Print

သွေးကင်ဆာ

  27-Feb-2017
Preview Image

 

သွေးကင်ဆာ (Leukaemia) သည် ကလေးရော လူကြီးတွင်ပါ ဖြစ်သည့်ရောဂါဖြစ်သည်။ ကလေးများတွင် ဖြစ်ပွားရသည့် ကင်ဆာရောဂါများအနက် အဖြစ်အများဆုံး ဖြစ်သည်။ သွေးထဲရှိ သွေးဖြူ ဥများအား ထိခိုက်စေသည်။ သွေးကင်ဆာသည် အမျိုးအစား အမျိုးမျိုးရှိသည်။ ရုတ်တရက်ဖြစ်သည့် ကင်ဆာ (Acute Leukaemia) နှင့် နာတာရှည် သွေးကင်ဆာ (Chronic Leukaemia) ဟူ၍ ရှိသည်။ Actue Leukaemia သည် ရောဂါပြင်းထန်သည်။ ရောဂါဖြစ်ပွားတိုးတက်မှု လျင်မြန်ပြီး၊ နာတာရှည် အမျိုးအစားမှာ ရောဂါဖြစ်ပွား တိုးတက်မှု နှေးသည်။

 

ဖြစ်ပွားရခြင်းအကြောင်းရင်း


(၁) ဓာတ်ရောင်ခြည်သင့်ခြင်း

ဒုတိယကမ္ဘာစစ်တွင် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့နှင့် နာဂါစကီမြို့တို့၌ အဏုမြူ ဗုံးဒဏ်ခံ ရပြီးနောက် ၁၀ နှစ်ကြာအခါ သွေးကင်ဆာဖြစ်ပွားမှုကို ပိုမိုတွေ့ရှိလာခဲ့သည်။

 

(၂) မျိုးရိုးဗီဇ

သွေးကင်ဆာသည် မျိုးရိုးဗီဇ (genetic) ကြောင့်လည်း ဖြစ်နိုင်သည်။ အမွှာများတွင် သွေးကင်ဆာအတူတူဖြစ်တတ်ခြင်း၊ အခြားဗီဇချို့ယွင်းမှုနှင့်တွဲပြီး သွေးကင်ဆာဖြစ်ခြင်းတို့ကို တွေ့ရသည်။

 

(၃) ဆေးဝါးများ

ဆဲလ်များအား အဆိပ်သင့်စေသည့် alkylating agent သောက်နေသူတို့တွင် ကာလကြာရှည်လျှင် သွေးကင်ဆာဖြစ်လာသည်။

 

(၄) ဓာတုပစ္စည်းများ

စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်းအချို့က သွေးကင်ဆာကို ဖြစ်စေနိုင်သည်။ ဥပမာ ဘန်ဇင်း (benzene) ကဲ့သို့ ဓာတုပစ္စည်းမျိုးဖြစ်သည်။

 

(၅) ဗိုင်းရပ်စ်ပိုး

HCLV -1 ခေါ် ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် သွေးကင်ဆာဖြစ်နိုင်သည်။

 

ရောဂါလက္ခဏာများ
သွေးနီဥများ လျော့နည်း၍ သွေးအားနည်းပြီး ဖြူ ဖပ်ဖြူ ရော်ဖြစ်ခြင်း၊ မောပန်းခြင်း၊ ရင်တုန်ခြင်းတို့ ဖြစ်သည်။ ကိုယ်အလေးချိန်ကျခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဖျားခြင်းတို့ ဖြစ်တတ်သည်။ သွေးဖြူ ဥနည်းရာမှ ကူးစက်ရောဂါများ ဝင်ရောက်စွဲကပ်နိုင်သည်။ သွေးဥမွှားနည်း၍ သွေးခြည်ဥခြင်း၊ သွေးယိုထွက်ခြင်းတို့ ဖြစ်သည်။  ထို့အပြင် အရိုး၊ အဆစ် နာကျင်ခြင်း၊ ညအချိန် ချွေးထွက်ခြင်း၊ ပြန်ရည်ကျိတ်များ ရောင်၍နာခြင်း၊ အသည်းနှင့် သရက်ရွက်ကြီးခြင်းတို့ ဖြစ်နိုင်သည်။ အမျိုးသားများတွင် ဝှေးစေ့ကို ရောင်စေနိုင်သည်။ ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ တက်ခြင်းတို့ဖြစ်နိုင်သည်။ ကင်ဆာပျံ့နှံ့ခဲ့လျှင် ဦးနှောက်၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်များသို့ ပျံ့နှံ့တတ်သည်။

 

ရောဂါရှာဖွေခြင်း
သွေးစစ်ဆေးခြင်းဖြင့် သွေးကင်ဆာအမျိုးအစားကိုပါ သိရှိနိုင်သည်။ ဓာတ်မှန်၊ CT Scan ရိုက်ခြင်းဖြင့် ပြန်ရည်ကျိတ်၊ အသည်း၊ အဆုတ်သို့ ပျံ့နှံ့မှုကို တွေ့ရသည်။ ထို့အပြင် တင်ပါးဆုံရှိ အရိုးမှ ရိုးတွင်းခြင်ဆီကို အပ်ဖြင့် စုပ်ယူနိုင်သည်။ ထို့နောက် ဓာတ်ခွဲခန်းတွင် စစ်ဆေးနိုင်သည်။ ကျောရိုးမအတွင်းရှိ အရည်အား အပ်ဖြင့်စုပ်ယူ စစ်ဆေးမှု ကိုလည်း ပြုလုပ်နိုင်သည်။

 

ကုသခြင်း
ဆေးဝါးဖြင့် ကုသခြင်း၊ သို့မဟုတ် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းကို ပြုလုပ်သည်။ ဆေးဝါးဖြင့် ကုသရာတွင် ပြွန်မှတစ်ဆင့် လူနာ၏ရင်ဘတ်ရှိ ပင်မသွေးကြောအတွင်း တိုက်ရိုက်ဆေးသွင်းကုသသည်။ ထို့အပြင် ကျောရိုးတွင်းသို့ ဆေးသွင်းကုသနိုင်သည်။ ဆေးဝါးဖြင့် ပထမအကြိမ်ကုသမှုတွင် မထိရောက်ပါက ပို၍အာနိသင် ကောင်းသည့်ဆေးများဖြင့် ကုသသည်။ ထိုအခါ ရိုးတွင်းခြင်ဆီများ ထိခိုက်ပျက်စီးတတ်၍ ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း (Bone Marrow Transplant) ကို ဆက်လက်ပြုလုပ်သည်။ 

 

ကာကွယ်ရေး
သွေးကင်ဆာဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရသေးသဖြင့် သွေးအားနည်း ရောဂါလက္ခဏာများ၊ သွေးယိုထွက်လွယ်ခြင်း၊ ရောဂါပိုး မကြာခဏ ကူးစက်ခံရခြင်း တို့ရှိလျှင် ဆရာဝန်ထံပြသ၍ စစ်ဆေးသင့်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ဒေါက်တာအောင်ဆန်း
အဖြစ်များသော ကင်ဆာရောဂါများ စာအုပ်မှကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18