Print

အရိုးပွရောဂါ

  27-Feb-2017
Preview Image

 

အရိုးပွရောဂါက အသံတိတ်ရောဂါဖြစ်ပြီး လေးဖက်နာထဲမှာ မပါပေမယ့် သူ့ကိုယ်၌က ဖြစ်လို့ ဖြစ်နေမှန်း မသိရအောင် ဘာလက္ခဏာမှ မပေါ်တတ်ပေမယ့် လူကြီးတွေမှာတော့ ခါးနာတယ်ဆိုပြီး လာရင်သူ့ကို သတိရပါတယ်။ အရိုးပွသက်သက်ဆိုရင်တော့ မနာပါဘူး၊ တစ်ဆင့်ကျော်ပြီး ပွတဲ့အရိုးလေးတွေက ဖိမိလို့ ကျိုးသွားတဲ့အခါ နာတာပါ။ ဒါပေမယ့် သစ်ပင်ပေါ်က ပြုတ်ကျကာ၊ ကားတိုက်တာမျိုးလိုမျိုး ထိမိ၊ ခိုက်မိလည်း မရှိ၊ အိပ်ရာပေါ်လဲအောင်၊ မထောက်နိုင်အောင် နာတာမျိုးလည်း မရှိဆိုတော့ ဓာတ်မှန်ရိုက်ကြည့်ပြီး ခါးရိုးကျိုးသွားတယ်လို့ ပြောရင်တောင် မယုံချင်ကြပါဘူး။ 

 

တကယ်တော့ အရိုးပွနေတဲ့သူမှာ သိပ်ထိခိုက်မိဖို့ မလိုဘဲ လှေကားထစ်ကဆင်းရင် အထစ်ချော်သွားလို့ နင့်ခနဲဖြစ်သွားတာ၊ အလေးအပင်တစ်ခုကို ကုန်းမလိုက်တာနဲ့ နောက်ဆုံး အနင်း၊ အနှိပ်ခံရင်းတောင် မခိုင်တဲ့အရိုးက ကျိုးတတ်တာမို့ သတိထားဖို့ လိုပါတယ်။ အရိုးပွရောဂါက ခါးရိုးကျိုးတဲ့အပြင် ပေါင်ကျိုးတာ၊ လက်ကောက် ဝတ်ကျိုးတာတွေနဲ့လည်း လာပါတယ်။ ပေါင်ကျိုးတာမှာလည်း ပြင်းပြင်းထန်ထန် ထိခိုက်မိတာမရှိဘဲ ရေချိုးခန်းထဲမှာ ချော်လဲတာ၊ ခုတင်ပေါ်က ပြုတ်ကျတာလောက်နှင့်ကို ကျိုးတတ်တာပါ။ ငယ်ငယ်တုန်းကတော့ ပုခက်ထဲက ပြုတ်ကျ၊ လှေကားလေးငါးထစ်က ချော်ကျလည်း ဖူးရောင်၊ အာလူးသီးထွက်ရုံလောက်နဲ့ ပြီးသွားတာပေါ့။ ကြီးလာတော့ အရိုးတွေက ပွလာပြီး လုံလောက်တဲ့ အားမသက်ရောက်ဘဲနှင့်တောင် လွယ်လွယ်နဲ့ ကျိုးတတ်လာပါသည်။ ခါးရိုးတွေဆို တစ်ဆစ်ပြီးတစ်ဆစ် ဖိမိ၊ ပြားလာ၊ ကျိုးလာလိုက်ရင်းနှင့် ခါးက တဖြည်းဖြည်းပုံပျက်ပြီး ငိုက်လာ၊ ကိုင်းလာတာကို သတိမထားမိဘဲ အသက်ကြီးလို့ ခါးကုန်းလာတယ်လို့လည်း ပြောနေကြပါတယ်။ တကယ်က အရိုးပွရောဂါကြောင့် အရိုးတွေကျိုးနေတာပါ။

 

