Print

လက်မထပ်ခင် ဘယ်နှရက် ကြိုတင်ပြီး ကိုယ်ဝန်တားသင့်သလဲ

  17-Nov-2018
Preview Image


ချစ်သူသက်တမ်းမှာ တစ်ယောက်ကိုတစ်ယောက် လေ့လာပြီးလို့ နှစ်ယောက်အတူတူ ဘဝတစ်ခုကို တည်ဆောက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ပြင်ရဆင်ရမှာတွေ အများကြီးဖြစ်လာပါတယ်။ ဘဝနဲ့ပတ်သက်လို့လည်း အစီအစဉ်တွေ ချရတော့မယ်။ အဲဒီထဲမှာ မပါမဖြစ် ပါရမှာတစ်ခုကတော့ မိသားစုစီမံကိန်းဆွဲတာပါပဲ။ တို့နှစ်ယောက် ကလေးဘယ်တော့ယူမယ်၊ ဘယ်နှယောက်ယူမယ်၊ တစ်ယောက်နဲ့တစ်ယောက်ကြား ဘယ်လိုနည်းလမ်းတွေသုံးပြီး တားထားမယ် စသဖြင့် စဉ်းစားကြရပါတယ်။ အဲဒီအခါ သတို့သမီးလောင်းတွေ အမေးများဆုံး မေးခွန်းတစ်ခုကတော့ လက်မထပ်ခင် ဘယ်နှရက်ကြိုတင်ပြီး ကိုယ်ဝန်တားဖို့လိုသလဲ ဆိုတာပါပဲ။ ဘာလို့ဆိုတော့ ဒီဆေးတွေ အာနိသင်ပြဖို့က တစ်ပတ်စောင့်ရတတ်တယ်လို့ သိထားကြတာကိုး။ တချို့ကတော့လည်း ချက်ချင်းအာနိသင်ပြတယ်လို့ သိထားကြပြန်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ အဲဒီအကြောင်းလေး အရင်ဆုံးရှင်းပြလိုပါတယ်။

 

ဒီနေရာမှာ ပွင့်ပွင့်လင်းလင်း ပြောပြချင်တာတစ်ခုက တစ်ချို့စုံတွဲတွေဟာ လက်ထပ်တဲ့နေ့မှပဲ လင်မယားအရာမြောက်တယ် ဆိုပေမယ့် တချို့ကျတော့ ယူတော့မှာပဲလေဆိုပြီး အတူနေထားနှင့်တာမျိုးရှိတယ်။ သိပ်ကိုခေတ်ဆန်လွန်းတဲ့သူတွေကတော့ ရည်းစားဘဝမှာကို ပုံမှန်လို အတူနေကြတာပေါ့။ သူတို့ဆိုရင်လည်း အိမ်ထောင်တော့မရှိပေမယ့် ပုံမှန်ဆက်ဆံမှုရှိနေတာမို့ အိမ်ထောင်သည်လိုပဲ သားဆက်ခြားနည်းတစ်ခုခုတော့ သုံးဖို့လိုပါတယ်။ အရေးပေါ်ကိုယ်ဝန်တားဆေးဟာ တစ်ကြိမ်တစ်ခါ မတော်တဆ ဖြစ်သွားတဲ့အခါမှာသာ သောက်သင့်တာဖြစ်ပြီး ဒီဆေးရဲ့ ထိရောက်မှုဟာ ကျန်တဲ့ကိုယ်ဝန်တားနည်းတွေနဲ့ ယှဉ်လိုက်ရင် နည်းတာမို့လို့ အတူနေပြီးတိုင်းသာ သောက်နေမယ်ဆိုရင် တစ်ကြိမ်မဟုတ်တစ်ကြိမ် ကိုယ်ဝန်ရသွားနိုင်ပါတယ်။

 

