Print

ကျွန်မနှင့်အမြုံ (၂)

  28-Feb-2017
Preview Image

ကျွန်မနှင့်အမြုံ (၂)

အမျိုးသမီးဆေးရုံသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်နေချိန်တစ်ရက်တွင် မီးယပ်ရောဂါ ပြင်ပလူနာဌာနတွင် တာဝန်ကျရောက်နေသည်။ တစ်နေ့တွင် ဆာရီဝတ် အမျိုးသမီးတစ်ဦး အခန်းထဲ ဝင်ရောက်လာသည်။ သူမအိမ်ထောင်သက် ဆယ်နှစ်ရှိသော်လည်း ကလေးမရသေးကြောင်းနှင့် ကလေးလိုချင်ကြောင်း ပြောလာသည်။ သူမ၏အသက်မှာ ၃၀ ရှိပေပြီ။ 

ခင်ပွန်းသည်၏ အသက်မှာ ၃၅ နှစ်ဖြစ်သည်။ သူမအား စမ်းသပ်ကြည့်ရှု စစ်ဆေးရာတွင် တွယ်အပ်ခေါင်းလောင်းသာရှိသော အပေါက်ကလေးမှာ သားအိမ်လည်တံအဝအဖြစ် တည်ရှိနေသည်။ (Pin Hole Os) ယင်းတွေ့ရှိချက်သည် ကလေးမရနိုင်သော အချက်ဖြစ်ကြောင်း ပြောပြသည်။ ပြုပြင်လို့ရကြောင်း နှစ်သိမ့်သည်။ ခင်ပွန်းက ကလေးရနိုင်သော အခြေအနေကောင်းရှိပါက သူမအားပြုပြင်ပေးမည်။ ဇနီးမောင်နှံနှစ်ဦး ဆီးနှင့်သွေး စစ်ဆေးရမည်။ ခင်ပွန်းက သုက်ရည်နှင့် သုက်ကောင် အခြေအနေကိုပါ စစ်ဆေးရမည်ကို ရှင်းပြခဲ့သည်။ ထိုအခါမှသာ သူမ၏ လက်ကိုင်အိတ်အတွင်းမှ စာရွက်စာတမ်းများကို ထုတ်ပြပါတော့
သည်။

ဆီးနှင့်သွေး စစ်ဆေးချက်မှာ ချို့ယွင်းချက်မရှိပေ။ တစ်ကြိမ်မက သုက်ရည်စစ်ဆေးထားရှိ ချက်ကိုတွေ့ရသည်။ သုက်ရည်တွေ့ရှိချက်မှာ သုတ်ကောင်လုံးဝမပါရှိကြောင်း
(Azospermia) မှတ်ချက်များကို တွေ့ရသည်။ ခင်ပွန်းမှာအမြံဖြစ်နေပြီး သုတ်ကောင်လုံးဝမရှိသောကြောင့် ယခုလက်ရှိခင်ပွန်းနှင့် ကလေးလုံးဝမရရှိနိုင်ကြောင်း ရှင်းပြရသည်။
ထို့ကြောင့် သူမ၏ ချို့ယွင်းချက်အားလည်း မေ့ဆေးပေးအနာခံ မပြုပြင်ဖို့ ရှင်းပြရသည်။ သူမ၏ မျက်ဝန်းအတွင်း မျက်ရည်များ ပြည့်လျှံလာပြီး ပါးနှစ်ဖက်သို့ စီးဆင်းကျလာပါတော့သည်။ သနားစဖွယ်ပြောပြရှာသည်။ 

