Print

ပိုးကောင်အကြောင်း သိကောင်းစရာ

  02-Dec-2019
Preview Image


Gnathostoma Spinigerum ဆိုတာ လူ့ခန္ဓာကိုယ်ထဲမှာနေတဲ့ ကပ်ပါးသန်လုံးကောင် Parasitic Nematode ပါ။ ဒီပိုးကောင်က လူနဲ့ တချို့တိရိစ္ဆာန်တွေ Gnathostomiasis ရောဂါရစေပါတယ်။ ခုချိန်ထိ Gnathostoma ပိုးကောင်မျိုး (၁၃) မျိုးကို ရှာဖွေတွေ့ရှိထားပါတယ်။ အဲဒီ အထဲက ခြောက်မျိုးဟာ လူတွေကို ရောဂါဖြစ်စေနိုင်ပါတယ်။ အဲဒီ ခြောက်မျိုးထဲက ငါးမျိုးဟာ အာရှတိုက်မှာပဲ အတွေ့ရများပါတယ်။ ရောဂါလည်း အဖြစ်များပါတယ်။ တစ်မျိုးကတော့ လက်တင်အမေရိက တိုက်မှာပဲတွေ့ရပါတယ်။ အာရှမှာ လူတွေကို အကူးစက်ဆုံး Gnathostomiasis ရောဂါကိုဖြစ်စေတဲ့ ပိုးကတော့ Gnathostoma Spinigerum ပါ။

လူနာခံစားရပုံများ
ဒီ Gnathostomiasis ရောဂါဟာ Gnathostoma ကပ်ပါးပိုးကောင်သန်လုံးကောင် (Round Worms) တွေက ခန္ဓာကိုယ်အနှံ့လျှောက်သွား (ရောက်သွား) ကြလို့ ဖြစ်ရတဲ့ ရောဂါပါ။ ဒီအကောင်လေးတွေက အစာအိမ်ကိုလည်း ဖောက်သွားကြပါတယ်။ ပြီးတော့ အသည်းထဲကိုလည်း ဖြတ်ဝင် ဖြတ်ထွက်သွားကြပါတယ်။ ပြီးတော့အသည်းထဲကိုလည်း ဖြတ်ဝင် ဖြတ်ထွက်သွားကြပါတယ်။ အဲသလို ဖြစ်ခါစ အချိန်တွေမှာဆိုရင် လူအများစုက ဘာမှတော့ သိပ်မခံစားကြရပါဘူး။ မခံစားရသလောက်ပါပဲ။ ဒါပေမဲ့ တချို့လူတွေမှာတော့ ဖျားတတ်ကြပါတယ်။

အစားအသောက် ပျက်တတ်ကြပါတယ်။ ပျို့တတ်ကြပါတယ်။ အန်တတ်ကြပါတယ်။ ဝမ်းပျက်တတ်ကြပါတယ်။ ဒါမှမဟုတ် ဗိုက်နာတတ်ကြပါတယ်။ ဒါတွေအားလုံးက နှစ်ပတ်၊ သုံးပတ်လောက်တော့ ကြာတတ်ပါတယ်။ Gnathostoma ကပ်ပါးကောင် တွေကို စားမိအပြီး သုံးပတ်နှင့် လေးပတ်လောက်မှာပဲ စားမိတဲ့ လူမှာ အရေပြားကနေ ရွေ့ရွေ့သွားတဲ့ အဖုလေးတွေ Migratory Swellings ပေါ်လာတာ တွေ့ရပါလိမ့်မယ်။ အဲဒီ အရေပြား အဖုကလေးတွေက နာပါတယ်။ အနီရောင်ရှိပါတယ်။ ဒါပေမဲ့ ဒီအဖုလေးတွေကို အပေါ်ကနေ လက်နဲ့ဖိကြည့်ရင် ချိုင့်ဝင်မသွားပါဘူး။ အရေပြားအဖုတွေ ဒီလို ရွေ့ရွေ့နေတာ ဆယ်နှစ်အထိတောင်မှ ကြာတတ်ပါတယ်။ တစ်ခါတစ်ခါပေါ်ရင် ရက်သတ္တပတ် အတော်ကြာတဲ့အထိ ဖုနေနိုင်ပါတယ်။

အဖြစ်မများတတ်ပေမယ့်လည်း ဖြစ်လေ့ဖြစ်ထရှိတတ်တာကတော့ ဒီပိုးကောင်ဥ Larva တွေက လူ့ခန္ဓာရဲ့ တခြားနေရာတွေဆီကိုလည်း ရှားရှားပါးပါး ပျံ့နှံ့ရောက်ရှိ သွားနိုင်တာပဲ။ ဘယ်တွေအထိ ရောက်သွားနိုင်သလဲဆိုရင် အဆုတ်ထဲကိုလည်း ရောက်သွားနိုင်ပါတယ်။ မျက်လုံးထဲကိုလည်း ရောက်သွားနိုင်ပါတယ်။ ပြီးတော့ အာရုံကြောစနစ် Nervous System ထဲအထိလည်း ရောက်သွားနိုင်ပါတယ်။ အာရုံကြောတွေထဲ ပျံ့နှံ့ရောက်သွားရာကနေ ဦးနှောက်ထဲထိလည်း ရောက်သွားနိုင်ပါတယ်။

