Print

ကာကွယ်နိုင်သော ခံတွင်းကင်ဆာရောဂါ

  27-Feb-2017
Preview Image

 

ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်ဆိုသော စကားရှိပါတယ်။ ခံတွင်းကင်ဆာရောဂါကို မဖြစ်မီကြိုတင်ကာကွယ်ပါက ဖြစ်မှကုသခြင်းထက် ပိုမိုထိရောက်ပါသည်။ အမေရိကန်နိုင်ငံတွင် ခံတွင်း ကင်ဆာရောဂါသည် အမျိုးသမီးသားအိမ်ခေါင်းကင်ဆာထက် (၃) ဆရှိသည်ကို စာရင်းဇယားများက ဆိုသည်။ ခံတွင်းကင်ဆာဖြစ်စေသော အကြောင်းအရင်းများတွင် ဆေးလိပ်သောက်ခြင်းနှင့် အရက်သေစာသောက်ခြင်း တို့က ရှေ့တန်းမှ နေရာယူထားသည်။ ဆေးငုံခြင်း၊ ကွမ်းစားရာတွင် ဆေးရွက်ကြီး ထည့်ခြင်းသည်လည်း မကောင်းသော အလေ့အကျင့်များဖြစ်သည်။ ဆေးလိပ်သောက်ခြင်းသည် ခံတွင်းကင်ဆာအပြင် အဆုတ်ကင်ဆာနှင့် အခြားအဆုတ်ရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါ
များလည်း ဖြစ်ပွားစေသည်။ 

 

အရက်သေစာစားသောက်ခြင်း အလေ့အကျင့်သည် လူသားများကို ရောဂါများစွာ ဖြစ်ပွားစေသော်လည်း အချို့လူများက ဆက်လက်သောက်သုံးကြဆဲ ဖြစ်သည်။ ခံတွင်းကင်ဆာအပြင် အသည်းရောဂါ၊ အသည်းကင်ဆာ၊ အစာအိမ်ရောဂါနဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါများသည် အရက်ကြောင့် ဖြစ်သည်ဟု သုတေသနပြုသူများကဆိုသည်။ ပါးစပ်အတွင်း၌ Ulcer ဟုခေါ်သော အနာလေးများ မကြာခဏပေါက်ခြင်းကို Auto Immune ရောဂါကြောင့် ဖြစ်သည်ဟုဆိုသည်။ ထိုအနာများသည် (၃) ရက်မှ တစ်ပတ်အတွင်း အလိုအလျောက် ပျောက်သွားတတ်သည်။ ထိုအနာမျိုး တစ်လထက်ကြာပြီး အရွယ်တစ်စင်တီမီတာထက် ကြီးလာလျှင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်၊ သွားဆရာဝန်များနှင့် ပြသရန် လိုအပ်ပါသည်။ ပါးစပ်အတွင်း၌ ချွန်ထက်သော သွားများ၊ မကောင်းသော စိုက်သွားများလည်း ထိုအနာမျိုးကို ပိုမိုဆိုးရွားစေနိုင်ပြီး ရက်ကြာကြာ ဖြစ်စေနိုင်သည်။ ပါးစပ်အတွင်း၌ အနာရက် ကြာရှည်ဖြစ်ခြင်း Chronic Ulceration သည် ခံတွင်းကင်ဆာဖြစ်ရန် အခွင့်အလမ်း ပိုများစေသည်။

 

မျိုးရိုးဗီဇသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။ မိမိ၏ မျိုးရိုးတွင်း ခံတွင်းကင်ဆာ ဖြစ်ဖူးသူများရှိပါက သတိထားရန်နှင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။ Pre-cancerous Lesion ဖြစ်သည့် Leukoplakia, Erythroplakia, Licken Planus, ဆေးလိပ် သောက်ခြင်းကြောင့် ဖြစ်တတ်သော အနာနှင့် ဆစ်ဖလစ်ရောဂါသည်များသည် ခံတွင်းကင်ဆာရောဂါ၏ ရှေ့ပြေးလက္ခဏာများဖြစ်သည်။ ယခုအခါ Human Papilloma Virus ကြောင့်လည်း ခံတွင်းကင်ဆာဖြစ်နိုင်သည်ဟု ဆိုသည်။ လူအများစု ကြောက်ကြ သည့် AIDS ရောဂါကြောင့်လည်း ခံတွင်းကင်ဆာ ပိုမိုဖြစ်ပွားနိုင်သောကြောင့် AIDS ရောဂါကိုလည်း သတိထားရန် လိုအပ်ပါသည်။ 

 