` ဒေါက်တာကျွန်မမှာ ကလေးမရနိုင်တဲ့အတွက် သူ့အငြိုအငြင်ခံရပါတယ်။ အခြား ဆရာတွေထံ သွားပြစစ်ဆေးလိုက်တာနှင့် ဒေါက်တာပြောသလို ပြောကြပါတယ်။ ဒါပေမယ့် သူက မယုံဘူး။ ကျွန်မကြောင့်လို့ စွပ်စွဲနေတယ်။ ကျွန်မကိုကွာချင်းပြီး နောက်မိန်းမယူမယ်လို့ ပြောနေတယ်။ ဒီဆေးရုံလာပြလို့မှ ကလေးမရဘူးဆိုရင် နောက်ဆုံးအကြိမ် အခွင့်အရေးပေးတာတဲ့။ ကွာရှင်းမယ်ပြောနေတယ်´ `ဒီမှာ ညီမခင်ပွန်းပါလာတယ်ဆိုရင် အခန်းထဲခေါ်လာခဲ့။ ဒေါက်တာ နားလည်အောင်ရှင်းပြပေးမယ်´။

သူမအခန်းပြင်ထွက်သွားပြီး ဒိုတီဝတ်ယောကျ်ားတစ်ယောက်နှင့်အတူ အခန်းထဲဝင်လာ ခဲ့သည်။ သနွေတည်အောင်မြင်ရန်အတွက် မျိုးဥအိမ်မှ မမျိုးဥထုတ်ပေးရသည်။ သုက်ရည်အတွင်း သုက်ကောင်ရှိရမည်။ ဥနှင့်သုက်ကောင် ပေါင်းစပ်မှုဖြစ်မှ သနွေအောင်ခြင်းဖြစ်သည်။ ဥနှင့်သုက်ကောင် ပေါင်းစပ်မှုမှာ မျိုးဥပြွန်လမ်းကြောင်း အကျယ်ဆုံးအပိုင်းတွင် ဖြစ်သည်။ သုက်ကောင်သည် မျိုးဥလမ်းကြောင်းအတွင်း ရောက်ရှိရန်အတွက် ဆက်ဆံပြီး မိနစ် ၃၀ မှ ၃ နာရီကြာမြင့် တတ်သည်။ ယင်းတို့ရှင်းပြရ၌ ပုံဆွဲပြီး သေသေချာချာ ရှင်းပြရသည်။

ကျွန်မရှင်းပြတာ နားလည်လောက်ပြီလို့ ယူဆတယ်။ သနွေတည်အောင်နိုင်မှုအတွက် 
သုက်ကောင်ရှိမှ ဖြစ်နိုင်တယ်။ ရှင့် သုက်ရည်ထဲမှာ သုက်ကောင်လုံးဝမရှိဘူး။ အခါခါ
စစ်ဆေးချက် အဖြေဟာ တူညီနေတယ်။ ရှင့် ကျေနပ်မှုအတွက် ခွဲစိတ်အထူးကု ယောကျ်ားဆရာဝန်ကို ပြချင်ရင်လည်း စာရေးပေးမယ်။ အပြစ်မရှိတဲ့ ရှင့်ဇနီးကို ကွာရှင်းပြီး နောက်မိန်းမယူရင်လည်း ကလေးရမှာမဟုတ်ပါဘူး´။ `ကျွန်တော်ခွဲစိတ်အထူးကုဆရာဝန်ပြပြီသား။

ဒါပေမယ့် ကျွန်တော်မကျေနပ်ဘူး။ ကာလကတ္တားမြို့ Calcutta အိန္ဒိယနိုင်ငံသွားပြီး စစ်ဆေးခံကြည့်မယ်´ `ကောင်းပါတယ်။ ကြိုးစားကြည့်တာ မမှားပါဘူး။ ဆယ်နှစ်ပေါင်းသင်းလာတဲ့ ရှင်းဇနီးကို မကွာရှင်းပါနှင့်လို့ ကျွန်မကမေတ္တာရပ်ခံလိုပါတယ်။´ ဘာမှပြန်မပြော။ ဇနီးဖြစ်သူကသာ ကျေးဇူးတင်ပါတယ်ပြောပြီး ဇနီးမောင်နှံနှစ်ဦး အခန်းထဲက ထွက်သွားခဲ့ပါသည်။ အမြုံဇာတ်လမ်း (၂) ဤတွင်ဆုံးခန်းတိုင်ပြီ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာလဲ့လဲ့ဝင်း
Health for all magazine, May 2016

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18