Print

သားအိမ်မှ မူမမှန်သွေးဆင်းခြင်း အကြောင်းအရာများ

  04-Sep-2019
Preview Image

          သားအိမ်မှ မူမမှန် သွေးဆင်းခြင်း၏ အဖြစ်နိုင်ဆုံးသော အချက်မှာ မျိုးပွားနိုင်သော လူနာ၏ အသက်အပိုင်းအခြားနှင့် ဆက်စပ်နေသည်။ ထို့အပြင် အန္တရာယ်ရှိသော သားအိမ်အတွင်းမြှေးရောဂါကြောင့်လည်း ဖြစ်နိုင်ခြေရှိသည်။ တိကျသော ရောဂါ ဖော်ဆောင်နိုင်ရန် ချဉ်းကပ်မှုမှာ လူနာသည် မီးယပ်သွေးမဆုံးခင် ဖြစ်ခြင်းလော၊ မီးယပ်သွေးဆုံးရန် ချဉ်းကပ်နေစဉ်ဖြစ်ခြင်း သို့မဟုတ် မီးယပ်သွေးဆုံးပြီးမှ ဖြစ်ခြင်းလော စမ်းသပ်စစ်ဆေးရန် လိုသည်။ အမျိုးသမီးများ သွေးမဆုံးခင် အဖြစ်နိုင်ဆုံးရောဂါမှာ သားအိမ်မှ သွေးဆင်းခြင်းပင်ဖြစ်သည်။ (Dysfunctional Uterine Bleeding DUB)ဥမကြွေခြင်းမှ တစ်ဆင့်ဖြစ်ပေါ်လာပေရာ ဥမကြွေခြင်း၏ အကြောင်းအရင်းကို ရှာဖွေနိုင်ရန်ဖြစ်သည်။


          မီးယပ်သွေးဆုံးခါနီး လူနာများတွင် သားအိမ်ခြစ်၍ သားအိမ်အတွင်းမြှေးအသားစယူ စစ်ဆေးခြင်းနှင့် သားအိမ်အတွင်းမြှေးမှ ထူခြင်း သို့မဟုတ် ကင်ဆာဖြစ်နေခြင်း ရှိမရှိတွေ့နိုင်ရန် အခြားနည်းလမ်းများဖြင့် စစ်ဆေးခြင်းများ တွေ့ရပေမည်။ သားအိမ်အတွင်းမြှေး ကင်ဆာမီးယပ်သွေးဆုံးပြီးသော အမျိုးသမီးများ သားအိမ်မှ မူမမှန် သွေးဆင်းခြင်းတွင် အများအပြားတွေ့ရသည်။ ထို့ကြောင့် အစဦးပထမ စုံစမ်း စစ်ဆေးခြင်းပြုလုပ်ရာ၌ ယောနိမှ အသံလွန်လှိုင်းကရိယာဖြင့် ရုပ်ပုံဖော်ခြင်း (Trans Vaginal USG) နှင့် သားအိမ်အတွင်းမှ အသားစယူခြင်းများ လိုအပ်သည်။


သားအိမ်မှ မူမမှန်သွေးဆင်းခြင်း၏ ခြားနားချက်နှင့်ဆိုင်သော ရောဂါအကြောင်း ဖော်ပြချက်များ

(၁) ကိုယ်ဝန်နှင့်ပတ်သက်သော အချက်အလက်များ

          - သားအိမ်အတွင်း ကိုယ်ဝန်ဆောင်ခြင်း

          - သားအိမ်ပြင်ပ ကိုယ်ဝန်ဆောင်ခြင်း

          - အလိုအလျောက် သားလျှောပျက်စီးခြင်း

          - အချင်းရှေ့ရောက်ခြင်း

          - သန္ဓေအာဟာရ အမြှေးရောဂါ Gestational Tropnoblastic Disease

(၂) ပိုးဝင်ရောက် ကူးစက်ခြင်း

          - သားအိမ်လည်တံ ရောင်ရမ်းခြင်း(Cervicitis)

          - သားအိမ်အတွင်း အမြှေးရောင်ရမ်းခြင်း(Endometritis)

(၃) ထိခိုက်ဒဏ်ရာရခြင်း

          - ပွန်းခြင်း၊ စုတ်ပြဲခြင်း

          - ပြင်ပမှ ပစ္စည်းကြောင့် ဒဏ်ရာရခြင်း(Foreign Body)

(၄) ကင်ဆာအလုံးအဖု

          - သားအိမ်လည်တံ

          - သားအိမ်အတွင်းမြှေး

          - မျိုးဥအိမ်

(၅) သက်သာသော တင်ပါးဆုံအတွင်း ရောဂါအခြေအနေ

          - သားအိမ်လည်တံ အသီးအဖု

          - သားအိမ်အတွေင်းမြှေး အသီးအဖု

          - သားအိမ်ကြွက်သားမျှင် အလုံး

          - သားအိမ်ကြွက်သား အကျိတ်အဖုဖြစ်ခြင်း Adenomyosis

(၆) ခန္ဓာကိုယ် အဖွဲ့အစည်းများတွင် ဖြစ်တတ်သော ရောဂါများ

          - အသည်းရောဂါ

          - ကျောက်ကပ်ရောဂါ

          - သွေးခဲခြင်းဆိုင်ရာ ရောဂါ

          - သွေးကင်ဆာ

          - သွေးဥမွှားနည်းခြင်း Thrombocyto Penia

          - ထိခိုက်ဒဏ်ရာကြောင့် သွေးထွက်လွန်ခြင်းရောဂါ Von Willebrand’s Disease

(၇) ဆေးပေးခြင်းများ latrogenic

          - ပဋိသန္ဓေတားရန် သားအိမ်အတွင်းပစ္စည်းထည့်ခြင်း

          - ဟော်မုန်းဆေးများပေးခြင်း(ပဋိသန္ဓေတားဆေးပြားကတ်များ၊ အီထရိုဂျင်၊ ပရိုဂျက်စရုန်း)

