Print

ဆီပြွန်ချောင်း ကျဉ်းမြောင်းခြင်း

  02-Dec-2019
Preview Image


ဆီးပြွန်ချောင်းကျဉ်းမြောင်းခြင်းကို အမျိုးသမီးများတွင် တစ်ခါတစ်ရံ တွေ့ရသော်လည်း အမျိုးသားများမှာသာ အများဆုံးကြုံတွေ့ကြရပါတယ်။ ဒီဆီးပြွန်ချောင်း (Urethra) ဟာ ဆီးအိမ်ဝကနေ ဆီးကျိတ်၊ ကြွက်သားပြားအလွှာတွေကိုဖြတ်ပြီး လိင်တံတစ်လျှောက် ဖြတ်သန်းကာ လိင်တံထိပ်ဖူးမှာ အဆုံးသတ်လို့ ခန္ဓာကိုယ်အတွင်းပိုင်းနှင့် အပြင်ပိုင်းမှာရှိနေတဲ့ ခန္ဓာအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ လိင်တံအတိုအရှည်ပေါ်လိုက်ပြီး ဒီဆီးပြွန်ချောင်းဟာလည်း ပျမ်းမျှ ၅ လက်မအထိ ရှည်လျားနေတတ်ပါတယ်။ ဆီးပြွန်ရဲ့ ဘယ်အပိုင်းတွေမှာ ကျဉ်းမြောင်းတတ်သလဲဆိုတော့ ဆီးကျိတ်ကြီးမားနေတဲ့ Benign Prostatic enlargement အသက်ကြီးသူတွေမှာ သာမန်ဆီးကျိတ်ကြီးပြီး ဆီးပြွန်ကို ဖျစ်ညှစ်ထားတဲ့အခါ (သို့) ဆီးကျိတ်ကင်ဆာရောဂါက ဆီးပြွန်ထဲ တိုးဝင်ပြီး ပိတ်ဆို့တဲ့အခါမှာ ဖြစ်တတ်သလို ဆီးအိမ်ထဲ တိုးဝင်ပြီး ကျောက်တည်ရာက လာဆို့လို့၊ ဆီးအိမ်ကင်ဆာက တိုးဝင်အမြစ်တွယ်လို့လည်း ကျဉ်းမြောင်းသွား တတ်ပါတယ်။ ဒီဆီးကျိတ်အပိုင်း ဆီးပြွန်ထဲ စီးဆင်းတဲ့ သုက်ရည်ပြွန်ပိုက်တည်ရှိရာ မို့မောက်နေတဲ့ Venomantanum အဖုလေးက ကြီးမားပိတ်ဆို့ပါကလည်း ဆီးပြွန်ချောင်းဟာ ကျဉ်းမြောင်းသွားတတ်ပါတယ်။

ဆီးပြွန်ကို စမ်းသပ်စစ်ဆေးရာမှာ ကျင်ချောင်းရဲ့ Dilator များ၊ ဆီးအိမ်အတွင်းကြည့် မှန်ပြောင်းချဲ့ Cystoscope များ အသုံးပြုရာတွင် ကြမ်းတမ်းခြင်း၊ အရမ်းထိုးထည့်ခြင်းများ ပြုလုပ်ပါက ဒီဆီးပြွန်ပိုင်းဟာ ဒဏ်ရာဖြစ်ပြီး ကျဉ်းမြောင်းသွားတတ်ပါတယ်။ ကာလသားရောဂါကြောင့် ဆီးပြွန်အတွင်း အမြှေးပါးရောင်ရမ်းကာ ကျဉ်းမြောင်းသွားတာကိုတော့ ဆီးပြွန်ချောင်းတစ်လျှောက် နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဆီးပြွန်ပိုက် Catheter ထည့်ထားတာ ကြာလွန်းပါကလည်း ဒီအမြှေးပါးလေးတွေ ထိခိုက် ပျက်စီးရောင်ရမ်းကာ ကျဉ်းမြောင်းသွားလို့ ဆီးသွားရာမှာ ခက်ခဲပြီး နာကျင်မှု၊ သွေးထွက်မှု၊ ပြည်ယိုစီးမှုများ ဖြစ်ကာ ဆီးမသွားနိုင်ဘဲလည်း ဖြစ်တတ်ပါတယ်။ အဲဒီလို ဆီးပြွန်ကျဉ်းပြီး ရုတ်ခြည်း ဆီးမသွားနိုင်ဘဲ ဆီးတွေ ဆီးအိမ်အတွင်း စုပြုံနေကာ ဆီးအိမ်တင်းပြည့် နာကျင်နေတာကိုတော့ Acute Retention of urine လို့ခေါ်ပြီး အရေးပေါ်အခြေအနေ တစ်ခုဖြစ်ပါတယ်။ လိင်တံထိပ်ဖူးရဲ့ အဝမှာရှိတဲ့ ဆီးပြွန်ချောင်းထိပ်ဝဟာ ဆီးပြွန်တစ်လျှောက်အကျဉ်းဆုံးအပိုင်းဖြစ်ပြီး လမ်းတစ်လျှောက် ဖြတ်သန်းလာနိုင်ပေမယ့် တစ်ခါတစ်ရံ ဒီထိပ်ဝမှာဖြစ်ပြီး ပိတ်ဆို့နေတာဖြစ်ပါတယ်။ Pin hole meatus ခေါ်တဲ့ မွေးရာပါ အခြေအနေမှာတော့ ဒီထိပ်ဝဟာ ပင်အပ်ထိပ်ဖျားလေးလို ကျဉ်းနေလို့ ကလေးဟာ မွေးစကပဲ ဆီးသွားရတာ ခက်ခဲနေတတ်ပါတယ်။ Phimosis ခေါ်တဲ့ လိင်တံထိပ်အရေပြားအပေါက် ကျဉ်းတာနဲ့ မှားယွင်းပြီး အရေပြားဖြတ်ပါကလည်း ဝေဒနာက မပျောက်ဘဲ ဖြစ်တတ်ပါတယ်။ တကယ့်ဆောင်ရွက် ပေးရမှာက ဒီကျဉ်းမြောင်းတဲ့ ဆီးပြွန်ချောင်းထိပ်ကို ချဲ့ပေးလိုက်ရမှာ ဖြစ်ပါတယ်။

