Print

ပဋိသန္ဓေတား သုံးလခံထိုးဆေးနဲ့ ရာသီသွေး

  16-Nov-2018
Preview Image

သုံးလခံထိုးဆေးကို စသုံးကြတဲ့ အမျိုးသမီးအများစုမှာ အဓိကခံစားရတာကတော့ ရာသီမမှန်တဲ့ ပြသနာပါ။ အဲဒီ့ ရာသီမမှန်ရတဲ့အကြောင်းရယ် ရာသီမမှန်တာအတွက် ဘာလုပ်သင့်တယ်ဆိုတာကို ဆွေးနွေးပေးသွားမှာပါ။


ရာသီဘာကြောင့်လာတာလဲ။ 

ရာသီမမှန်တဲ့အကြောင်းပြောမယ်ဆိုရင် အမျိုးသမီးတွေ ဘာကြောင့်ရာသီလာတာလဲဆိုတာက စပြောရမှာပါ။ မိန်းကလေးတွေ အပျိုဖော်ဝင်ပြီဆိုရင်မျိုးဥအိမ်ကနေ တစ်လကိုတစ်လုံး မျိုးဥလေးတွေ မှန်မှန်ကြွေပါတယ်။ အဲဒီ့မျိုးဥလေးက အမျိုးသားဆီက သုတ်ပိုးနဲ့တွေ့ရင် သန္ဓေအောင်ပြီး ကိုယ်ဝန်ရှိလာပါတယ်။ သန္ဓေအောင်သွားတဲ့ မျိုးဥလေး တွယ်ကပ်ဖို့အတွက် သားအိမ်ရဲ့ အတွင်းနံရံက မျိုးဥမကြွေခင်မှာ တဖြည်းဖြည်း ထူလာရပါတယ်။ ဒါပေမဲ့ မျိုးဥလေးက အမျိုးသားသုတ်ပိုးနဲ့ မတွေ့ရင်တော့ သန္ဓေမအောင်တဲ့အတွက် သားအိမ်အတွင်းနံရံက ကွာကျသွားပါတယ်။ အဲဒါကို ရာသီသွေးဆင်းတယ်လို့ ခေါ်တာပါ။ အဲဒီ ဖြစ်စဉ်ကို အကျိုးသက်ရောက်နေတာက အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ Estrogen နဲ့ Progesterone ပါ။


ပဋိသန္ဓေတား သုံးလခံထိုးဆေးဆိုတာ ဘာလဲ။

သုံးလခံထိုးဆေးထဲမှာ အမျိုးသမီးဟော်မုန်း Progesterone နဲ့ ဆင်တူတဲ့ Progestin ဓာတ် ပါဝင်ပါတယ်။ မျိုးဥကြွေတာကိုတားဆီးပြီး သန္ဓေမရအောင် ကာကွယ်ပေးတာပါ။ဆေးကို လက်မောင်း(သို့)တင်ပါးအသားထဲ ဒါမှမဟုတ် အရေပြားအောက်က အဆီထဲ ထိုးကြပါတယ်။ သုံးလခံထိုးဆေးဟာ ကိုယ်ဝန်ရခြင်းကို ၉၇ ရာနှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။


ဆေးရဲ့ ဘေးထွက်ဆိုးကျိုး

အဓိကကတော့ ရာသီမမှန်တာပါ။ ရာသီနည်းသွားတာ များလာတာ ရာသီစောတာ နောက်ကျတာတွေ ဖြစ်နိုင်ပါတယ်။ စသုံးတဲ့ ပထမသုံးလမှာ ရက်ရှည်သွေးဆင်းတာ သွေးတစက်စက်ဆင်းနေတာတွေ ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာတော့ ရာသီလာတဲ့ အကြိမ်ရေနည်းသွားပြီး ရာသီလုံးထိမ်သွားတာ ဖြစ်နိုင်ပါတယ်။ တခြားကတော့ ဝလာတာ ခေါင်းမူး ခေါင်းကိုက်တာ စိတ်ခံစားမှု ပြောင်းလွယ်တာတွေ တစ်ခါတစ်ရံ ဖြစ်တတ်ပါတယ်။


ရာသီမမှန်တာအတွက် ဘာတွေလုပ်လို့ရလဲ။

ရာသီမမှန်တာဟာ အန္တရာယ်မရှိပါဘူး။ ဟော်မုုန်းအာနိသင်ကြောင့် နောက်ပိုင်းမှာ ရာသီလာတာအလိုလိုရပ်သွားတတ်ပါတယ်။ ဒါပေမဲ့ ရာသီမမှန်တာ ကြာနေတာ ဒါမှမဟုတ် ရာသီထိမ်နေရာကနေ ပြန်ပြီး သွေးဆင်းလာတာဆိုရင်တော့ ကျန်းမာရေးဝန်ထမ်းနဲ့ သွားရောက်တိုင်ပင်ပြီး စစ်ဆေးကြည့်သင့်ပါတယ်။ ရောဂါတစ်ခုခုကြောင့် သွေးဆင်းမမှန်တာဆိုရင် သုံးလခံထိုးဆေးကို ဆက်သုံးနိုင်ပါတယ်။ ဒါမှမဟုတ် တခြားသားဆက်ခြားနည်းလမ်းတွေ (ဥပမာ ကွန်ဒုံး)ကို ပြောင်းသုံးနိုင်ပါတယ်။


ရာသီထိမ်နေတဲ့အတွက် ကလေးမရနိုင်တော့မှာကိုလည်း စိုးရိမ်စရာမရှိပါဘူး။ ဆေးရပ်လိုက်ပြီး လအနည်းငယ်ကြာရင် ရာသီပြန်လာပြီး ကလေးရနိုင်ပါတယ်။ ရာသီမလာတာကို မကြိုက်ရင်တော့ ကျန်းမာရေးဝန်ထမ်းနဲ့ တိုင်ပင်ပြီး တခြားသားဆက်ခြားနည်းလမ်းတွေကို ပြောင်းသုံးလို့ ရပါတယ်။


Credit: လွန်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18