 ဒါကြောင့် လက်မထပ်ခင် ဘယ်နှရက်ကြိုတင်ပြီး ကိုယ်ဝန်တားရမလဲ ဆိုတာထက် အတူတူမနေခင် ဘယ်နှရက်ကြိုတင်ပြီး ကိုယ်ဝန်တားထားရင် စိတ်ချရမလဲ၊ ဒီနည်းတွေ အာနိသင်ပြဖို့ ဘယ်လောက်စောင့်ရမလဲ ဆိုတာကို ပြောပြချင်တာပါ။ အကြမ်းအားဖြင့် ကလေးတစ်ခါမှ မမွေးဖူးသေးတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ပုံမှန်အသုံးပြုလို့ရတဲ့ သားဆက်ခြားနည်း (၅) နည်းရှိပါတယ်။ ကွန်ဒုံး၊ နေ့စဉ်သောက်ဆေးကဒ်၊ ထိုးဆေး၊ လက်မောင်းတွင်းထည့်ပစ္စည်းနဲ့ သားအိမ်တွင်းထည့်ပစ္စည်းတွေပါ။

 

အဲဒီ (၅) နည်းထဲမှာ ကွန်ဒုံးက အတူနေပြီဆိုမှ အသုံးပြုရင်ရပါတယ်။ မှားတတ်တာလေးတွေပြောရရင် ကွန်ဒုံးက အတူစနေကတည်းက သုံးရမယ်။ ပြီးခါနီးမှ စွပ်လို့မရဘူး။ ဒီနည်းက ကိုယ်ဝန်တင်မကဘဲ ရောဂါတွေ မကူးစက်အောင်ပါ ကာကွယ်ပေးတယ်။ သို့သော် အမျိုးသားသုံးကွန်ဒုံးတွေသာ ဝယ်ရလွယ်တာမို့ အမျိုးသားရဲ့ ပူးပေါင်းပါဝင်မှု အရေးကြီးတယ်။ သူသုံးချင်ဖို့ သုံးတတ်ဖို့လိုတယ်ပေါ့။ နောက်တစ်နည်း၊ သားအိမ်ထဲပစ္စည်းထည့်တာကလည်း ဟော်မုန်းမပါဘူး။ ဒီတော့ ထည့်လိုက်တာနဲ့ ချက်ချင်းအာနိသင်ပြတယ်။

 

ဘယ်လောက်တောင်လဲဆို အရေးပေါ်ကိုယ်ဝန်တားတဲ့အနေနဲ့တောင် လိင်ဆက်ဆံမိပြီး ၅ ရက်အတွင်း ထည့်လို့ရသေးတယ်။ ဒီနည်းက အိမ်ထောင်ခုုမှကျစ အမျိုးသမီးတွေတော့ သိပ်သုံးလေ့မရှိဘူး။ အရင်ကတော့ ကလေးမမွေးဖူးသေးရင် ထည့်ရခက်တာမို့ မထည့်ပေးကြပေမယ့် နောက်ပိုင်းမှာ အင်မတန်သေးငယ်တဲ့ ပစ္စည်းတွေ ပေါ်လာတာမို့ ထည့်မယ်ဆိုလည်း ထည့်လို့ရပါတယ်။

 

ကျန်တဲ့ (၃) နည်းကတော့ ဘယ်နှရက်ကြိုသုံးရမလဲဆိုတာဟာ မိန်းကလေးရဲ့ ရာသီလာတဲ့ရက်ပေါ် မူတည်ပါတယ်။ နေ့စဉ်သောက်ဆေးကဒ်က ရာသီစပေါ်ပြီး (၅) ရက်အတွင်း (ရာသီပြီးတဲ့ရက် မဟုတ်ပါ၊ စပေါ်တဲ့ရက်ပါ) သောက်ရင် ချက်ချင်းအာနိသင်ပြပါတယ်။ ထိုးဆေးနဲ့ လက်မောင်းတွင်းထည့်ပစ္စည်းက ရာသီစပေါ်ပြီး (၇) ရက်အတွင်းသုံးရင် ချက်ချင်းအာနိသင်ပြပါတယ်။ ဒါကြောင့် အဲဒီရက်တွေအတွင်းမှာ စသုံးမယ်ဆိုရင် ဘယ်နှရက်မှ ကြိုလုပ်စရာ မလိုပါဘူး။ နက်ဖြန်မင်္ဂလာဆောင်ဆိုရင် ဒီနေ့ဆေးကဒ်စသောက်လို့ ရပါတယ်။ ထိုးဆေးထိုးလို့ရပါတယ်။