အာရုံကြောတွေအထိ ပျံ့နှံ့ရောက်ရှိသွားပြီ ဆိုရင်တော့ လူနာဟာ ခေါင်းကိုက်တတ်ပါတယ်။ သတိတွေ လျော့ပါးနိုင်ပါတယ်။ နောက်ဆုံးမှာတော့ သေဆုံးသွားနိုင်ပါတယ်။ အဲဒါအပြင် အာရုံကြောတစ်ခုခုကို ပိုးဝင်ပြီး ထိခိုက်မိစေပြီဆိုရင် အဲဒီအာရုံကြောက ထိန်းချုပ်ထားတဲ့ ကြွက်သားတွေပါ မလှုပ်နိုင်မရှားနိုင်ဘဲ “သေ” (Paralysis) ဖြစ်သွားစေပါတယ်။

ပိုးကောင်တွေက လူနာရဲ့ မျက်နှာအရေပြားအောက်မှာ ရွေ့လျားနေကြတယ်ဆိုရင်တော့ ဦးနှောက်ထိခိုက်ဖို့ ပိုများနေပါပြီး။ အဲဒါအပြင် မျက်လုံးဆီကို ရောက်ဖို့ အခြေအနေကလည်း ပိုများနေပါပြီ။ မျက်လုံးထဲကို ပိုးကောင်တွေဝင် Intraoccular Gnathostomiasis တဲ့ ရောဂါမျိုးက ဖြစ်တောင့်ဖြစ်ခဲပါတယ်။ ရှားပါတယ်။ ဒါပေမဲ့လည်း အပူပိုင်ဇုန်းတွေနဲ့ နီးစပ်တဲ့ နေရာတွေမှာ အဖြစ်များတာတွေ့ရပါတယ်။ မျက်လုံးထဲမှာ ကပ်ပါးကောင်တွေ အကောင်လိုက် ဝင်နေတာမျိုးကတော့ ရှားပါတယ်။ အများဆုံးတွေ့ရတဲ့ ကပ်ပါးကောင်တွေ ကတော့ Loa Loa, Cysticercosis နဲ့ Gnathostomiasis တို့ပါပဲ။ ၂၀၀၁ နဲ့ ၂၀၁၀ ကြားမှာ ရန်ကုန် မျက်စိအထူးကုဆေးရုံမှာ Gnathostoma ပိုးကောင်မျိုးလုံးထဲ အကောင်လိုက်ဝင်နေတဲ့ လူနာ ၁၃ ယောက်ကို တွေ့ရှိကုသပေးခဲ့ရပါတယ်။

ကုသပုံ
ဒီ Gnathomiasis ရောဂါအတွက် သန်ချဆေး Albendazole က ထိရောက်တာ တွေ့ရပါတယ်။ ဆေးနဲ့ တွေ့လိုက်ရင် ပိုးကောင်ဥတွေဟာ အရေပြားကို ဖောက်ထွက် လာတတ်ကြပါတယ်။ ဒါမှမဟုတ် သူတို့ကို လူနာက (ဆရာဝန်က) အပ်နဲ့ ဖောက်ထုတ်တာမျိုးလည်း အသာတကြည် ခံယူတတ်ကြပါတယ်။ မျက်လုံးထဲကို ပိုးဥပိုးကောင် စွဲပြီဆိုရင်တော့ ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ မျက်လုံးအမြင်ပြန်ကောင်း မကောင်းဆိုတာကတော့ ဘယ်လောက်အထိ မျက်လုံးက ပျက်စီးသွားခဲ့ပြီဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။

ကာကွယ်ရေး
ဒီရောဂါ မဖြစ်ဖို့အတွက် ရေချိုငါး ငါးရှဉ့်၊ ငါးလင်ပန်း၊ ငါးဖရုံ၊ ဖား၊ ငှက်မျိုးစုံနှင့် မိကျောင်းနွယ်ဝင် ရေသတ္တဝါတွေကို မကျက်တကျက် စားတာတွေ၊ အစိမ်းစားတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ငါးအစိမ်းကို သံပရာရည် ညှစ်စားတာမျိုးလည်း ကပ်ပါးကောင်ကို မသေစေနိုင်ပါ။ အစားအသောက်တွေ ကိုင်တွယ်ရာမှာ လက်ကို ကျကျနန ဆေးပြီးမှ ကိုင်တွယ်သင့်ပါတယ်။ ပြီးတော့ အသားငါးတွေကို လက်အိတ် စွပ်ပြီးတော့လည်း ကိုင်တွယ် ချက်ပြုတ်သင့်ပါတယ်။ ချက်ရင်လည်း ကျက်အောင် ချက်သင့်ပါတယ်။

အကြံပြုချက်
ပိုးဥပိုးကောင် စွဲတဲ့ရောဂါ Gnathostomiasis က မြန်မာနိုင်ငံမှာ အဖြစ်များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေချိုငါးနဲ့ ပုဇွန်တွေကို အစိမ်းစား တတ်ကြလို့ပဲဖြစ်ပါတယ်။ ပြီးတော့ ငါးတွေကို အချဉ်ဖောက်ပြီးတော့လည်း စားတတ်ကြပါတယ်။ ဒီငါးချဉ်၊ ပုဇွန်ချဉ်တွေကိုရော ငါးအစိမ်းစားတာတွေကိုပါ ရှောင်ကြဉ်သင့်ပါတယ်လို့ အကြံပြုပါရစေ။

Ref:
ဒေါက်တာဝင်းအေး (ဆေး-မန်း)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18