Print

ကိုယ်ဝန်ဆောင်ဇနီးသည်ကို ဘယ်လိုစောင့်ရှောက်ပေးမလဲ

  06-Nov-2018
Preview Image

ကိုယ်ဝန်ဆောင်တယ်ဆိုတာ အမျိုးသမီးတွေအတွက် ဘဝမှာစိတ်လှုပ်ရှားရဆုံးနဲ့ ခန္ဓာကိုယ်မှာ စိန်ခေါ်မှုအကြုံရဆုံးကိစ္စပါပဲ။ သားဦးကိုယ်ဝန်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကိုယ်ဝန်ဆောင်ထားရတဲ့ ဇနီးသည်အတွက် ခင်ပွန်းတစ်ယောက်အနေနဲ့အကောင်းဆုံးလုပ်ပေးနိုင်တာကတော့ ပိုပြီးချစ်ခင်ကြင်နာပေးဖို့ပါပဲ။


ဇနီးဖြစ်သူက ကိုယ့်ကလေးကို ကိုးလကြာအောင် ကိုယ်ဝန်လွယ်ထားရချိန်အတွင်းမှာ ကလေးရဲ့ဖခင်ဖြစ်တဲ့ ကိုယ်က အပြင်ကနေ စောင့်ရှောက်ကူညီပေးရမှာပါ။ အကောင်းဆုံးကတော့သူ့အပေါ် စိတ်ရင်းနဲ့ စောင့်ရှောက်ဂရုစိုက်မှု ပြသပေးဖို့ဖြစ်ပါတယ်။ သူကြိုက်တဲ့အရာ၊ မကြိုက်တဲ့အရာတွေ၊ စိတ်စွဲလမ်းမှုတွေနဲ့ မဖြစ်စဖူးဖြစ်လာတဲ့အပြုအမူတွေကို နားလည်ပေးပါ။


ကိုယ်ဝန်ရှိတဲ့အကြောင်းပြောပြစဉ်မှာ ကောင်းကောင်းတုံ့ပြန်ပါ

ကိုယ်ဝန်အကြောင်းကြားရတဲ့အချိန်မှာ တအားပျော်ရွှင်ဖို့ စိတ်မရှိရင်တောင်မှ စိတ်မဝင်စားသလိုအပြုအမူမျိုး နဲ့ မတုံ့ပြန်မိပါစေနဲ့။ ဇနီးသည်စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေဖို့နဲ့ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ သင်ကသူ့အနားမှာရှိနေပေးဖို့ ဦးစားပေးလုပ်ဆောင်ပေးပါ။


ကိုယ်ဝန်ဆောင်နဲ့ဆိုင်တဲ့ စာအုပ်တွေ ဖတ်ပါ

သူ့မှာဘယ်လိုတွေပြောင်းလဲနေသလဲဆိုတာ သင်သိလေ၊ နားလည်ပေးပြီး ဘယ်လိုကူညီရမလဲဆိုတာ ပြင်ဆင်နိုင်လေ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီစာအုပ်တွေမှာ ဖခင်လောင်းတွေအတွက် အရမ်းကိုအသုံးဝင်တဲ့ အကြောင်း အရာတွေကိုဖော်ပြထားတဲ့ အထူးအပိုင်းတွေပါရှိတတ်ပါတယ်။


ဆရာဝန်ရက်ချိန်းတိုင်းမှာ အတူလိုက်ပေးပါ

ပုံမှန်ရက်ချိန်းတိုင်းမှာ ဆေးခန်းလိုက်ပို့ပေးတာက အကျိုးရှိတဲ့အချက်သုံးခုရှိပါတယ်။ ပထမအချက်- သင်က ကိုယ်ဝန်ဆောင်ကာလအတွင်း သူနဲ့အမြဲရှိနေပေးတယ်လို့ ဇနီးကိုပြသနိုင်သလို ဒုတိယအချက်က ကိုယ်ဝန်နဲ့ ပတ်သက်ပြီးသင်ကအကုန်သိထားတဲ့အပြင် သူမအတွက်အကောင်းဆုံးပြင်ဆင်ပေးနိုင်လိမ့်မယ်လို့ ထင်မြင်စေပါတယ်။ နောက်ဆုံးအချက်က ဆရာဝန်ပြောသမျှကို ကူမှတ်ပေးထားပါ။ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ အမျိုးသမီးတွေရဲ့မှတ်ဉာဏ်ကသိပ်မကောင်းတတ်ကြဘဲ စိတ်လှုပ်ရှားနေနိုင်ပါတယ်။ ဒါ့ကြောင့်သင့်ဇနီးသည် မေ့နေတဲ့အချက်တွေရှိနေရင်တောင် သင်က ကူညီပေးနိုင်ပါတယ်။ ဒါဟာအရမ်းအရေးကြီးလို့ ကိုယ်ကအရမ်းအလုပ်များနေရင်တောင်မှ ရက်ချိန်းအတွက် ရအောင်အချိန်လုပြီးအဖော်လိုက်ပေးပါ။