 

အကယ်၍များ ရာသီစပေါ်ပြီး (၅) ရက်နောက်ပိုင်းမှ ဆေးကဒ်ကို စသောက်မယ်၊ (၇) ရက်နောက်ပိုင်းမှ ထိုးဆေးထိုးမယ် ဒါမှမဟုတ် လက်မောင်းထဲပစ္စည်းထည့်မယ်ဆိုရင်တော့ အာနိသင် ချက်ချင်းမပြတော့ဘူး။ (၇) ရက်စောင့်ရမယ်။ ဒီတော့ အမျိုးသားနဲ့ (၇) ရက်ရှောင်၊ ရှောင်ဖို့အဆင်မပြေရင် ကွန်ဒုံးသုံးဖို့ လိုလာပါပြီ။ အိမ်ထောင်သက်ကြာနေသူတွေကို အမျိုးသားနဲ့ (၇) ရက်ရှောင်ပါ လို့ပြောလိုက်ရတာ လွယ်ပေမဲ့ ခုမှလက်ထပ်မယ့် မောင်နှံတွေအနေနဲ့ကျ အဆင်မပြေနိုင်ပါဘူး။ ကွန်ဒုံးသုံးရင်တော့ ရနိုင်ပေမယ့် အမျိုးသားကများ အမှတ်တရ မင်္ဂလာဦးညမှာ ဒါမျိုးတွေ မသုံးချင်ဘူးဆို အခက်တွေ့နိုင်ပါတယ်။

 

ဒါကြောင့် အဲဒီလိုအနေအထားမျိုးမှာ ရှိနေမယ်ဆိုရင်တော့ လက်မထပ်ခင် (၇) ရက်ကြိုတင်ပြီး သားဆက်ခြားနည်းတစ်ခုခုကို ကြိုတင်အသုံးပြုထားဖို့ လိုပါလိမ့်မယ်။ ဒါမှ မင်္ဂလာဦးညအတွက် အကာအကွယ်ရပြီးသား ဖြစ်နေမှာပါ။

 

ပိုနားလည်သွားအောင် ဥပမာပေးပါ့မယ်။

ကိုယ် ရာသီစပေါ်တဲ့ရက် (ထပ်ပြောပါရစေ၊ ပြီးတဲ့ရက် မဟုတ်ပါ၊ စပေါ်တဲ့ရက်ပါ) က ဒီဇင်ဘာ (၄) ရက်နေ့။ လက်ထပ်မယ့်နေ့က ဒီဇင်ဘာ (၉) ရက်နေ့ ဆိုပါစို့။ ဒါဆို ဒီနေ့ ဒီဇင်ဘာ (၇) ရက်နေ့လောက်မှာ ဆေးကဒ်စသောက်လိုက်ပါ။ ရာသီစပေါ်ပြီး (၅) ရက်အတွင်းမှာ စသောက်တာ ဖြစ်တဲ့အတွက် ချက်ချင်းအာနိသင်ပြပါတယ်။ (၇) ရက်ရှောင်စရာ မလိုသလို ကွန်ဒုံးလည်း သုံးစရာ မလိုပါဘူး။

 

