Print

အမျိုးသမီးများ သိထားသင့်သော မျိုးဆက်ပွားလမ်းကြောင်း ကင်ဆာ (၅)မျိုး

  28-Feb-2017
Preview Image

အမျိုးသမီးများ သိထားသင့်သော မျိုးဆက်ပွားလမ်းကြောင်း ကင်ဆာ (၅)မျိုး

အမျိုးသမီးတွေရဲ့ မျိုးဆက်ပွား အင်္ဂါတွေမှာ ပထမဆုံး ပေါ်တတ်တဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ မထိန်းချုပ်နိုင်လောက်အောင် ပျံ့နှံ့ပြီး ကြီးထွားတဲ့အခါမှာ ကင်ဆာ ဖြစ်တတ်
ပါတယ်။ မမျိုးဥအိမ်၊ သားအိမ်၊ သားအိမ်ခေါင်း၊ မိန်းမကိုယ်နဲ့ မိန်းမကိုယ် အပြင်ပိုင်း
တွေမှာ ဖြစ်တတ်တဲ့ ကင်ဆာတွေ ပါဝင်နေပါတယ်။ ဒီကင်ဆာ အများစုဟာ အသက်
ကြီးတာ၊ မျိုးရိုးဗီဇ၊ ဘဝနေထိုင် စားသောက်မှုပုံစံနဲ့ ပတ်ဝန်းကျင် အခြေအနေစတာတွေနဲ့
ဆက်စပ်နေပါတယ်။ ဒါကြောင့် ကင်ဆာဖြစ်တတ်တဲ့ အန္တရာယ်တွေကိုသာ သိထားမယ်
ဆိုရင် ကင်ဆာဖြစ်နိုင်ခြေ လျော့ကျအောင် လုပ်ဆောင်ရမယ့် နည်းတွေကို လိုက်နာပြီး ကြိုတင်ကာကွယ် ထားနိုင်ပါလိမ့်မယ်။

 

မမျိုးဥအိမ်ကင်ဆာ

၁။ ဘယ်လိုရောဂါမျိုးလဲ 

မမျိုးဥအိမ် ကင်ဆာက အဖြစ်များဆုံး သားဖွားမီးယပ်ဆိုင်ရာ ကင်ဆာတွေအနက် တစ်ခုဖြစ်ပါတယ်။ ဒီကင်ဆာက မမျိုးဥအိမ်ရဲ့ အပေါ်ယံလွှာမှာ စတင်ဖြစ်တတ်ပြီး
ရောဂါ အဆင့်မြင့်တဲ့အထိ ဘာလက္ခဏာမှ မပြသတတ်ပါဘူး။

၂။ လက္ခဏာများ 

မမျိုးဥအိမ်ကင်ဆာ အစောပိုင်းအဆင့်မှာ သိသာထင်ရှားတဲ့ လက္ခဏာကို မပြသနိုင်
ပါဘူး။ ရောဂါ အဆင့်မြင့်လာချိန်မှာ တင်ပဆုံရိုးကို ဖိထားသလို ခံစားရတာ၊ ဝမ်းဗိုက်
ရောင်ရမ်းတာ၊ လေပွတာနဲ့ လေထတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ၊ ဝမ်းချုပ်တာ၊ဝမ်းလျှော
တာ စတဲ့ အူအလေ့အထ ပြောင်းလဲတာတွေ ဖြစ်တတ်ပါတယ်။ အလွန်ပင်ပန်းနေတာ
မျိုးလည်း ဖြစ်တတ်ပါတယ်။

၃။ ဖြစ်နိုင်ခြေများသော အချက်များ 

မမျိုးဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေက အသက်ကြီး လာတာနဲ့အမျှ မြင့်တတ်လာပါတယ်။ အထူးသဖြင့် သွေးဆုံးချိန် တစ်ဝို်ုက်မှာ ဖြစ်တတ်ပါတယ်။ တစ်ခြား ဖြစ်နိုင်ခြေများတဲ့ အချက်တွေက မမျိုးဥအိမ်ကင်ဆာ မျိုးရိုးရှိတာ၊ ကိုယ်ဝန် မဆောင်ဖူးတာ၊ သွေးဆုံး
ဝေဒနာ သက်သာအောင် အီစထရိုဂျင် ဟော်မုန်းတစ်မျိုးတည်း ကုသမှုကို နှစ်ရှည်လများ ခံယူဖူးတာတို့ ဖြစ်ကြပါတယ်။

 

