Print

အမျိုးသမီးများ သိထားသင့်သော မျိုးဆက်ပွားလမ်းကြောင်း ကင်ဆာများ

  30-Oct-2016
Preview Image

 

အမျိုးသမီးတွေရဲ့ မျိုးဆက်ပွား အင်္ဂါတွေမှာ ပထမဆုံး ပေါ်တတ်တဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ မထိန်းချုပ် နိုင်လောက်အောင် ပျံ့နှံ့ပြီး ကြီးထွားတဲ့အခါမှာ ကင်ဆာ ဖြစ်တတ် ပါတယ်။ မမျိုးဥအိမ်၊ သားအိမ်၊ သားအိမ်ခေါင်း၊ မိန်းမကိုယ်နဲ့ မိန်းမကိုယ် အပြင်ပိုင်းတွေ မှာ ဖြစ်တတ်တဲ့ ကင်ဆာတွေ ပါဝင်နေပါတယ်။ ဒီကင်ဆာ အများစုဟာ အသက်ကြီးတာ၊ မျိုးရိုးဗီဇ၊ ဘဝနေထိုင် စားသောက်မှုပုံစံနဲ့ ပတ်ဝန်းကျင် အခြေအနေ စတာတွေနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် ကင်ဆာဖြစ်တတ်တဲ့ အန္တရာယ်တွေကိုသာ သိထားမယ်ဆိုရင် ကင်ဆာဖြစ်နိုင်ခြေ လျော့ကျအောင် လုပ်ဆောင်ရမယ့် နည်းတွေကို လိုက်နာပြီး ကြိုတင်ကာကွယ် ထားနိုင်ပါလိမ့်မယ်။

 

မမျိုးဥအိမ်ကင်ဆာ

*******************

ဘယ်လိုရောဂါမျိုးလဲ – မမျိုးဥအိမ် ကင်ဆာက အဖြစ်များဆုံး သားဖွားမီးယပ်ဆိုင်ရာ ကင်ဆာတွေအနက် တစ်ခုဖြစ်ပါတယ်။ ဒီကင်ဆာက မမျိုးဥအိမ်ရဲ့ အပေါ်ယံလွှာမှာ စတင်ဖြစ်တတ်ပြီး ရောဂါ အဆင့်မြင့်တဲ့အထိ ဘာလက္ခဏာမှ မပြသတတ်ပါဘူး။

လက္ခဏာများ – မမျိုးဥအိမ်ကင်ဆာ အစောပိုင်းအဆင့်မှာ သိသာထင်ရှားတဲ့ လက္ခဏာ ကို မပြသနိုင်ပါဘူး။ ရောဂါ အဆင့်မြင့်လာချိန်မှာ တင်ပဆုံရိုးကို ဖိထားသလို ခံစားရ တာ၊ ဝမ်းဗိုက်ရောင်ရမ်းတာ၊ လေပွတာနဲ့ လေထတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ၊ ဝမ်းချုပ် တာ၊ ဝမ်းလျှောတာ စတဲ့ အူအလေ့အထ ပြောင်းလဲတာတွေ ဖြစ်တတ်ပါတယ်။ အလွန် ပင်ပန်း နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဖြစ်နိုင်ခြေများသော အချက်များ – မမျိုးဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေက အသက်ကြီး လာတာနဲ့အမျှ မြင့်တတ်လာပါတယ်။ အထူးသဖြင့် သွေးဆုံးချိန် တစ်ဝို်ုက်မှာ ဖြစ်တတ်ပါတယ်။ တခြား ဖြစ်နိုင်ခြေများတဲ့ အချက်တွေက မမျိုးဥအိမ်ကင်ဆာ မျိုးရိုးရှိတာ၊ ကိုယ်ဝန် မဆောင်ဖူးတာ၊ သွေးဆုံးဝေဒနာ သက်သာအောင် အီးစထရိုဂျင် ဟော်မုန်းတစ်မျိုးတည်း ကုသမှုကို နှစ်ရှည်လများ ခံယူဖူးတာတို့ ဖြစ်ကြပါတယ်။

 

