယ်ချင်းဆိုရင် သူ့အမေကရာသီလာချိန် ယောကျာ်းလေးနဲ့ အတူထိုင်မိရင် ကိုယ်ဝန်ရတတ်တယ်လို့ သင်ပေးထားလို့ ဘယ်သွားသွား သူဝင်မထိုင်ရဲ၊ မပြုရဲနဲ့ သူကြောက်နေခဲ့ဖူးတယ်တဲ့ . . .


“နည်းနည်းကြီးလာတော့မှ ဒီလိုအပြောင်းအလဲတွေက လူတိုင်းမှာဖြစ်တာပဲ . . ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ပဲဆိုတာသိခဲ့ရတယ် . . ငယ်ငယ်ကသာဒါတွေကို သိသင့်သလောက် သိခွင့်ရခဲ့မယ်ဆိုရင် ဒါတွေက စိုးရိမ်စရာ၊ ကြောက်စရာမဟုတ်ဘူးဆိုတာ နားလည်ပြီး အပျိုဖော်ဝင်ချိန်ကို သက်သောင့်သက်သာရှိရှိ ဖြတ်သန်းခဲ့မိမှာပဲလေ . . ကျွန်မသူငယ်ချင်းဆိုရင် သူ့အမေက ရာသီလာချိန် ယောကျာ်းလေးနဲ့ အတူထိုင်မိရင် ကိုယ်ဝန်ရတတ်တယ်လို့ သင်ပေးထားလို့ ဘယ်သွားသွား သူဝင်မထိုင်ရဲ၊ မပြုရဲနဲ့ သူကြောက်နေခဲ့ဖူးတယ်တဲ့ . . ကြီးမှ သူပြန်ပြောတော့ ကျွန်မတို့ရယ်မိခဲ့သေးတယ် . .”


မဇင်ဇင်ထူးနှင့် သူ့သူငယ်ချင်းကဲ့သို့အဖြစ်မျိုး မကြုံဆုံခဲ့စေရန်အတွက် သမီးမိန်းကလေးကို ဘေးကင်းလုံခြုံစေရန် မည်သို့မည်ပုံ နေထိုင်သင့်ကြောင်း၊ အပျိုဖော်ဝင်သည်နှင့်အမျှ ဝက်ခြံပေါက်ခြင်း၊ စိတ်ခံစားမှုပြောင်းလဲခြင်း စသည်တို့ ဖြစ်တတ်သည့်အပြင် ကိုယ်အင်္ဂါအစိတ်အပိုင်းတချို့ (ဥပမာ ရင်သား၊ တင်ပါး) ကြီးထွားလာတတ်ကြောင်း စသည်တို့ကို သင်ပေးထားသင့်သည်ဟု အထွေထွေရောဂါအထူးကု ဆရာဝန်ကြီးက အကြံပြုထားသည်။


အများအားဖြင့် မိန်းကလေးများသည် အသက် ၁၂-၁၃နှစ် အရွယ်၌ ပထမဆုံး ရာသီလာလေ့ရှိပြီး အမှန်တကယ်အရွယ်ရောက်ချိန်ထက် ၂နှစ်လောက်စော၍ ရာသီလာတတ်သဖြင့် သမီးမိန်းကလေးများကို အသက် ၁၀နှစ် – ၁၁နှစ်လောက်ကစ၍ လစဉ်ရာသီလာခြင်းအကြောင်းကို ကြိုတင်ပြောထားသင့်ပြီး အမျိုးသမီးများ ရှင်မီးအကျႌ၊ ဘရာစီယာ၊ ဘော်လီဝတ်ရသည့် အကြောင်းရင်းများကို ငယ်စဉ်ကတည်းက ရှင်းပြထားသင့်သည်။


ထို့ပြင် သားယောကျာ်းလေးများကိုလည်း လူပျိုဖော်ဝင်ချိန်တွင်ဖြစ်တတ်သည့် အသံသြလာခြင်း၊ မုတ်ဆိတ်မွေး-ပါးသိုင်းမွေး-လိင်တံမွေး ပေါက်လာခြင်း စသည့် အပြောင်းအလဲများ ဖြစ်တတ်ကြောင်းကိုလည်း ပြောပြထားသင့်ကြောင်းနှင့် မိန်းကလေးများတွင်လည်း အပြောင်းအလဲဖြစ်တတ်ကြောင်း သင်ပေးထားသင့်သည်ဟု ပညာရှင်အချို့က အကြံပြုထားသည်။