သားအိမ်ကင်ဆာ

၁။ ဘယ်လိုရောဂါမျိုးလဲ 

သားအိမ်ကင်ဆာ အများစုဟာ သွေးဆုံးပြီးနောက်မှာ သားအိမ် အတွင်းလွှာမှာ စတင်
ဖြစ်တတ်ပါတယ်။ သားအိမ်အတွင်းလွှာ ဆဲလ်တွေဟာ မထိန်းချုပ်နိုင်လောက်အောင် ကြီးထွားလာပြီး သားအိမ် တစ်သျှူးတွေထဲကို ကျူးကျော် ဝင်ရောက်လာကာ သားအိမ်
ကင်ဆာကို ဖြစ်စေနိုင်ပါတယ်။

၂။ လက္ခဏာများ 

သတိထားသင့်တဲ့ လက္ခဏာတွေကတော့ မိန်းမကိုယ်မှ ထုံးစံမဟုတ်တဲ့
သွေးဆင်းတာ၊ သွေးဆုံးပြီးနောက် သွေးဆင်းတာ၊ ဆီးသွားစဉ် နာကျင်တာ၊ ဆီးသွားရခက်တာ၊ ကာမစပ်ယှက်မှုအတွင်း နာကျင်တာနဲ့ တင်ပဆုံရိုး နာကျင်တာ
တို့ပဲ ဖြစ်ကြပါတယ်။

၃။ ဖြစ်နိုင်ခြေများသော အချက်များ

ဒီကင်ဆာကို ဖြစ်စေနိုင်တဲ့ အချက်တွေက ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင် ဟော်မုန်း
အဆင့် လျော့ကျသွားတာကြောင့် ဖြစ်တတ်ပါတယ်။ အီစထရိုဂျင် ဟော်မုန်းနဲ့ ဆက်စပ်
နေတဲ့ အချက်တွေက အဝလွန်တာ (အဆီများတဲ့ တစ်သျှူးတွေက အီစထရိုဂျင်
ဟော်မုန်းကို ဖြစ်စေနိုင်ပါတယ်)၊ အီစထရိုဂျင် ဟော်မုန်းတစ်မျိုးတည်း ကုသမှုခံယူတာ၊ ရင်သားကင်ဆာ ကုသရာမှာ Tamoxifen လို အီစထရိုဂျင်နဲ့ တူတဲ့ဆေး မှီဝဲတာ၊ ရာသီလာချိန်စောပြီး သွေးဆုံးနောက်ကျတာနဲ့ ကိုယ်ဝန် မဆောင်တာတို့ပဲ ဖြစ်ကြပါ
တယ်။ အူမကြီးကင်ဆာ မျိုးရိုးရှိရင်လည်း သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေ
ပါတယ်။

 

သားအိမ်ခေါင်းကင်ဆာ

၁။ ဘယ်လိုရောဂါမျိုးလဲ 

သားအိမ်ခေါင်းကင်ဆာဟာ သားအိမ်ခေါင်းဆဲလ်တွေ ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲတွေကြောင့် ဖြစ်တတ်ပါတယ်။

၂။ လက္ခဏာများ 

ကာမစပ်ယှက်မှုပြုပြီး သွေးထွက်တာ၊ မိန်းမကိုယ်မှ အရည်ဆင်းတာနဲ့ ရာသီလာချိန် တစ်ချိန်နဲ့တစ်ချိန်ကြား ပုံမမှန် သွေးဆင်းတာတွေ ဖြစ်တတ်ပါတယ်။

၃။ ဖြစ်နို်င်ခြေများသော အချက်များ 

ကြွက်နို့ဗိုင်းရပ်စ်ပိုး (HPV) ဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေတဲ့ အဓိကအန္တရာယ်
ဖြစ်ပါတယ်။ HPV ပိုးကူးစက်မှုက အလွန် အဖြစ်များပါတယ်။ ဒါပေမဲ့ တချို့ပိုး အမျိုးအစားတွေကသာ ကင်ဆာအကြိုအဆင့် အပြောင်းအလဲတွေကို ဖြစ်စေပြီး သားအိမ်ခေါင်း ကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ ကာမစပ်ယှက်မှုကြောင့် HPV ပိုး ကူးစက်နိုင်ပါတယ်။ ဆေးလိပ်သောက်တာက HPV ပိုး ကူးစက်ခံရတဲ့ အမျိုးသမီးတွေမှာ
သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ ပုံမှန်သားအိမ်ခေါင်း အသားစယူ စစ်ဆေးမှု ခံယူတာက ကင်ဆာအကြိုဆဲလ်တွေ ရှိ၊ မရှိ သိနိုင်ပါတယ်။

 

