Print

ခန္ဓာကိုယ်ကို အလှဆင်ခြင်းနှင့် ကျန်းမာရေး ပြဿနာများ

  31-Oct-2016
Preview Image

 

ဆယ်စုနှစ် ၂စု၊ ၃စုအတွင်းမှာ နားအပြင် တခြားနေရာတွေမှာ အပေါက်ဖောက်တဲ့ စတိုင်ဟာ အမျိုးသမီး၊ အမျိုးသား အားလုံးကြားမှာ ရေပန်းစားနေပါတယ်။ လျှာ၊နှုတ်ခမ်း၊ နှာခေါင်း၊ မျက်ခုံး၊ ချက်၊ လိင်အင်္ဂါတွေမှာ အပေါက်ဖောက်ပြီး သတု္တတွေ၊ ကျောက်မျက်ရတနာ တွေနဲ့ ပြုလုပ်ထားတဲ့ အဆင်တန်ဆာအမျိုးမျိုးကို ဝတ်ဆင် ကြပါတယ်။ ဖွံဖြိုးဆဲနိုင်ငံတွေမှာရော ဖွံ့ဖြိုးပြီးတဲ့နိုင်ငံတွေမှာပါ ဒီခေတ်ရေစီးကြောင်းဟာ လူမှုအသိုင်းအဝိုင်းထဲကို တိုးဝင်လာပါတယ်။ သူနဲ့အတူ ကျန်းမာရေးပြဿနာတွေ တွဲဖက်ပြီးပါလာပါတယ်။ ဒါကြောင့် မိမိတို့ခန္ဓာကိုယ်ကို အလှဆင်မယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကိုတော့ သိထားသင့်ပါတယ်။ ခန္ဓာကိုယ်မှာ အပေါက်အများဆုံး ဖောက်ဖြစ်တဲ့နေရာကတော့ နားရွက်ပါပဲ။ အရင်တုန်းကတော့ နားတစ်ဘက် မှာ တစ်ပေါက်သာဖောက်လေ့ရှိပေမယ့် အခုအခါနားတစ်ဘက်တည်းမှာပဲ အပေါက်ပေါင်းများစွာဖောက်ပြီး နားကွင်း ပေါင်းများစွာ ဝတ်ဆင်ကြပါတယ်။ အပြင်နား (Pinna)မှာတောင် ဖောက်ပြီး နားကွင်းတွေကို ဝတ်ကြပါတယ်။

 

ဒီလိုမျိုး နားဖောက်တဲ့လူတွေထဲက ၃၅ ရာခိုင်နှုန်းဟာ နောက်ဆက် တွဲပြဿနာတွေကို ကြံုတွေ့ရတတ်ပါတယ်။ နားရွက်အရိုးနုလေးမှာ သွေးကြောအရမ်း နည်းတဲ့အတွက် အဲဒီနေရာတွေမှာ အနာဖြစ်ရင် ကျက်ဖို့အရမ်း နှေးပါတယ်။ အမှန်တော့ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို အပေါက်ဖောက်ရင် စဖောက်တဲ့အချိန်ကတည်းက ပိုးဝင်နိုင်ပါတယ်။ မှို၊ ဘက်တီးရီး ယား တို့လို အရမ်းသေးငယ်တဲ့ Micro-organismsတွေဟာ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ဖို့ ကြိုးစားလာကြပြီး ကူးစက်ရောဂါတွေ ဖြစ်လာပါတယ်။ ဝင်ရောက်လာတဲ့ ပိုးကောင်တွေကို တိုက်ထုတ်ဖို့အတွက် သွေးဖြူဥတွေက အလုပ်လုပ်ရပါတယ်။ ဒီအခါဖောက်လိုက်တဲ့နေရာမှာ နီရဲရောင်ရမ်းလာပါတယ်။ ထိမိရင်လည်း နာလာပါတယ်။ သွေးဖြူဥတွေ၊ ပိုးကောင်တွေ ပျက်စီးသွားရာကနေပြည်တည်လာပါတယ်။ ပိုးဝင်တာကို ဒီအတိုင်းထားလိုက်ရင် ပိုးသတ်ဆေးတွေနဲ့ ကုသရတဲ့အထိ ပြင်းထန်လာပါတယ်။ ပုံမှန်အတိုင်း နားအသီးလေးမှာ ဖောက်တာတောင်မှ (Pseudomonas, Staphylococcus, Streptococcus) တို့လို ကူးစက်ပိုးများဝင်ရောက်ခြင်း၊ ဓါတ်မတည့်မှုကြောင့် အရေပြားလက္ခဏာများပေါ်ခြင်း၊ အမာရွတ်ထင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