သားအိမ်ကင်ဆာ

******************

ဘယ်လိုရောဂါမျိုးလဲ – သားအိမ်ကင်ဆာ အများစုဟာ သွေးဆုံးပြီးနောက်မှာ သားအိမ် အတွင်းလွှာမှာ စတင် ဖြစ်တတ်ပါတယ်။ သားအိမ်အတွင်းလွှာ ဆဲလ်တွေဟာ မထိန်းချုပ်နိုင်လောက်အောင် ကြီးထွားလာပြီး သားအိမ် တစ်သျှူးတွေထဲကို ကျူးကျော် ဝင်ရောက်လာကာ သားအိမ်ကင်ဆာကို ဖြစ်စေနိုင်ပါတယ်။

လက္ခဏာများ – သတိထားသင့်တဲ့ လက္ခဏာတွေကတော့ မိန်းမကိုယ်မှ ထုံးစံမဟုတ်တဲ့ သွေးဆင်းတာ၊ သွေးဆုံးပြီးနောက် သွေးဆင်းတာ၊ ဆီးသွားစဉ် နာကျင်တာ၊ ဆီးသွားရခက်တာ၊ ကာမစပ်ယှက်မှုအတွင်း နာကျင်တာနဲ့ တင်ပဆုံရိုး နာကျင်တာတို့ပဲ ဖြစ်ကြပါတယ်။

ဖြစ်နိုင်ခြေများသော အချက်များ – ဒီကင်ဆာကို ဖြစ်စေနိုင်တဲ့ အချက်တွေက ခန္ဓာကိုယ်ထဲမှာအီစထရိုဂျင် ဟော်မုန်းအဆင့် လျော့ကျသွားတာကြောင့် ဖြစ်တတ်ပါတယ်။ အီစထရိုဂျင် ဟော်မုန်းနဲ့ ဆက်စပ်နေတဲ့ အချက်တွေက အဝလွန်တာ (အဆီများတဲ့ တစ်သျှူးတွေက အီစထရိုဂျင် ဟော်မုန်းကို ဖြစ်စေနိုင်ပါတယ်)၊အီစထရိုဂျင် ဟော်မုန်းတစ်မျိုးတည်း ကုသမှုခံယူတာ၊ ရင်သားကင်ဆာ ကုသရာမှာ Tamoxifen လို အီစထရိုဂျင်နဲ့ တူတဲ့ဆေး မှီဝဲတာ၊ ရာသီလာချိန်စောပြီး သွေးဆုံးနောက်ကျတာနဲ့ ကိုယ်ဝန် မဆောင်တာတို့ပဲ ဖြစ်ကြပါတယ်။ အူမကြီးကင်ဆာ မျိုးရိုးရှိရင်လည်း သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

 

သားအိမ်ခေါင်းကင်ဆာ

***********************

ဘယ်လိုရောဂါမျိုးလဲ – သားအိမ်ခေါင်းကင်ဆာဟာ သားအိမ်ခေါင်းဆဲလ်တွေ ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲတွေကြောင့် ဖြစ်တတ်ပါတယ်။

လက္ခဏာများ – ကာမစပ်ယှက်မှုပြုပြီး သွေးထွက်တာ၊ မိန်းမကိုယ်မှ အရည်ဆင်းတာနဲ့ ရာသီလာချိန် တစ်ချိန်နဲ့တစ်ချိန်ကြား ပုံမမှန် သွေးဆင်းတာတွေ ဖြစ်တတ်ပါတယ်။

ဖြစ်နို်င်ခြေများသော အချက်များ – ကြွက်နို့ဗိုင်းရပ်စ်ပိုး (HPV) ဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေတဲ့ အဓိကအန္တရာယ် ဖြစ်ပါတယ်။ HPV ပိုးကူးစက်မှုက အလွန် အဖြစ်များပါတယ်။ ဒါပေမဲ့ တချို့ပိုး အမျိုးအစားတွေကသာ ကင်ဆာအကြိုအဆင့် အပြောင်းအလဲတွေကို ဖြစ်စေပြီး သားအိမ်ခေါင်း ကင်ဆာကိုဖြစ်စေနိုင်ပါတယ်။ ကာမစပ်ယှက်မှုကြောင့် HPV ပိုး ကူးစက်နိုင်ပါတယ်။ ဆေးလိပ်သောက်တာက HPV ပိုး ကူးစက်ခံရတဲ့ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ ပုံမှန်သားအိမ်ခေါင်း အသားစယူ စစ်ဆေးမှု ခံယူတာက ကင်ဆာအကြိုဆဲလ်တွေ ရှိ၊ မရှိ သိနိုင်ပါတယ်။

 

Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18