မိန်းမကိုယ် အပြင်ပိုင်းကင်ဆာ

၁။ ဘယ်လိုရောဂါမျိုးလဲ 

မိန်းမကိုယ် နှုတ်ခမ်းသားနဲ့ မိန်းမကိုယ်အဝ အပါအဝင် မိန်းမကိုယ် အပြင်ပိုင်းမှာ ကင်ဆာ အဖြစ်မများပါဘူး။ ဒီကင်ဆာက ဖြည်းဖြည်းချင်း ကြီးထွားလာတဲ့ ကင်ဆာ
ဖြစ်ပြီး အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ အဖြစ်များဆုံး ဖြစ်ပါတယ်။

၂။ လက္ခဏာများ 

မိန်းမကိုယ် အပြင်ပိုင်း ယားယံမှုက တစ်လထက် ပိုကြာကြာ ဖြစ်တာက အသိသာဆုံး လက္ခဏာပါ။ မိန်းမကိုယ် နာကျင်တာ၊ မိန်းမကိုယ်မှ သွေးဆင်းတာ၊ မိန်းမကိုယ် ပူစပ်ပူလောင် ဖြစ်တာနဲ့ မိန်းမကိုယ်မှ အရည် ဆင်းတာတွေလည်း ဖြစ်တတ်ပါတယ်။

၃။ ဖြစ်နို်င်ခြေများသော အချက်များ 

အသက်ကြီးသူတွေမှာ မိန်းမကိုယ် အပြင်ပိုင်းမှာ ကင်ဆာ အဖြစ်များပါတယ်။ ဒီကင်ဆာ အဖြစ်များတဲ့ အမျိုးသမီးတွေက အသက် ၅၀ ကျော်သူတွေ ဖြစ်ကြပါတယ်။
ကြွက်နို့ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာက မိန်းမကိုယ် အပြင်ပိုင်းမှာ ကင်ဆာဖြစ်နိုင်ခြေ (အထူးသဖြင့် အသက် ၄၀ အောက်မှာ)ကို မြင့်တက်စေပါတယ်။ ကြွက်နို့ဗိုင်းရပ်စ်ပိုးဟာ ကင်ဆာအကြို ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ပြီး သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်
ပါတယ်။ ဆေးလိပ်သောက်ရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။

 

မိန်းမကိုယ်ကင်ဆာ

၁။ ဘယ်လိုရောဂါမျိုးလဲ
မိန်းမကိုယ်အတွင်းမှာ ဖြစ်တဲ့ ရှားပါးတဲ့ ကင်ဆာမျိုးပါ။ အသက်ကြီးတဲ့ အမျိုးသမီး
တွေမှာ အဖြစ်များဆုံး ကင်ဆာပါ။

၂။ လက္ခဏာများ

မိန်းမကိုယ်ကင်ဆာ အစောပိုင်းအဆင့်မှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ လက္ခဏာ
အနေနဲ့ ပြမယ်ဆိုရင် မိန်းမကိုယ် နာကျင်တာ၊ မိန်းမကိုယ် အရည်ဆင်းတာနဲ့ သွေးဆင်း
တာတွေပဲ ပြသတတ်ပါတယ်။

၃။ ဖြစ်နိုင်ခြေများသော အချက်များ 

ကြွက်နို့ဗိုင်းရပ်စ်ပိုးဟာ မိန်းမကိုယ်ကင်ဆာနဲ့ ဆက်စပ်မှု ရှိပါတယ်။ သားအိမ်ခေါင်း
ကင်ဆာ ဖြစ်တာကလည်း မိ်န်းမကိုယ်ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

မျိုးဆက်ပွား လမ်းကြောင်းဆိုင်ရာ ကင်ဆာဖြစ်နိုင်ခြေ လျော့ကျအောင် မိသားစုမျိုးရိုးကို
သိတာက ကင်ဆာမဖြစ်ခင် စောစောစီးစီး ရောဂါရှာဖွေတာနဲ့ ကာကွယ်တာတွေ 
လုပ်ဆောင်နိုင်ပါတယ်။ အစားအသောက်၊ လေ့ကျင့်ခန်းနဲ့ ဘဝနေထိုင်မှု ပုံစံတွေကို ကျန်းမာရေးနဲ့ ညီညွှတ်အောင် နေထိုင်တာကလည်း ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်
ပါတယ်။ ပုံမှန် ကျန်းမာရေး စစ်ဆေးမှုခံယူတာက မျိုးဆက်ပွားလမ်းကြောင်းမှာ
ဖြစ်တတ်တဲ့ ကင်ဆာတွေကို အစောပိုင်း အဆင့်ကတည်းက သိနိုင်ပြီး စောစောကုသမှု ခံယူတာကြောင့် ရောဂါ ပျောက်ကင်းနို်င်ခြေ များပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : Good Health



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18