အသက်ကြီးတဲ့သူတိုင်းမှာ ရှောင်လွှဲလို့ မရဘဲ ကျိုးရမယ်လို့တော့ မဟုတ်ပါဘူး။ ကြိုသိ၊ ကြိုဆင်ခြင်၊ ကြိုရှာ၊ ကြိုကုရင်တော့ ကာကွယ်နိုင်တဲ့ရောဂါပါ။ သွေးဆုံးသွားတဲ့အခါ အီစတိုဂျင်ဆိုတဲ့ "မ"ဟော်မုန်းက နည်းသွားပါတယ်။ 'မ'ဟော်မုန်းက အရိုးဖြစ်ထွန်းမှုကို အားပေးတဲ့အတွက် သူနည်းသွားတဲ့အခါ အရိုးပျက်စီးမှုက ဖြစ်ထွန်းမှုထက် များသွားပြီး အရိုးတွေ ပွလာတာဖြစ်ပါတယ်။ ဒီနေရာမှာလည်း သွေးဆုံးတဲ့အချိန်မှာ အရိုးလက်ကျန်များရင် အပျက်အစီးများပေမယ့် တော်တော်ကြာကြာအထိ တောင့်ခံနိုင်ပြီး မကျိုးဘူးပေါ့။ ဒါကို "Peak Bone Mass" အရိုးအထူဆုံးအခြေအနေလို့ ဆိုပါတယ်။ ဘဏ်ထဲမှာ စုငွေပမာဏများရင် တော်ရုံသုံးပေမယ့် တော်တော်နဲ့ မကုန်သလိုပေါ့။ အသက် ၄၀ နှင့် ၅၀ ကြားမှာ အရိုးအထူဆုံး အခြေအနေရောက်ဖို့က ကလေးဘဝ၊ လူငယ်ဘဝကတည်းက အနေအထိုင်၊ အစားအသောက်နဲ့ ဆိုင်ပါတယ်။ အရိုးဖြစ်ဖို့ လိုမယ့် ထုံးဓာတ်၊ ဗီတာမင်ဒီ ဓာတ်၊ ကော်လဂျင်ဓာတ် ပရိုတင်းဓာတ်တွေ လုံလောက်အောင် စားဖို့လိုပါတယ်။ ကြက်ဥ၊ နို့၊ နေရောင်တွေက အရေးကြီးတာပေါ့။

 

နေရောင်က မြန်မာပြည်မှာ ပေါတယ်ဆိုပေမယ့် ခုခေတ်ကလေးတွေ မိုးလင်းမိုးချုပ် ကျူရှင်တက်၊ အခန်းထဲ အောင်းပြီး ကွန်ပြူတာဂိမ်းဆော့နေကြတာနဲ့ ကျွန်တော်တို့ ငယ်ငယ်ကလို လမ်းပေါ်ထွက်၊ ဘောလုံးကစားချိန်၊ စိန်ပြေးတမ်းဆော့ချိန်တွေ မရှိကြ၊ အချိန်ရှိတောင် လုပ်ဖို့လည်း ခေတ်မစားကြတာကြောင့် နေရောင်ရော၊ လှုပ်ရှားမှုရော မလုံလောက်ကြပါဘူး။ ဆရာဝန်တွေထဲမှာတောင် ဟိုကိုက်၊ ဒီနာဖြစ်လို့ စစ်ဆေးကြည့် လိုက်ရင် ဗီတာမင်ဒီ နည်းနေတာ မရှားပါဘူး။နို့သောက်တာလည်း မြန်မာပြည်မှာ အင်မတန် နည်းပါးတယ်။ နိုင်ငံခြားမှာတော့ မနက်မိုးလင်းရင် သတင်းစာပို့သလို နို့ပုလင်းကိုလည်း အိမ်ရှေ့မှာ လာချထားအောင် မှာလို့ရလေ့ရှိတာမို့ လူတိုင်းလိုလို တစ်နေ့တစ်ခွက် သောက်ဖြစ်ကြပါတယ်။ ဒီမှာတော့ နို့ရောင်းတဲ့နေရာမှာ တခုတ်တရ သွားဝယ်သောက် ရင်တောင် ရေရောတာ၊ ဆေးသကြားနဲ့ ဓာတုပစ္စည်းတွေ ရောတာတွေ ကြောက်ရတာ၊ စနစ်တကျ ပိုးသတ်မထားလို့ တီဘီကူးမှာစိုးရတာတွေနဲ့ မသောက်ဖြစ်ကြပါဘူး။ ရွာမှာနေလို့ အိမ်မှာ နွားမွေးထားရင်တောင် နွားနို့တော့ ညှစ်သောက်ခဲကြပါတယ်။ ဒီတော့ လူကြီးတွေ ကိုက်ခဲတယ်ဆိုရင် အရိုးပွရောဂါကို သတိထားဖို့လိုပါတယ်။ 

 

Healthcare.com.mm
Ref:
ပါမောက္ခဦးချစ်စိုး
(အရိုး၊ အကြော၊ အဆစ်အထူးကုဆရာဝန်ကြီး)
Ziwaka magazine/ January 2015, Pg. 53-54

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18