ကိုယ်ရာသီစပေါ်တဲ့ရက်က ဒီဇင်ဘာ (၄) ရက်နေ့။ လက်ထပ်မယ့်နေ့က ဒီဇင်ဘာ (၁၇) ရက်နေ့။ အဲဒါဆို (၁၆) ရက်နေ့ကျမှ ဆေးကဒ်စသောက်ခဲ့မယ်ဆိုရင် ရာသီစပေါ်တဲ့ရက်ကတွက်ရင် (၅) ရက်ကျော်နေပြီ ဖြစ်တဲ့အတွက် ချက်ချင်းအာနိသင်မပြတော့ဘူး။ (၇) ရက်ရှောင်ရလိမ့်မယ်၊ အနည်းဆုံးတော့ ကွန်ဒုံးသုံးရတော့မယ်။ ဒါကြောင့် ဒီလိုအနေအထားမှာဆို လက်မထပ်ခင်တစ်ပတ်အလို ဒီဇင်ဘာ (၁ဝ) ရက်နေ့ကတည်းက ဆေးစသောက်ထားမှ အဆင်ပြေပါလိမ့်မယ်။

 

ဒီလောက်ဆို နားလည်ကြမယ် မျှော်လင့်ပါတယ်။ အနှစ်ချုပ်ပြန်ပြောရရင် ဟော်မုန်းပါတဲ့ နည်းတွေကို ဘယ်နှရက်ကြိုသုံးရမယ် ဆိုတာက ရာသီလာတဲ့ရက်ပေါ် မူတည်ပါတယ်။ ရာသီစလာပြီး (၅)ရက်အတွင်း ဆေးစသောက်မယ်၊ (၇) ရက်အတွင်း ဆေးထိုးမယ်၊ လက်မောင်းထဲ ပစ္စည်းထည့်မယ်ဆိုရင် ချက်ချင်းအာနိသင်ပြတဲ့အတွက် တစ်ရက်ကြိုအသုံးပြုမယ်ဆို ရပါပြီ။ အဲဒီအချိန်ကာလနောက်ပိုင်းမှာမှ ကိုယ့်မင်္ဂလာပွဲက လုပ်မယ်ဆိုရင်တော့ မင်္ဂလာပွဲမတိုင်မီ တစ်ပတ်အလိုမှာကတည်းက ကြိုတင်အသုံးပြုထားဖို့ လိုပါလိမ့်မယ်။

 

 ပိုပြီး ပြည့်စုံအောင် ပြောရရင်တော့ မင်္ဂလာပွဲကလည်း သေချာနေပြီဆို မင်္ဂလာပွဲမတိုင်မီ လအနည်းငယ် ကြိုသုံးထားဖို့တောင် တချို့ဆရာဝန်တွေက အကြံပေးပါတယ်။ ဘာလို့ဆိုတော့ ဟော်မုန်းပါတဲ့နည်းတွေသုံးရင် ဟော်မုန်းရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခေါင်းမူးတာ၊ ပျို့အန်တာ၊ နောက် ရာသီမမှန်တာတွေ ဖြစ်တတ်တယ်။ အဲဒီတော့ မင်္ဂလာဆောင်ခါနီးမှ ကပ်သုံးလိုက်ရင် ဒါတွေကြုံရတဲ့အခါ ဟန်းနီးမွန်းထွက်တော့ အနှောင့်အယှက်ဖြစ်မယ်။ အေးဆေးမပျော်ရဘူးပေါ့။ လအနည်းငယ်ကတည်းက ကြိုသုံးထားရင်တော့ အသားကျနေလိမ့်မှာမို့ ဒီလိုဘေးထွက်ဆိုးကျိုး ခံစားရတာတွေ အထိုက်အလိုက် နည်းကောင်းနည်းနိုင်မှာ ဖြစ်ပါတယ်။

 

ဒီနည်းလမ်းတစ်ခုချင်းစီရဲ့ အားသာချက်၊ အားနည်းချက်တွေကိုတော့ နောက်တစ်ပတ် တနလာၤနေ့မှာ တင်မယ့်ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။

 

Hello Health Group

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18