“မှန်မှန်ကန်ကန်၊ နည်းလမ်းတကျ ပညာပေးနိုင်ရင် ဘယ်အရွယ်ဖြစ်ဖြစ်ကောင်းပါတယ်။ ဒီလိုအိုင်တီခေတ်ကြီးထဲမှာ ကိုယ်ကပညာမပေးရင် ကလေးက သူ့ဘာသာလိုက်စူးစမ်းပြီးရှာမှာပဲ။ အင်တာနက်ထဲဝင်ပြီး ကလေးကလိုက်ရှာရင် မဟုတ်တာတွေပဲ တွေ့ဖို့များပါတယ်။ အဲဒီတော့ စောစောစီးစီးကတည်းက အမှန်အတိုင်း နည်းလမ်းတကျ ပညာပေးနိုင်ရင် အကောင်းဆုံးပါပဲ”ဟု ဒေါက်တာစိုးလွင်ကဆိုသည်။


ကလေးများကို မျိုးဆက်ပွားကျန်းမာရေး ပညာပေးရာတွင် အချိန်ကာလက အရေးကြီးကြောင်း၊ အထူးသဖြင့် ပညာပေးသူ မိဘအုပ်ထိန်းသူက ယုံကြည်မှုအပြည့်ဖြင့် ယဉ်ကျေးသည့် အသုံးအနှုန်းများဖြင့် အပိုအလိုမရှိဘဲ ပညာပေးသင့်ကြောင်း၊ တစ်ချိန်တည်းနှင့် အများကြီးမပြောဘဲ အရွယ်အလိုက်၊ အဆင့်အလိုက် ပညာပေးသင့်ကြောင်း ပညာရှင်အချို့ကဆိုသည်။


“အပျိုဖော်ဝင်လာရင် မိန်းကလေးတွေ ကိုယ်ခန္ဓာပြည့်ဖြိုးလုံးဝန်းလာမယ်။ ရင်သားထွက်လာမယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေလိုပဲ ချိုင်းမွေး၊ ဆီးစပ်မွေးထွက်မယ်။ ခြေသလုံးမွှေးပိုထူလာမယ်၊ ဝက်ခြံပိုထွက်လာမယ်၊ အပျိုဖော်ဝင်ချိန်မှာ ရာသီလာမယ်၊ အဲဒီအချိန်မှာ သွေးပုပ်ဆင်းတာမဟုတ်ဘူးဆိုတာ သေချာ ပြောပြထားသင့်ပါတယ်။


သားဥ တစ်လတစ်လုံးကြွေပြီး ရာသီလာရတာပါ။ အဲဒီသားဥက အမျိုးသားသုက်ကောင်နဲ့ထိတွေ့ရင် ကိုယ်ဝန်ရနိုင်တယ်ဆိုတာ ပြောပြထားရပါမယ်။ ဒီလို အမှန်အတိုင်းသိထားတာက ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်တဲ့ အဖြစ်အပျက်ကိုလည်း ကျော်လွှားစေနိုင်မှာပါ။ ပြီးတော့ရာသီလာရင် တစ်ကိုယ်ရေသန့်ရှင်းရေးက အရေးကြီးတာကြောင့် အဲဒီနည်းတွေကိုလည်း စနစ်တကျသင်ပေးထားသင့်ပါတယ်။


ယောကျာ်းလေးတွေ လူပျိုဖော်ဝင်တာက ယေဘုယျအားဖြင့် မိန်းကလေးတွေအပျိုဖော်ဝင်တာထက် နောက်ကျတတ်ပါတယ်၊ လူပျိုဖော်ဝင်တဲ့အခါ ယောကျာ်းလေးတွေမှာ ကျားလိင်အင်္ဂါတွေ ကြီးလာမယ်၊ အသံသြလာမယ်၊ နှုတ်ခမ်းမွေးပေါက်လာမယ်။ ကြွက်သားတွေ ကြီးထွားလာမယ်။ အိပ်နေချိန်မှာ ကာလသားအိပ်မက် မက်တတ်တယ်။ ဒါတွေက ပုံမှန်ပဲဆိုတာ သင်ပေးထားပြီး ကွန်ဒုံးအကြောင်းကိုလည်း ရှင်းပြထားရပါမယ်”ဟု အထွေထွေရောဂါအထူးကု ဆရာဝန်ကြီးကဆိုသည်။


“Sex Education အကြောင်း ကောင်းကောင်းမသိခဲ့တော့ နောက်ဆက်တွဲအနေနဲ့ ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန်ဆောင်တာ၊ HIV ပိုးရတာ စတာတွေဖြစ်တတ်ပါတယ်။ တစ်ခုတော့ရှိပါတယ်။ ဘယ်အရွယ်မှာ မျိုးဆက်ပွား ကျန်းမာရေးကို ဘယ်လိုပညာပေးသင့်တယ်ဆိုတာကို ပညာရှင်တွေနဲ့ သေချာတိုင်ပင်ဆွေးနွေးပြီး ရွေးချယ်ဖို့တော့ လိုတာပေါ့ . .”ဟု ဒေါက်တာစိုးလွင်က အကြံပေးထားပါသည်။


 Credit : ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18