ဆီးကျိတ်ကြီးမားပြီး ဆီးပြွန်ကို ကျဉ်းမြောင်းမှုဖြစ်စေတာကိုတော့ အသက် ၅ဝ နဲ့အထက် အမျိုးသားတွေမှာ အတော်များများ တွေ့ရလို့ ဖြစ်ရိုးဖြစ်စဉ် သဘာဝတရားလို့ပင် ဆိုနိုင်ပါတယ်။ တချို့မှာ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာပေမဲ့ တချို့ကတော့ ဘာရောဂါလက္ခဏာမှ မရှိကြပါဘူး။ ဒီရောဂါက အဖြစ်များလွန်းလို့ သီးသန့်ဆွေးနွေးမှာ ဖြစ်ပါတယ်။ သာမန်ဆီးကျိတ်ကြီးထွားမှု၊ ဆီးကျိတ်ကင်ဆာနဲ့ ဆီးကျိတ်ရောင်ရမ်းမှုတွေကတော့ ကြုံတွေ့ရများတဲ့ တရားခံတွေတွေပဲ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရမှုတွေ (မတော်တဆနဲ့ ဆီးလမ်းကြောင်းရောဂါ ကုသရာမှာ အသုံးပြုတဲ့ ကိရိယာတွေကို မဆင်မခြင်အသုံးပြုမှု) ကလည်း အမြင့်မှ ဘားတန်း၊ သစ်ကိုင်းတွေပေါ်မှ ပြုတ်ကျမှု၊ ကား၊ စက်ဘီးတိုက်ခိုက်မှု၊ ချော်လဲမှုတွေမှာ မကြာခဏ တွေ့ကြုံကြပါတယ်။ များသောအားဖြင့် Membranous Urethra အဖြစ်များပြီး ကယ်ပယ်အိတ်နောက်ပိုင်း စအိုရှေ့ပိုင်းတွေမှာ ညိုမည်းဖူးရောင်နေကာ ဆီးတွေ ယိုစီးလို့ ကပ်ပယ်အိတ် ဖောင်းကားနေတတ်ပါတယ်။ ဆီးလည်း သွားမရလို့ ဆီးအိမ်လည်း ဖောင်းတင်းနေပြီး လူနာဟာနာကျင်ပြီး ညည်းညူအော်ဟစ် နေရတတ်ပါတယ်။ ဒီလိုအခြေအနေနဲ့ ကြုံတဲ့အခါမှာလည်း လူနာကို အနာသက်သာပြီး စိတ်ငြိမ်းအေးစေရန် ဆေးများပေးကာ ကျင်ချောင်းဆီးပြွန်ထဲ ထုံဆေးရည်ထည့်ကာ ဆီးပိုက်ကို အသာအယာ ထိုးကြည့်ရပါတယ်။ ဆီးပြွန်ပြတ်မထွက်ဘဲ အနည်းအကျဉ်း စုတ်ပြဲရောင်ကိုင်းနေပါက ကံကောင်းလျှင် အလွယ်တကူ ဆီးအိမ်ထဲအထိ ထိုးဆင်းနိုုင်ပါတယ်။ ထိုသို့ ဆီးပိုက်သွင်းလို့ မရပါက ဆီးအိမ်ထဲက ဆီးတွေကို (Suprapubic Cystostomy) ဆီးခုံကနေ ဖောက်ပြီး စီးဆင်းစေခြင်းဖြင့် ဒဏ်ရာပတ်လည် ဆီးယိုစီးမှုကို ကာကွယ်နိုင်ပြီး ပိုးမဝင်စေရန် ပိုးသတ်ဆေးများ၊ ရောင်ကိုင်းမှုလျော့စေတဲ့ဆေးများပေးပြီး အခြေအနေကောင်းလာစေရန် ကုသပေးပါတယ်။ အခြေအနေကောင်းမှ ဒဏ်ရာရထားသော နေရာကို Urethroscope မှန်ပြောင်းဖြင့် ပြန်ကြည့်ရှုစစ်ဆေးခြင်း၊ အနာနေရာကိုဖွင့်ပြီး ပြတ်ထွက်သွားသော ဆီးပြွန်ကို ပြန်ဆက်စပ်ခွဲစိတ်ပေးခြင်းများကို ပြုလုပ်ပေးခြင်း (သို့) ကျဉ်းမြောင်းနေသော ဆီးပြွန်ကို ပြန်လည်ချဲ့ပေးခြင်း (Dilation) များဖြင့် ကုသပေးကြရပါတယ်။ အချိန်မီ ကုသပါက သက်သာပျောက်ကင်းမှု မြန်ဆန်ပြီး ပြန်လည်ဖြစ်ပေါ်မှုလည်း နည်းပါးတာမို့ရောဂါကို တာရှည်မွေးမထားဘဲ ပြသကုသမှု ခံယူသင့်ပါကြောင်း တိုက်တွန်းအကြံပြုအပ်ပါတယ်။

Credit  : ပါမောက္ခဦးမြသိန်းဟန်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18