Print

ခြေ၊ လက်တွင်းရှိ သွေးလွှတ်ကြောရောဂါများ

  27-Feb-2017
Preview Image

 

ခန္ဓာကိုယ်ရဲ့ ပင်မသွေးလွှတ်ကြောမှာ ရောဂါဖြစ်ရင် လူကို ရုတ်တရက် သေစေနိုင်ပေမဲ့ လက်၊ ခြေတွေမှာဖြစ်ရင် လူကို ရုတ်တရက် မသေပေမဲ့ ဝေဒနာကို လနဲ့ချီပြီး ခံစားရတတ်ပါတယ်။ ပြီးမှ လက်တွေ၊ ခြေထောက်တွေ ဖြတ်ပစ်လိုက်တာတွေ ရှိတတ်ပြီး မသန်စွမ်းဘဝကို ရောက်သွားတတ်ပါတယ်။  အဖြစ်အများဆုံးရောဂါကတော့ သွေးကြောပိတ်ဆို့ခြင်းကြောင့်ဖြစ်ပြီး အဖြစ်နည်းတာတွေကတော့ ခဲနေတဲ့ သွေးက တစ်နေရာကို ရောက်ရှိခြင်း၊ သွေးကြောရောင်ရမ်း ခြင်း Raynaud ရောဂါနဲ့ နှင်းကိုက်ခြင်းရောဂါတွေ ဖြစ်ပါတယ်။ ယောကျ်ားတွေမှာ  အဖြစ်များတယ်။ အသက် ၅၀ ကျော်တဲ့သူ၊ ဆေးလိပ်သောက်သူတွေမှာ ပိုဖြစ်ပါတယ်။လက်နဲ့ခြေထောက်ကို ကြည့်မယ်ဆိုရင် ခြေထောက်မှာ ပိုဖြစ်တတ်ပါတယ်။ လမ်းကြာကြာ လျှောက်လို့မရပါဘူး။

 

ခြေသလုံးကြွက်သား၊ တင်ပါးကြွက်သားတွေနာမယ်။ နားလိုက်ရင် သက်သာသွားတယ်၊ ခြေထောက်တွေကိုသွားတဲ့ သွေးက နှေးကွေးမယ်၊ ဒါမှမဟုတ် သွေးမလျှောက်တာမျိုး ဖြစ်နိုင်ပါတယ်။ လူနာကိုယ်တိုင်က သူ့ခြေထောက်တွေ အေးနေတာ၊ အရောင်ပြောင်းသွားတာ (ပြာနှမ်းနှမ်းဖြစ်လာ) ကို သတိထားမိလာမယ်၊ ပိုဆိုးလာရင် ဘယ်မှမသွားဘဲနှင့် ခြေထောက်တွေ ကိုက်လာမယ်၊ လူနာဟာ ညဘက်ဆိုရင် ခုတင်ဘေး
ခြေထောက်တွဲလောင်းချပြီးအိပ်မှ သက်သာသလိုရှိလာပါတယ်။ ခြေထောက်ရဲ့ အမွေးအမျှင်မပေါက်ဘူး၊ အနာဖြစ်မယ်၊ ခြေချောင်းတစ်ခု ဒါမှမဟုတ် ခြေချောင်းများမှာ ပုပ်နေတာကို တွေ့ရပါမယ်။ ခြေဖျားမှခြေချင်းဝတ်ပြီး ခြေသလုံး ဒူးခေါင်းစသဖြင့် ပိုပြီး ဆိုးလာပါလိမ့်မယ်။ အဲဒီကနေမှ အနံ့ဆိုးထွက်လာ ပါလိမ့်မယ်။

 

သွေးကြောပိတ်နေရင် ခြေကျင်းဝတ်နားမှာ စမ်းမရတာတွေ ဖြစ်တတ်ပါတယ်။ Doppler Ultrasound ရိုက်ရင် ပိတ်နေတဲ့နေရာကို သိနိုင်တဲ့အပြင် Angiogram လို့ခေါ်တဲ့ သွေးလွှတ်ကြောကို ဓာတ်မှန်ရိုက်လို့ သိနိုင်ပါတယ်။ ဗိုက်မှာလည်း Ultrasound ရိုက်ပြီး သွေးကြောတွင် ပိတ်နေခြင်းနှင့် သွေးလွှတ်ကြောမ ဖောင်းကားရောဂါရှိ၊ မရှိ ရှာဖွေနိုင်ပါတယ်။ မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါပဲ။ဆေးလိပ်လုံးဝဖြတ်ပါ။ သွေးကြောပိတ်စေတဲ့ အကြောင်းတရားတွေကို ရှောင်ပါ။ အဝလွန်နေရင် ကိုယ်အလေးချိန်ချပါ။ သွေးကြော ကျန်းမာစေမယ့်ဆေးတွေကို ဆက်လက်မသုံးစွဲရ၊ ဆီးချိုသွေးတိုးရှိနေလျှင် ထိရောက်စွာ ကုသမှုခံယူပါ။ လေ့ကျင့်ခန်း များများလုပ်ပါ။ ဒါမှ သွေးလမ်းကြောင်း ပွင့်လာမည်။ ထိခိုက်ဒဏ်ရာ မရှိအောင် ဆင်ခြင်နေထိုင်ပါ။ သွေးကြောပွင့်စေတဲ့ ဆေးဝါးနဲ့ သွေးမခဲစေတဲ့ဆေးများဟာထင်သလောက် မသက်သာစေနိုင်ပါ။

 

Healthcare.com.mm
Ref:
အေးကမ္ဘာဒေါက်တာချစ်
ကျန်းမာရေးလိုတိုရှင်း စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18