Print

အူမကြီးကင်ဆာ၏ ရောဂါလက္ခဏာများ

  27-Feb-2017
Preview Image

အူမကြီးကင်ဆာ၏ ရောဂါလက္ခဏာများ
အူမကြီးကင်ဆာသည် အသက် ၅၀ ကျော်တွင် အများဆုံးဖြစ်ပွားသည်။ အူမကြီးကင်ဆာဖြစ်ပွားလျှင် ဝမ်းသွားသည့် အမူအကျင့် ပြောင်းလဲလာသည်။ ကြာရှည် ဝမ်းချုပ်နိုင်သလို၊ ကြာရှည် ဝမ်းပျက်နိုင်သည်။ ပျက်လိုက်ချုပ်လိုက် ဖြစ်နေတတ်ပါသည်။ ဝမ်းသွားသည့်အခါ ဝမ်းသွား၍ မပြီးသကဲ့သို့ ခံစားရသည်။ ဝမ်းသွားရာ၌ အချွဲ၊ သွေးတို့ ပါနိုင်သည်။

ဗိုက်ပြည့်ခြင်း၊ ဗိုက်အောင့်ခြင်း၊ လေပွခြင်းတို့ ဖြစ်နိုင်သည်။ ဗိုက်တွင် အလုံးကို စမ်းသပ်မိနိုင်သည်။ လူနာသည် မောပန်းနွမ်းနယ်မှုကို ခံစားရပြီး၊ ကိုယ်အလေးချိန် လည်း လျော့ကျနိုင်သည်။ အူမကြီးကင်ဆာသည် ဝမ်းခေါင်းဘယ်ဘက်ပိုင်း ရှိ အောက်ဘက်ဆင်းသည့် အပိုင်း (descending colon) တွင် အဖြစ်များသည်။

ယင်းနေရာတွင် ၅၀ ရာခိုင်နှုန်း ဖြစ်ပွားသည်။ အခြား ဖြစ်ပွားသည့် နေရာမှာ စအိုအတွင်းပိုင်း ဖြစ်သည်။ ဝမ်းဗိုက်ဘယ်ဘက်ရှိ အူမကြီးကင်ဆာနှင့် ညာဘက်ပိုင်းရှိ အူမကြီးကင်ဆာတို့သည် ရောဂါလက္ခဏာချင်း မတူချေ။ ဘယ်ဘက်ပိုင်းတွင် ဖြစ်သည့် အူမကြီးကင်ဆာကြောင့် စအိုမှ ချွဲနှင့်သွေးတို့ ထွက်သည်။ ကင်ဆာကြောင့် အူကျဉ်းသွားသဖြင့် ဝမ်းချုပ်လာသည်။ ထို့နောက် အူပိတ်ပြီး ဝမ်းလုံးဝ မသွားခြင်း၊ ဗိုက်ဖောင်းခြင်း၊ လေမလည်ခြင်း၊ အန်ခြင်းတို့ ဖြစ်သည်။

ဘယ်ဘက်ပိုင်းတွင် အူမကြီးကင်ဆာဖြစ်လျှင် လူနာသည် တဖြည်းဖြည်း နေထိုင် မကောင်းမှုကို ခံစားရခြင်း၊ ကင်ဆာမှ သွေးကြာရှည်ထွက်သဖြင့် ဖြူဖပ်ဖြူရော်ဖြစ်ကာ ရင်တုန်ခြင်း စသည့် သွေးအားနည်း ရောဂါ လက္ခဏာများ ပေါ်လာခြင်း၊ ခံတွင်းပျက်ခြင်း၊ ပိန်လာခြင်း၊ ဝမ်းဗိုက်ညာဘက်၌ အလုံးစမ်းမိခြင်း၊ ထို့နောက် အူပိတ်ခြင်း၊ အူပေါက်ခြင်းတို့ ဖြစ်လာနိုင်သည်။

စအိုလမ်းကြောင်းတွင် ကင်ဆာဖြစ်လျှင် စအိုမှ သွေးနှင့်ချွဲ ကျခြင်း၊ ဝမ်းသွားသည့် အခါ ချွဲများသာသွားခြင်းတို့ ဖြစ်နိုင်သည်။ အူမကြီးကင်ဆာသည် သွေးပြန်ကြောမှတစ်ဆင့် အသည်း၊ အဆုတ်၊ ဦးနှောက်၊ အရေပြား၊ အရိုးများသို့ ပျံ့နှံ့တတ်သည်။

အသည်းသို့ပျံ့နှံ့လျှင် အသည်းကင်ဆာ ဖြစ်သည်။ ယင်းသို့ဖြစ်ပေါ်မှုမှာ တစ်ခါတစ်ရံ မူလ အူမကြီးကင်ဆာဖြစ်မှု စတင်ချိန်၊ အူမကြီးကင်ဆာ၏ လက္ခဏာများ ပြသမှု မရှိသေး သည့်အချိန်တွင် ဖြစ်ပွားတတ်သည်။ ထိုအခါ အသည်းကြီးခြင်း၊ ရေဖျဉ်းစွဲခြင်းတို့ကို ခံစားရသည်။ အူမကြီးကင်ဆာသည် ပုံစံ ၄ မျိုးဖြင့် ဖြစ်ပွားနိုင်သည်။ ကွင်းပုံ (annular)၊ ပြွန်ပုံ (tubular)၊ အနာပုံ (ulcer) နှင့် ပန်းဂေါ်ဖီပုံ (cauliflower) တို့ဖြစ်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအောင်သန်း
အဖြစ်များသော ကင်ဆာရောဂါများ စာအုပ်မှကောက်နှုတ်ထားပါသည်။

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18