          - ဥမှကြွေသော မီးယပ်စက်ဝိုင်းများ

          - သိုင်းရွိုက်ဟော်မုန်း လျော့နည်းခြင်း၊

          - ပရိုလက်တင်းများနေခြင်း

          - ကူရှင်းရောဂါ

          - မျိုးဥအိမ် ရေအိတ်များတည်ခြင်း လက္ခဏာစု

          - အဒ်ရီနယ်လ်ဂလင်း လုပ်ဆောင်ချက်ပျက်ယွင်းခြင်း အလုံးအဖုဖြစ်ခြင်း

          - စိတ်ဖိစီးမှု ပြင်းထန်သော လေ့ကျင့်ခန်း

          - ဖိစီးမှု(စိတ်ဖိစီးမှု ပြင်းထန်သော လေ့ကျင့်ခန်း)

          သားအိမ်မှ သွေးဆင်းခြင်းလုပ်ဆောင်ချက် အားနည်းပျက်ဆီးရခြင်း (DUB) အကြောင်းမှာ သုံးမျိုးသော ဟော်မုန်း အခြေအနေများ မကိုက်ညီခြင်းနှင့် ဆက်စပ်နေသည်။


အီစ်ထရိုဂျင်ဟော်မုန်း ချိုးဖျက်သွေးဆင်းခြင်း(Oestrogen Breakthrough Bleeding )

          အီစ်ထရိုဂျင်များလွန်း၍ သားအိမ်အတွင်း အမြှေးများ နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်ပြီး တိုးပွားလာသည်။ မလုံလောက်သော ပရိုဂျက်စ်ထရုန်း ဟော်မုန်းကြောင့် တိုးပွားလာသော အဆောက်အအုံကို ထောက်ကန်ထားရန် မဖြစ်နိုင်တော့ပေ။ ထိုအခါ ပုံမှန်မဟုတ်သော ကြားကာလများတွင် သားအိမ်အတွင်း အမြှေးအစိတ်အပိုင်းများ ကွာထွက်ကျလာသည်။ သွေးကြောညှစ်ခြင်းနှင့် သွေးဥမွှားပိတ်ဆို့မှုလည်း မဖြစ်တော့၍ အလွန်များသော သွေးဆင်းမှု ဖြစ်လာစေသည်။


အီစ်ထရိုဂျင်ဟော်မုန်း နုတ်သိမ်း၍ သွေးဆင်းခြင်း(Oestrogen Withdrawal Bleeding)

          အိစ်ထရိုဂျင် ရုတ်တရက် လျော့နည်းကျဆင်းသွား၍ မညီမျှခြင်းကြောင့် ဖြစ်တတ်သည်။ ဥပမာ - မျိုးဥအိမ် နှစ်ခုစလုံးကို ခွဲစိတ်ထုတ်ပစ်ခြင်း၊ အီစထရိုဂျင် ဟော်မုန်းဆေး အစားထိုးကုသခြင်း၊ ရပ်ဆိုင်းလိုက်ခြင်း၊ ပုံမှန် မီးယပ်စက်ဝိုင်းတွင် ဥမကြွေခင်ကလေးတွင် ဖြစ်တတ်သည်။ များသောအားဖြင့် အလိုအလျောက် အဆုံးသတ်သွားပြီး အီစထရိုဂျင် လျော့နည်းနေသော်လည်း ပြန်လည် မဖြစ်ပေါ်တတ်ပေ။


ပရိုဂျက်စ်ထရုန်း ဟော်မုန်းချိုးဖျက်၍ သွေးဆင်းခြင်း(Progesterone Breakthrough Bleeding)

          ပရိုဂျက်စထရုန်း၊ အိစ်ထရိုဂျင်ဟော်မုန်း အချိုးမြင့်မားနေလျှင် ဖြစ်တတ်သည်။ ဥပမာ - ပဋိသန္ဓေတားဆေးတွင် ပရိုဂျက်စထရုန်း တစ်မျိုးတည်းပါခြင်းကြောင့် ဖြစ်တတ်သည်။ အိစ်ထရိုဂျင်မရှိ၍ သားအိမ်အတွင်း အမြှေးဆုတ်ယုတ်ခြင်းနှင့် အနာအဆာဖြစ်လာရာ ပုံမှန်မဟုတ်သော သွေးဆင်းခြင်း မကြာခဏ ဖြစ်လွယ်သည်။

Credit : ဒေါက်တာ လဲ့လဲ့ဝင်း

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18