စိတ်ဖိစီးမှုကိုလျှော့ချပေးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ပိုင်းဆိုင်ရာရော၊ရုပ်ပိုင်းဆိုင်ရာမှာပါ လိုအပ်ချက်များပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ဇနီးသည်ကို မလိုအပ်ဘဲဖိအားမပေးပါနဲ့။ အိမ်အလုပ်တွေကို ကူလုပ်ပေးခြင်းဖြင့်လည်း ဇနီးကို ပိုအနားရအောင် ကူညီပေးနိုင်ပါတယ်။


စိတ်ရှည်ပါ

ကိုယ်ဝန်ဆောင်ကာလအတွင်း ဇနီးသည်ရဲ့ခန္ဓာကိုယ်မှာဟော်မုန်းတွေ ပြောင်းလဲစေပါတယ်။ တခါတလေ စိတ်ပျော်မယ်၊တခါတလေ သင်ပါးစပ်ဟလိုက်တာနဲ့သူရန်လုပ်ရင်လုပ်မယ်၊ တခါတလေ အကြောင်းရင်းမရှိဘဲ ပေါက်ကွဲငိုယိုတာတွေရှိလာပါလိမ့်မယ်။ စိတ်ရှည်သည်းခံပေးလိုက်ပါ။ ဒါတွေဟာ ဟော်မုန်းကြောင့်ပဲလို့  နားလည်ပေးပါ။


မကြာခဏဆီးသွားတဲ့အခါ ကူညီပေးပါ

ကိုယ်ဝန်ဆောင်တွေက မကြာခဏဆီးသွားတတ်ပါတယ်။ မကြာခဏဆိုတာက နာရီဝက်တစ်ခါလောက်ကို သွားတတ်တာမျိုးပါ။ ဒီလိုဖြစ်လာတဲ့အခါ သူ့ကိုနားလည်ပေးပါ၊ နေရာစီစဉ်ပေးပါ။


ကိုယ်တိုင်လည်း ကိုယ်ဝန်ဆောင်တစ်ယောက်လိုနေကြည့်ပါ

ဒီနည်းက ဆရာဝန်ရဲ့ညွှန်ကြားချက်တွေအတိုင်း သူမကိုယ်တိုင်လိုက်နာစေဖို့ စိတ်ပိုင်းဆိုင်ရာအားပေးမှုတစ်ခု ပါပဲ။ ဇနီးသည်က အရက်နဲ့ကော်ဖီရှောင်ရတဲ့အချိန်မှာ ကိုယ်လည်းမသောက်ပါနဲ့( ဒါမှမဟုတ် အနည်းဆုံး တော့ သူမရှေ့မှာမသောက်ပါနဲ့)။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပေးတာက ကိုယ်ဝန်ဆောင်နဲ့ သန္ဓေသားအတွက် အရမ်းကိုအကျိုးရှိတာကြောင့် လမ်းအတူလျှောက်ပေးရင်း၊ ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်း တွေအတူလုပ်ပေးရင်းနဲ့ သူမကိုအလေ့အကျင့်လုပ်ပေးသင့်ပါတယ်။


ကိုယ်ဝန်ကြောင့်ပျို့အန်မှုကိုခံစားနေရချိန်မှာ ကူညီဖေးမပါ

Morning sickness ဟာ ကလေးမွေးဖွားချိန်ကလွဲလို့ ကိုယ်ဝန်ဆောင်ကာလမှာအဆိုးဆုံးအချိန်ဖြစ်ပါတယ်။ Morning sickness ကိုကိုယ်ဝန်ဆောင်အမျိုးသမီး ၇၅ ရာခိုင်နှုန်းမှာ ခံစားရတတ်ပြီး လက္ခဏာရပ် တွေကတော့ ခေါင်းကိုက်တာ၊ အိပ်ချင်စိတ်လွန်ကဲနေတာ၊ မအီမသာခံစားချက်တွေနဲ့ တခါတရံ ပျို့အန်တာ တွေပါဝင်ပါတယ်။ ဒီအခြေအနေတွေကလွန်မြောက်လာအောင် သင့်အမျိုးသမီးကို ကြင်နာမှု ဖေးမမှုတွေနဲ့ ဂရုစိုက်ပေးပါ။


Hello Health Group



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18