Print

ဝမ်းဗိုက်မြှေး နောက်ရှိတဲ့အကျိတ် (Retroperitoneal Tumor)

  26-Nov-2019
Preview Image


ဝမ်းဗိုက်မြှေးနောက်ရှိတဲ့ အကျိတ်က ဘာကြောင့်ဖြစ်ရတာပါလဲ။

ဒီအကျိတ်က ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို အတိအကျ မပြောနိုင်ပါဘူး။ Retroperitonal ဆိုတာက ချုံပြောတာပဲရှိတာပါ။ အနောက်ဝမ်းတွင်း မြှေးပါး အပြင်ဘက်မှာ ဖြစ်တတ်တဲ့အကျိတ်တွေ အားလုံးကိုခေါ်တာ ဖြစ်ပါတယ်။ အများစုကတော့ အဆီကျိတ် (Lipoma) တွေဖြစ်ပါတယ်။ တခါတလေ ကျရင်တော့ Fiber အမျှင်တွေကြောင့်ဖြစ်တဲ့ အကျိတ် (Fibroma) လည်း ဖြစ်တတ်ပါတယ်။ ကြွက်သားတွေကလည်း ဖြစ်တတ်ပါတယ်။ အာရုံကြောတွေကလည်း ဖြစ်တတ်ပါတယ်။ သွေးကြောတွေကလည်း ဖြစ်တတ်ပါတယ်။ ဒီအဆီ၊ အမျှင်၊ ကြွက်သားနဲ့ သွေးကြောတွေ အမျိုးမျိုးပေါင်းဆက်ပြီး အကျိတ်တွေ ဖြစ်တာဆိုတော့ ပေါင်းဆက်ပုံပေါ်မူတည်ပြီး အမျိုးမျိုးဖြစ်တတ်ပါတယ်။ ဒီအချိုးအစား အမျိုးမျိုးပေါ်မူတည်ပြီး အခဲအမျိုးမျိုးလည်း ဖြစ်နိုင်တယ်။ အရည်အိတ်လည်း ဖြစ်နိုင်ပါတယ်။ ရိုးရိုးအကျိတ်တွေပဲ ဖြစ်တတ်သလို ကင်ဆာအကျိတ်တွေလည်း ဖြစ်တတ်ပါတယ်။ ဒီအကျိတ်အပါအဝင် ခန္ဓာကိုယ်မှာရှိတဲ့ အကျိတ်တွေအကုန်လုံးက ဘာကြောင့်ဖြစ်တယ်ဆိုတာ ပြောရခက်ပါတယ်။

ဝမ်းဗိုက်အမြှေးနောက်ရှိ အကျိတ်က တစ်ကြိမ်ဖြစ်ပြီးရင် ပြန်ဖြစ်နိုင်ပါသလား။
တစ်ခါဖြစ်ဖူးရင် ပြန်ပြန်လည်း ဖြစ်တတ်ပါတယ်။ အကျိတ်တွေက ပွားလည်းပွားနိုင်ပါတယ်။ တစ်ခါတစ်လေ ခွဲထုတ်ပြီး နည်းနည်းကျန်သွားခဲ့ရင်လည်း ပြန်ဖြစ်လာနိုုင်တာပါပဲ။ ရောဂါတစ်ခုခုဖြစ်ရင် အကြောင်းရင်းကို အရင်ကုပြီးမှ လက္ခဏာတွေကို လိုက်ကုရတာပါ။ အခုက ဘာကြောင့်ဖြစ်မှန်း သိရတာမဟုတ်ဘဲ အကျိတ်တွေကိုပဲ ခွဲထုတ်နေရတာဆိုတော့ တစ်ခါတစ်လေ ပြန်ဖြစ်လာနိုုင်တာပါပဲ။ အကျိတ်ဖြစ်မယ့် အဆီတွေ၊ အကြောတွေရှိနေရင် ပြန်ဖြစ်ဦးမှာဖြစ်ပါတယ်။

ဝမ်းဗိုက်မြှေးနောက်ရှိအကျိတ်က ရိုးရိုးအကျိတ်လား၊ ကင်ဆာအကျိတ်ကော ဖြစ်နိုင်ပါသလား။
ကျောက်ကပ်နဲ့ ပန်ကရိယနားမှာရှိတဲ့ အဆီတွေ၊ အကြောတွေကနေ ပေါင်းပြီးဖြစ်လာတဲ့ အကျိတ်ကို ဝမ်းတွင်းမြှေးနောက်ရှိ အကျိတ်လို့ပဲ ပေါင်းခေါ်ပါတယ်။ ဒီအကျိတ် ၂ဝ ရာခိုင်နှုန်းကတော့ ရိုးရိုးအကျိတ်ဖြစ်ပြီး ၈ဝ ရာခိုင်နှုန်းကတော့ ကင်ဆာအကျိတ်ဖြစ်တတ်ပါတယ်။ ကင်ဆာဖြစ်နေရင် ခွဲထုတ်ပြီး သက်သက်ကုသပေးရတာမျိုး သိပ်မရှိသေးပါဘူး။ ရောဂါလက္ခဏာတွေကိုပဲ ကုပေးနေရင်ရပါတယ်။ ပြောရရင်တော့ ကင်ဆာအကျိတ်တွေက ကုသနည်းတွေ သိပ်မရှိသေးပါဘူး။ ရင်သားကင်ဆာတို့၊ သားအိမ်ကင်ဆာတို့ ဆိုတာတွေက သူ့ကုထုံးတွေနဲ့သူ ကုလို့ရပါတယ်။ ကုနည်းတွေရှိတယ်ဆိုတာကိုက အောင်မြင်မှုတွေ ရှိနေလို့ဖြစ်ပါတယ်။ ဒီဝမ်းဗိုက်မြှေးနောက်ရှိ အကျိတ်ကင်ဆာ ကတော့ကုသနည်း အတိအကျ မရှိသေးတဲ့အတွက် အောင်မြင်မှုလည်း မရှိသေးပါဘူး။

