Print

သွေးဆုံးပြီး ရာသီပြန်ဆင်းခြင်း

  06-Feb-2022
Preview Image

သွေးဆုံးပြီးရာသီပြန်ဆင်းတာ ဘာကြောင့်လဲ ဟော်မုန်းအစားထိုးကုသမှု ခံယူနေတဲ့လူနေတွေမှာတော့ သွေးဆုံးပြီးမှ ရာသီပြန်လာတာမျိုး ဖြစ်တတ်ပါတယ်။ ရောဂါတစ်ခုုခုကြောင့် ဖြစ်တတ်ပါတယ်။ ရောဂါတစ်ခုခုကြောင့် သွေးပြန်ဆင်းတာမျိုး မဟုတ်ဘဲ ဟော်မုန်းအပြောင်းအလဲကြောင့် သာမန်ရာသီလာရသလိုမျိုး သွေးဆင်းတတ်ပါတယ်။ သွေးဆုံးပြီးမှ ရာသီပြန်ဆင်းတဲ့ လူနာတွေအများစုဟာ Atrophic Vaginitis လို့ခေါ်တဲ့ မိန်းမကိုယ်အပေါ်ယံလွှာက ခြောက်ကပ်ပေါက်ပြဲလွယ်ပြီး သွေးယိုတတ်တဲ့ ပြဿနာကြောင့်ဖြစ်ရတာပါ။ 

အမျိုးသမီးတွေဟာ သွေးဆုံးပြီးနောက် အသက်အရွယ်ရလာချိန်မှာ အမျိုးသမီးဟော်မုန်းဖြစ်တဲ့ Estrogen ပမာဏ လျော့နည်းလာပါတယ်။ အဲဒါရဲ့ အကျိုးဆက်အနေနဲ့ မိန်းမကိုယ်မှာ အပေါ်ယံလွှာက ပါးလာတယ်။ ခြောက်ကပ်ကပ်ဖြစ်လာတယ်။ နောက်ပြီး အလွယ်တကူ ပေါက်ပြဲပြီး သာမန်မဟုတ်တဲ့ သွေးဆင်းတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အသက်ကြီးလာတဲ့ အမျိုးသမီးတွေမှာ မိန်းမကိုယ်အပေါ်ယံလွှာက ခြောက်ကပ်ပေါက်ပြဲပြီး သွေးယိုလွယ်တတ်တာကြောင့် သွေးဆင်းလာတတ်ပါတယ်။ 

သားအိမ်နံရံထူခြင်း၊ အလုံးအကျိတ်တည်ခြင်းတွေ ကလည်း သွေးဆင်းစေတဲ့ လက္ခဏာတွေပါ။ သားအိမ်ခေါင်းကင်ဆာနဲ့ သားအိမ်ကင်ဆာမှာလည်း ပုံမှန်မဟုတ်ဘဲ သွေးဆင်းတတ်တာကို သတိပြုသင့်ပါတယ်။ သွေးဆုံးပြီးမှ ရာသီပြန်ဆင်းတဲ့အမျိုးသမီး ၁ဝ ယောက်မှာ တစ်ယောက်က သားအိမ်ကင်ဆာဖြစ်နိုင်တဲ့အတွက် သေချာဂရုစိုက်ပြီး စစ်ဆေးကုသမှုကို ခံယူပါ။ 

သွေးဆုံးပြီး ရာသီပြန်ဆင်းတာကို ဘယ်လိုစစ်ဆေးသင့်သလဲ။ ဟော်မုန်းဆေးသောက်နေတာ မဟုတ်ရင်တော့ သွေးဆုံးပြီးမှ ရာသီပြန်ဆင်းရင် စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ ဟော်မုန်းအစားထိုးကုသမှု ခံယူနေပေမဲ့လည်း ရာသီဆင်းရမယ့်အချိန်မှာ မဆင်းဘူးဆိုရင် စစ်ဆေးမှုခံယူသင့်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘာကြောင့် သွေးပြန်ဆင်းရသလဲဆိုတဲ့ အကြောင်းကို စစ်ဆေးရှာဖွေဖို့ ဆွေးနွေးပါ။ စစ်ဆေးမှုမှာတော့ ပြည့်စုံတဲ့ ရောဂါရာဇဝင်လိုက်ခြင်းကနေစလို့ Ultrasound ရိုက်ခြင်း၊ သားအိမ်မှန်ပြောင်းကြည့်ပြီး အသားစယူခြင်း၊ ဓာတ်ခွဲစမ်းသပ်ပြီး အစရှိတာတွေ အပါအဝင် သက်ဆိုင်ကျွမ်းကျင်ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာစစ်ဆေးသင့်ပါတယ်။ 

သွေးဆုံးပြီး ရာသီပြန်ဆင်းတဲ့အခါ ဘယ်လိုကုသနိုင်သလဲ။ ရာသီပြန်ဆင်းစေတဲ့ အကြောင်းအရင်းပေးမူတည်ပြီး ကုသမှုပြုပါတယ်။ သွေးဆင်းတယ်ဆိုရင်တော့ Estrogen ပါဝင်တဲ့ ကုသမှုတွေကို ပေးသင့်ပါတယ်။ ဥပမာ - Estrogen (အမျိုးသမီးဟော်မုန်း ပါဝင်တဲ့ လိမ်းဆေး) သားအိမ်၊ သားအိမ်ခေါင်း၊ သားအိမ်နံရံ စတာတွေမှာ ပြဿနာရှိမယ်ဆိုရင်တော့ (အလုံး၊ အကျိတ်၊ ကင်ဆာ အစရှိတာတွေ ရှိမယ်ဆိုရင်တော့) ပိုမိုအသေးစိတ်တဲ့ဲ အရေးကြီးတဲ့ကုသမှုတွေ လိုအပ်လာပါပြီ။တွေဝေနှောင့်နှေးမနေဘဲ စောစီးစွာ ကုသမှုကို ခံယူပါ။ 


Ref:

ဒေါက်တာငြိမ်းချမ်းအောင်

ကျန်းမာရေးအတွက် သိသင့်သောအဖြေများ စာအုပ်မှကောက်နှုတ်ထားပါသည်။


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM မိုဘိုင်းလ်ဖုန်းများဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18