Print

သားဥအိမ် (ovaries)

  28-Feb-2017
Preview Image

သားဥအိမ် (ovaries)
 

သားဥအိမ် (၂) ခုရှိပါတယ်။ သားဥအိမ် (၂) ခုဟာ ခန္ဓာကိုယ်အောက်ပိုင်း တင်ပဆုံအတွင်း ထဲမှာ ရှိကြပါတယ်။ သားအိမ်ရဲ့ ဘယ်ဘက်မှာ (၁) ခုပါတယ်။ ဗာဒံသီး ပုံသဏ္ဍာန်ရှိပြီး ဗာဒံသီးအရွယ်လောက်ပဲ ရှိပါတယ်။ သားဥအိမ်ဟာ အရွတ်တွေနဲ့ သားအိမ်ကို တွယ်ဆက်နေပါတယ်။ ဝှေးစေ့တွေက သုက်ကောင်တွေနဲ့ အဖိုဟော်မုန်းထုတ်ပေးသလို သားဥအိမ်တွေက သားဥတွေနဲ့ အမဟော်မုန်းတွေ (estrogen နဲ့ progesterone) ထုတ်ပေးပါတယ်။

သားဥအိမ်တွေက ထုတ်ပေးတဲ့ သားဥတွေဟာ အလွန်သေးငယ်တဲ့အတွက် သာမန်မျက်စိနှင့် မမြင်နိုင်ပါ။ အဏုကြည့်မှန်ပြောင်း (Microscope) နဲ့ ကြည့်မှမြင်နိုင်ပါတယ်။ မိန်းကလေးတစ်ဦးဟာ မွေးကတည်းက သားဥအိမ်တွေမှာ သားဥတွေ သိန်းနှင့်ချီပြီးပါလာပါတယ်။ ဒါပေမယ့် အရွယ်မရောက်မချင်း သားဥက မကြွေပါဘူး။ သည်အတိုင်းပဲ သားဥအိမ်တွေထဲမှာ ရှိနေကြပါတယ်။ အရွယ်ရောက်ချိန်ကျမှ ဒီသားဥတွေ အရွယ်ရောက်လာကြပြီး တစ်လမှာ သားဥတစ်လုံး စကြွေလာပါတယ်။ “သားဥကြွေတယ်” ဆိုတာ သားဥအိမ်တွေထဲမှာရှိတဲ့ သားဥအများကြီး တွေထဲက (၁) ဥဟာ ရင့်မှည့်လာပြီး သားဥနံရံက ဖောက်ထွက်ကြွေကျတာကို ပြောတာပါ။ 

အပျိုဖြစ်ချိန်ကနေ သွေးဆုံးသည်အထိ ပုံမှန်သားဥ ကြွေနေပါတယ်။ ကြွေပြီးတဲ့ သားဥ (၁) ခုရဲ့ သက်တမ်းဟာ (၂) ရက်ထက်ရှည်ပါတယ်။ တစ်နည်းအားဖြင့် သားဥတစ်ခုဟာ ကြွေပြီးတဲ့အချိန်က (၂) ရက်အတွင်းမှာ သုက်ကောင်နဲ့ ပေါင်းစပ်ပြီး မျိုးအောင်နိုင်ပါတယ်။ သားဥ (၁) ခုဟာ ယောကျ်ားသုက်ရည်ထဲမှာရှိတဲ့ သုက်ကောင်နဲ့တွေ့ဆုံပေါင်းစပ်ပြီး မျိုးအောင်တဲ့ သားဥဖြစ်လာပါတယ်။ မျိုးအောင်တဲ့သားဥဟာ သားအိမ်နံရံမှာ တွယ်ကပ်ပြီးဖွံ့ဖြိုးလာမယ်ဆိုရင် “သန္ဓေအောင်ပြီ” “ကိုယ်ဝန်ဆောင်ပြီ” လို့ ပြောနိုင်ပါတယ်။

သားဥအိမ်တွေကထွက်လာတဲ့ မဟော်မုန်းတွေ (estrogen နဲ့ progesterone) ဟာ သားဥကြွေတဲ့ ကိစ္စ၊ ဓမ္မတာလာတဲ့ ကိစ္စ၊ သန္ဓေတည်တဲ့ကိစ္စတွေမှာ ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။ ဒါ့အပြင် မဟော်မုန်းတွေဟာ မိန်းမသဘာဝကို ပီပီပြင်ပြင် ဖြစ်ပေါ်စေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ မှာကော၊ စိတ်ပိုင်းဆိုင်ရာမှာကော၊ အပြုအမူပြောအဆိုမှာပါ မိန်းမပီပီသသ ဖြစ်စေတာကို ဆိုလိုတာပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မျိုးဆက်ပွားကျန်းမာရေး အမေး-အဖြေ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18