ဒီအကျိတ်က အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူမှာ ပိုအဖြစ်များပါသလဲ။
အမျိုးသားတွေက ပိုအဖြစ်များပါတယ်။ ၁ဝ ချိုး ၃ ချိုးလောက် ပိုအဖြစ်များတယ်လို့ အကြမ်းဖျင်းသိရပါတယ်။ နောက်တစ်ခုကတော့ အကျိတ်က ဖြစ်ဖြစ်ချင်းမသိဘဲနှင့် အကျိတ်ကြီးလာမှပဲ သိကြတာများပါတယ်။ ဒါမှမဟုတ်ရင် နာကျင်လာလို့ သိတာတွေရှိပါတယ်။ ဒီအတိုင်းတော့ အကျိတ်ဖြစ်လာတာနဲ့ လူတွေကမသိကြပါဘူး။ ဒီအကျိတ်ကြောင့် နာတာက ကျောက်ကပ်ရောဂါတွေနဲ့ မှားတတ်ပါတယ်။ တစ်ခါတစ်လေ ကျောက်ကပ်တွေနဲ့ အနားက ကလီစာတွေကို အကျိတ်က သွားဖိမိလို့ နာတာတော့ ဖြစ်နိုင်ပါတယ်။

အကျိတ်ကြီးလာရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါလဲ။
အစာအိမ်အူလမ်းကြောင်းတွေနဲ့ လွတ်တဲ့အတွက် လူနာတွေက အကျိတ်ဖြစ်လာတာကို မသိကြပါဘူး။ ကြာလာမှ ဗိုက်နည်းနည်းအောင့်တယ်၊ ခါးနည်းနည်းကိုက်တယ်၊ အဲဒီလိုလက္ခဏာတွေဖြစ်လာပါတယ်။ တစ်ခါတလေ ဖျားတတ်တယ်။ မသိမသာ ပိန်လာမယ်။ အများအားဖြင့် အလုံးကြီးလာမှပဲ သိကြပါတယ်။ ဆိုးရွားရင်တော့ အကျိတ်က အာရုံကြောတွေကို ဖိမိသွားရင် ခြေတွေလှုပ်မရတာတွေ ဖြစ်လာမယ်။ ဖောရောင်လာမယ်။ ဗိုက်မှာ သွေးကြောအပိုတွေ ပေါ်လာမယ်။

ဘယ်လို ရောဂါရှာဖွေမှုနဲ့ဆိုရင် တွေ့နိုင်မလဲ။
အာထရာဆောင်းနဲ့ CT Scan ရိုက်လိုက်ရင် ကွဲကွဲပြားပြား တွေ့ရပါတယ်။ အဲ့ဒီအခါ ကျောက်ကပ်ကို ထိ၊ မထိ အဓိကစစ်ဆေးရပါတယ်။ လိုအပ်ရင် ကျောက်ကပ်ကို ထုတ်ထားဖို့ စီစဉ်ထားရပါတယ်။ အကျိတ်ကိုက မကွဲမပြားနဲ့ သိပ်မကောင်းရင် အရွယ်က သေးနိုင်တယ်လို့ ခန်းမှန်းရပါတယ်။ ခွဲစိတ်တဲ့အခါမှာ အကျိတ်ကိုမကျန်အောင် ခွဲဖို့အရေးကြီးပါတယ်။ လူအများစုက ဗိုက်ပူလာတိုင်း မစိုးရိမ်ကြပါဘူး။ နာတာ၊ ကျင်တာဖြစ်မှသာ စိုးရိမ်တတ်ကြတော့ ဆေးရုံကို ရောက်ပြီဆိုရင် နောက်ကျနေတတ်ကြပါတယ်။ အခန့်မသင့်ရင် အကျိတ်က ပေါက်ထွက်ပြီး ဗိုက်ထဲမှာသွေးတွေ ယိုနေတတ်ပါတယ်။ အာထရာဆောင်းရိုက်လိုက်ရင်တော့ သိနိုင်ပါတယ်။ သိတာနဲ့တော့ ခွဲစိတ်ဖို့ ဆရာဝန်တွေက အကြံပေးပါတယ်။ ဒီအကျိတ်က ဘာကြောင့်ဖြစ်မှန်းမသိတဲ့အတွက် ကာကွယ်လို့လည်း မရနိုင်ပါဘူး။ အဖြစ်နည်းတယ်ဆိုပေမယ့် ဖြစ်ရင်တော့ ကင်ဆာအကျိတ် ဖြစ်တတ်တဲ့ အတွက် သတိထားရပါတယ်။ စောစောသိဖို့ အရေးကြီးပါတယ်။ ဒါပေမယ့်လည်း တစ်ခုခုဖြစ်မှပဲ နောက်ကျတဲ့ အဆင့်ရောက်မှ သိကြတာက များပါတယ်။ တစ်နှစ်တစ်ခါ ဆေးစစ်နေရင်း စောစောစီးစီး သိလိုက်ရတယ်ဆိုရင် ပိုကောင်းပါတယ်။

Ref:
ပါမောက္ခဦးအေးမွန်
Arogyam magazine, No.264, July 2014, Pg. 28-30

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18