Print

Encephalitis ( ဦးနှောက်ရောင်ခြင်း)

  27-Feb-2017
Preview Image

Encephalitis ( ဦးနှောက်ရောင်ခြင်း)
ဦးနှောက်ရောင်ခြင်း (Encephalitis)မှာ အများအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်
ဖြစ်သော ရောဂါ ဖြစ်သည်။ အလွန် ပြင်းထန်ပါက အသက်အန္တရာယ် ဆုံးရှုုံးသည် အထိ ဖြစ်နို်င်သောကြောင့် အချိန်မီ ကုသမှု ခံယူရန် လိုအပ်သည်။

 

လက္ခဏာများ
- အများစုတွင် သာမန် ဖျားနာခြင်းနှင့် ဆင်တူသော လက္ခဏာများ ဖြစ်သည့်
• ခေါင်းကိုက်ခြင်း
• ဖျားနာခြင်း
• ကြွက်သားများ နာကျင်ကိုက်ခဲခြင်းနှင့်
• မောပန်း နွမ်းနယ်ခြင်းတို့လောက်ကိုသာ တွေ့ရတတ်သည်။
အချို့တွင်မူ မည်သည့် လက္ခဏာများကိုမှ ပြလေ့မရှိပေ။

ပြင်းထန်သော အခြေအနေများတွင်မူ -

• ထင်ယောင်ထင်မှား ဖြစ်ခြင်း၊ စိတ်တိုခြင်း၊ စိတ်ဝေဝါးခြင်း
• တက်ခြင်း
• အချို့သော ခန္ဒာကိုယ် အစိတ်အပိုင်းများတွင် အာရုံကို မခံစားနိုင်တော့ခြင်း
• မလှုပ်ရှားနိုင်ခြင်း
• ကြွက်သားများ အားနည်းခြင်း
• နှစ်ထပ် မြင်ခြင်း
• ကြက်ဥပုပ်နံ့ ကဲ့သို့သော အန့ံများ အလိုလို ရနေခြင်း
• စကားပြောရာနှင့် အကြားအာရုံတို့တွင် ချို့ယွင်းခြင်း
• သတိမေ့မြောသွားခြင်း တို့ကို ကြုံတွေ့ရနိုင်သည်။

ကလေးများတွင်မူ -

• ငယ်ထိပ် ဖောင်းလာခြင်း
• ပျို့ခြင်း၊ အန်ခြင်း
• တစ်ကိုယ်လုံး တောင့်တင်းလာခြင်း
• ချော့၍ မတိတ်အောင် ငိုခြင်း
• နို့မစို့ခြင်း၊ အစားမစားခြင်း
• ဂျီကျခြင်းတို့ ဖြစ်တတ်သည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ
- အများအားဖြင့် ရေယုန်ရောဂါပိုး ( Herpes simplex virus ) ၊ Ebstein-Barr virus ၊ ပိုလီယို ရောဂါပိုး (Polio virus)၊ Coxsackie virus ၊ ခြင်မှ တဆင့် ကူးစက်သော အချို့သော ဗိုင်းရပ်စ်ပိုးများ၊ မွှားကောင် မှတဆင့် ကူးစက်သော ဗိုင်းရပ်စ်ပိုး၊ ခွေးရူးပြန် ဗိုင်းရပ်စ် ( Rabies ) နှင့် ကလေးများတွင် ဖြစ်ပွားလေ့ရှိသော ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားတတ်သည်။

- ဘတ်တီးရီးယားပိုးနှင့် အခြားသော အကြောင်းအရာများကြောင့် ဖြစ်တတ်သည်။

 

ဖြစ်နိုင်ချေ များသူများ
- ကလေးငယ်များနှင့် အသက်အရွယ်ကြီးသူများတွင် အဖြစ်များသည်။ ရေယုန် ဗိုင်းရပ်စ်ပိုး (Herpes simplex virus) ကြောင့် ဖြစ်သော ဦးနှောက်ရောင်ခြင်းမှာ အသက် ၂၀ နှင့် ၄၀ ကြားတွင် အဖြစ်များသည်။