နေရောင်ခြည်နှင့် ထိတွေ့ခြင်းသည်လည်း ခံတွင်းကင်ဆာဖြစ်ပွားစေသော အကြောင်းအရင်းတစ်ခု ဖြစ်သည်။ နေရောင်ခြည်ကို အသားမည်းသော လူမျိုးများက ပိုမိုခံနိုင်ရည်ရှိသဖြင့် အသားဖြူသည့် လူမျိုးများက နေရောင်ခြည်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည် ဒဏ်ကြောင့် ခံတွင်းကင်ဆာ ပိုမိုဖြစ်ပွားစေနိုင်သည်။ အထူးသဖြင့် အပေါ်နှုတ်ခမ်းထက် အောက်နှုတ်ခမ်းက ပိုမိုအဖြစ်များသည်။ အသက်ကြီးသူများတွင် ခံတွင်းကင်ဆာဖြစ်ရန် အခွင့်အလမ်းပိုများသည်။ ထို့ကြောင့် အသက် (၄ဝ) နှစ်နှင့် အထက်တွင် ကင်ဆာရောဂါ ရှိ၊ မရှိ စစ်ဆေးရန် Cancer Screening လုပ်ရန် လိုအပ်သည်။ အသက်ကြီး၍ ဆေးလိပ်နှင့် အရက်သောက်သုံးသူများသည် ပို၍အန္တရာယ်ရှိတတ်သည်။ 

 

ကျွန်ုပ်တို့၏ ခံတွင်း (ပါးစပ်) အတွင်း၌ မွေးရာပါမှဲ့များသည် အရောင်ပြောင်းလဲလာခြင်း၊ အရွယ်အစား ကြီးလာခြင်းတို့သည် အရေးကြီးသော အချက်တစ်ခုဖြစ်သည်။ ထိုသို့ ဖြစ်ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပြသင့်ပါသည်။ ခံတွင်းသန့်ရှင်းခြင်း Oral Hygeine သည် ခံတွင်းကင်ဆာရောဂါ ကာကွယ်ရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ခံတွင်းသန့်ရှင်းရေး ည့ံဖျင်းပါက အထူးသဖြင့် ခံတွင်းကျောက်များ Calculus များက သွားဖုံးရောဂါ၊ ရေစီကမ်းပြိုရောဂါနှင့် ခံတွင်းကင်ဆာရောဂါ ဖြစ်ပွားနိုင်သည်။  ခံတွင်းကင်ဆာရောဂါကို Pap Smear ကဲ့သို့ Exfoliative Cytology, Brush Biopsy, Liquid Cytology နှင့် Surgical Biopsy နည်းတို့ဖြင့် အသေအချာ အတည်ပြုခွင့်ပေးနိုင်သည်။ အချုပ်အားဖြင့်ဆိုသော် ခံတွင်းကင်ဆာသည် ကြိုတင်ကာကွယ်၍ ရနိုင်သောရောဂါဖြစ်သည်။ သို့ဖြစ်ပါ၍ ခံတွင်းကင်ဆာမဖြစ်ရန် အောက်ပါနည်းလမ်းများဖြင့် ကာကွယ်နိုင်ပါသည်။ 

 

(၁) အသက် (၄ဝ) ကျော်သူများသည် မျိုးရိုး၌ ခံတွင်းကင်ဆာ ရောဂါရှိဖူးသူများဖြစ်ပါက ခံတွင်းကင်ဆာ ရှိ၊ မရှိ စစ်ဆေးခြင်း ပြုလုပ်ရန် လိုအပ်ပါသည်။

(၂) အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးငုံခြင်းတို့ကို အမြန်ဆုံးရပ်ဆိုင်း၍ ခံတွင်းကင်ဆာ မဖြစ်အောင် ကာကွယ်သင့်သည်။ 

(၃) ပါးစပ်အတွင်း မကြာခဏ အနာပေါက်တတ်သူများသည် ရက်ကြာရှည် ဖြစ်နေပါက နီးစပ်ရာ ဆရာဝန်၊ သွားဆရာများနှင့် ပြသတိုင်ပင်ပါ။

(၄) လိင်ဆက်ဆံခြင်းကြောင့် ရရှိတတ်သော ရောဂါများကို Safe Sex နည်းလမ်းများဖြင့်ကာကွယ်ပါ။

(၅) နေရောင်ခြည်နှင့် အချိန်ကြာကြာ ထိတွေ့မှုကို ရှောင်ကြဉ်ပါ။

(၆) မိမိ၏ ခံတွင်းသန့်ရှင်းကို ဂရုစိုက်၍ (၆) လတစ်ကြိမ် ခံတွင်းသန့်ရှင်းခြင်း၊ Regular Check-up ပုံမှန်စစ်ဆေးခြင်းများ ပြုလုပ်ခြင်း၊ ချွန်ထက်နေသော သွားများနှင့် စိုက်သွားများရှိပါက ကြိုတင် ကာကွယ်နိုင်ကြောင်း ရေးသားလိုက်ရပါသည်။ 

 

Healthcare.com.mm

Ref: ဒေါက်တာတင်လတ်
Health for all magazine, July 2014, Pg.75-76



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18