Print

ဆီးကျိတ်ကင်ဆာ

  27-Feb-2017
Preview Image

 

ဆီးကျိတ် (Prostate gland) သည် အမျိုးသားများတွင်သာရှိသည့် ဂလင်းခေါ် အကျိတ် တစ်ခု ဖြစ်သည်။ ဆီးအိမ်၏ အခြေ၌ တည်ရှိသည်။ သစ်ကြားသီးအရွယ်ခန့် ရှိသည်။ ဆီးကျိတ်သည် အမျိုးသား၏ သုက်တွင်ပါဝင်သည့် အရည်ကြည်ကို ထုတ်ပေးသည်။ ဆီးကျိတ်သည် အသက်ကြီးလာသည့်အခါ ကြီးလာလေ့ရှိသည်။ ဆီးကျိတ်ကြီးတိုင်း ရောဂါလက္ခဏာများ မပေါ်ပေါက်ချေ။ ဆီးကျိတ်ကြီးသူတို့၏ တစ်ဝက်ခန့်တွင်သာ ဝေဒနာကို ခံစားရနိုင်သည်။ 

 

ဖြစ်ပွားမှု
ဆီးကျိတ်ကင်ဆာသည် ကမ္ဘာပေါ်တွင် ဖြစ်ပွားမှုအများဆုံးသော ကင်ဆာ ၅ မျိုးအနက် တစ်ခုအပါအဝင်ဖြစ်သည်။ အာရှတိုက်တွင် ဆီးကျိတ်ကင်ဆာ အဖြစ်နည်းသည်။ အသက်ကြီးလေ ဆီးကျိတ်ကင်ဆာဖြစ်ပွားနှုန်း မြင့်မားလေဖြစ်သည်။ 

 

ဖြစ်ပွားရသောအကြောင်းရင်း
ဆီးကျိတ်ကင်ဆာ ဖြစ်ပွားရသည့်အကြောင်းရင်းကို သေချာမသိသေးချေ။

 

ရောဂါလက္ခဏာများ
ဆီးကျိတ်ကင်ဆာ၏ ရောဂါလက္ခဏာများသည် ဆီးကျိတ်ကင်ဆာရောဂါ၏ ရောဂါလက္ခဏာများနှင့် တူညီသည်။ ဆီးကျိတ်ကင်ဆာသည် နုစဉ်အခါ၌ ရောဂါလက္ခဏာများ မပြတတ်ချေ။ လူနာသည် ဆီးမကြာခဏသွားခြင်း၊ ဆီးသွားရာတွင် ဆီးလုံးသေးခြင်း၊ ဆီးကျန်နေသလို ခံစားရခြင်း၊ ရုတ်တရက် ဆီးသွား၍မရခြင်း၊ ဆီးသွားရခက်လာခြင်း၊ ဆီးတစ်စက်စက်သာသွားခြင်း။ ဆီးကျိတ်ကင်ဆာသည် သွေးကြော၊ ပြန်ရည်ကြော(Lymphatic vessel) တို့မှတစ်ဆင့် ပျံ့နှံ့နိုင်သည်။ ပြန်ရည်ကျိတ်နှင့် အရိုးသို့ ပျံ့နှံ့သည်။ အများအားဖြင့် ကျောရိုးသို့ ပျံ့နှံ့သည်။ အခြားကင်ဆာရောဂါများနှင့် နှိုင်းယှဉ်လျှင် ဆီးကျိတ်ကင်ဆာသည် ပျံ့ပွားမှု နှေးကွေးသည်။

 

ရောဂါရှာဖွေခြင်း
စအိုမှလက်ထည့်၍ ဆီးကျိတ်ကို စမ်းသပ်ခြင်း ပြုလုပ်နိုင်သည်။ ကင်ဆာသံသယရှိလျှင် အပ်သွင်း၍ ဆီးကျိတ်မှ အသားစနမူနာယူပြီး စစ်ဆေးနိုင်သည်။ ထို့အပြင် သွေးထဲရှိ prostate-specific antigen (PSA) ပစ္စည်းတစ်မျိုးကို တိုင်းကြည့်နိုင်သည်။ သွေးထဲရှိ PSA သည် nanograms per milliter (ng/ml) နှင့် 4-10ng/ml ကြားရှိလျှင် ဆီးကျိတ်ရောင်ခြင်း (သို့) ဆီးကျိတ်ကြီးခြင်း ဖြစ်နိုင်သည်။ PSA 10ng/ml ထက်ကျော်လျှင် ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်သည်။

 

ကုသခြင်း
ဆီးကျိတ်ကင်ဆာကို ခွဲစိတ်ကုသမှု၊ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုတို့ဖြင့် ကုသသည်။ရောဂါနုစဉ် ခွဲစိတ်ကုသမှုနှင့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုတို့ကို ပူးတွဲပြုလုပ်သည်။ ခွဲစိတ်ကုသရာတွင် ဆီးကျိတ်အပြင် အနီးရှိ ပြန်ရည်စနစ်၏ အချို့သော အစိတ်အပိုင်းကိုပါ ထုတ်ပေးသည်။ ဆီးကျိတ်ကင်ဆာသည် အရိုးအထိ ပျံ့နှံ့နေလျှင် ဝှေးစေ့ကိုပါ ထုတ်ပစ်ရသည်။ ဝှေးစေ့က ထုတ်သော အမျိုးသားဟော်မုန်းက ကင်ဆာပွားခြင်းကို အားပေးသောကြောင့် ဖြစ်သည်။ ယခုအခါ ဆီးကျိတ်ကင်ဆာ ပျံ့နှံ့နေသည့် အခြေအနေ ရှိပါက အမျိုးသားဟော်မုန်းကို ဖယ်ရှားသည့် ဆေးများဖြင့် ကုသသည်။ ယင်းနည်းကို ဓာတ်ရောင်ခြည် ကုသနည်းနှင့် တွဲဖက်ပြုလုပ်ခြင်းဖြင့် ခွဲစိတ်ကုသရန်မလိုချေ။

 

ကာကွယ်ရေး
အနောက်နိုင်ငံများတွင် ဆီးကျိတ်ကင်ဆာကို စောစီးစွာသိရှိရန် အမျိုးသားများ အသက် ၆၀ ကျော်လျှင် သွေးထဲရှိ PSA ပမာဏကို တိုင်းတာခြင်း ပြုလုပ်ကြသည်။ PSA တိုင်းတာခြင်းသည် ဆီးကျိတ်ကင်ဆာ ရှိ မရှိ သိရှိနိုင်သော စမ်းသပ်မှုဖြစ်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ဒေါက်တာအောင်သန်း
အဖြစ်များသောကင်ဆာရောဂါများ စာအုပ်မှာကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18