- ကိုယ်ခံအား ကျနေသော သူများ ( ဥပမာ - ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဖြစ်နေသူများ၊ ကိုယ်ခံအားကို ချပေးသော ဆေးများ သောက်နေရ သူများ) နှင့် ခြင်နှင့် မွှားကောင်များ ပေါများသော နေရာတွင် နေသူများတွင် အဖြစ်များသည်။

 

နောက်ဆက်တွဲ ပြဿနာများ
အများစုမှာ လက္ခဏာ အနည်းငယ်သာ ပြပြီး ရက်သတ္တပတ် အတွင်းတွင် ပျောက် ကင်းသွားတတ်ပြီး နောက်ဆက်တွဲ ပြဿနာများ မကြုံတွေ့ရတတ်ပေ။ အလွန် ပြင်းထန်သော အခြေအနေများတွင် ဦးနှောက် ထိခိုက်ပြီး မေ့မြောသွားခြင်းနှင့် အသက် ဆုံးရှုံးသည် အထိ ဖြစ်နိုင်သည်။

ထို့ပြင် ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ မှတ်ဉာဏ်များ ပျက်စီးခြင်း၊ ကိုယ်တစ်ခြမ်း သို့မဟုတ် ကိုယ်တစ်ပိုင်း မလှုပ်ရှားနိုင်တော့ခြင်း၊ အကြားနှင့် အမြင် အာရုံဆိုင်ရာများ ချို့ယွင်းခြင်း၊ စကားပြော မပီသခြင်း တို့ကိုလဲ ကြုံတွေ့ရနိုင်သည်။

 

စစ်ဆေးမှုများ
ဆရာဝန်နှင့် ပြသကာ ရောဂါ ရာဇဝင် မေးခြင်းနှင့် လိုအပ်သော စမ်းသပ်မှုများ ပြု လုပ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

စစ်ဆေးမှုများ အနေဖြင့် -

• ဦးနှောက် ဓာတ်မှန်ရိုက်ခြင်း
• ခါးရိုးချဉ်ဆီ ဖောက်၍ စစ်ဆေးခြင်း
• EEG ရိုက်ခြင်း
• ဦးနှောက် အတွင်းမှ အသားစယူ စစ်ဆေးခြင်း တို့ကို ပြုလုပ်နို်င်သည်။

 

ကုသခြင်း
ရောဂါ လက္ခဏာများ ဖြစ်သော ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်းတို့ကို သက်သာစေရန် အနားယူခြင်း၊ အရည်များများ သောက်ခြင်း၊ အကိုက်အခဲ ပျောက်ဆေးများ သောက်ခြင်း တို့ကို ပြုလုပ်နို်င်သည်။ ထို့ပြင် ဆရာဝန်၏ ညွှန်ကြားချက် အတိုင်း ဗိုင်းရပ်စ် ပိုးသတ်ဆေး များကို သောက်နိုင်ပါသည်။

အလွန် ပြင်းထန်သော အခြေအနေများတွင်မူ -

• ဆေးရုံ တက်ရောက်ကာ အသက်ရှူစက်၏ အကူအညီကို ယူရခြင်း
• လိုအပ်သော သတ္ထုဓာတ်များကို သွေးကြော အတွင်းသို့ တိုက်ရိုက် သွင်းပေးရခြင်း
• ရောင်ရမ်းမှုကို သက်သာစေသော ဆေးများ သုံးခြင်း
• အတက်ကျ ဆေးများ သုံးခြင်း တို့ကို ပြုလုပ်နိုင်သည်။

 

ကာကွယ်ခြင်း
ဗိုင်းရပ်စ် ရောဂါပိုးကို ကာကွယ်ရန် အကောင်းဆုံး နည်းလမ်းမှာ -

• လက် မကြာခဏ ဆေးကြောခြင်း၊ သန့်ရှင်းအောင် ထားခြင်း
• အစားအစာနှင့် အိုးခွက် ပန်းကန်များကို အများနှင့် ရောနှော၍ အသုံး မပြုခြင်း
• ခြင်နှင့် မွှားများ အကိုက် မခံရအောင် ကာကွယ်ခြင်း
• ကလေးများတွင် အဖြစ်များသော ဗိုင်းရပ်စ်ပိုးများအတွက် ကာကွယ်ဆေး ထိုးခြင်း တို့ကို ပြုလုပ်နိုင်သည်။

 

Lei
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref; Mayo Clinic

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18