 

ဒီလိုမျိုးဖြစ်တဲ့အချိန်မှာ တပ်ဆင်ထားတဲ့ ကျောက်မျက်ရတနာ၊ သတု္တ တန်ဆင်တန်ဆာတွေကို ချွတ်လိုက်ရင် ခန္ဓာကိုယ်ထဲ ပိုးကောင်တွေဝင်ရောက်ဖို့ လမ်းကြောင်းဖွင့်ပေးလိုက်တာနဲ့တူပြီး အတွင်းပိုင်းကို ပိုပြီးဝင်ရောက် သွားနိုင်ပါတယ်။ အရေးကြီးတဲ့ အင်္ဂါတွေ၊ တစ်သျှူးတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ကူးစက်ပိုးအရမ်းပြင်းထန် လာရင်တော့ အဲဒီအဆင်တန်ဆာတွေနေရာမှာ ပိတ်ကွင်းလေးနဲ့ အပေါက်ကို ပိတ်ထားသင့်ပါတယ်။နားသီးလေးမှာ အပေါက်ဖောက်တာမဟုတ်ဘဲ အပေါ်ဘက် အရိုးနုလေးမှာဖောက်ရင် အဲဒီအစိတ်အပိုင်းကို ပထမဆုံး ပိုးဝင်သွားပါတယ်။ အရိုးနုပတ်လည်မှာဖြစ်တဲ့ နီရဲရောင်ရမ်းတာ၊ ပူတာတွေဟာ နားအသီးဖျားလေးအထိ ရောက်လာပါတယ်။ အရိုးနုလေးတွေကြားက အလွှာတွေကိုပါ ပျက်စီးသွားပါတယ်။ အတိအကျပြောရရင် နားမှာရှိတဲ့ အရိုးနုတွေ ပျက်စီးသွားရာက နားရွက်ရဲ့ပုံသဏ္ဍန်ပါ ပျက်စီးသွားတတ်ပါတယ်။ သိပ်ပြီးမကြီးကျယ်ဘူးလို့ ထင်ရတဲ့ ကူးစက်မှုလေးတွေကနေ အရိုးနုရောင်ခြင်း၊ ပြည်တည်ခြင်း၊ ပုပ်ခြင်း အထိဖြစ်နိုင်ပါတယ်။ ပြည်တည်ခဲ့ရင်တော့ ခွဲပြီးဖယ်ထုတ်ပစ်ရပါတယ်။ ပြည်တည်နာတွေ ပေါက်လာတာနဲ့ တပြိုင်နက် အရင်အတိုင်း နားရွက်လေးလှပဖို့ဟာ မသေချာတော့ပါဘူး။

 

ကူးစက်ပိုးဝင်ရင် ဖြစ်တတ်တဲ့လက္ခဏာတွေဟာ များသောအားဖြင့်တော့ တုတ်ကွေး(Flu) ဖြစ်ရင်ပြတဲ့ လက္ခဏာတွေနဲ့ ဆင်တူပါတယ်။ အပူကြီးခြင်း၊ ြွကက်သားများနာကျင်ခြင်း၊ ချမ်းတုန်ခြင်း၊ ပျို့အန်ခြင်း တို့ပါဖြစ်နိုင်ပါတယ်။ အပေါက်ဖောက်တိုင်း ဒီလိုပြဿနာတွေဖြစ်တာတော့ မဟုတ်ပါဘူး။ ပိုးစဝင်တာကို သတိမပြုဘဲ၊ မကုသဘဲထားရင်တော့ ဆိုးဝါးတဲ့ နောက်ဆက်တွဲတွေ ဆက်ဖြစ်လာနိုင်ပါတယ်။ ကူးစက်ပိုးနဲ့ပတ်သတ်တဲ့အကြောင်းတွေ၊ ဆက်ပြီးဖြစ်လာနိုင်တဲ့ မနှစ်မြို့ဖွယ်ရလဒ်တွေကို ထင်ထင်ရှားရှား သိလာကြပြီ။ ဗဟုသုတအနေနဲ့လေ့လာကြည့် သင့်ပါတယ်။ ကုသခြင်းထက် ကာကွယ်ခြင်းက ပိုကောင်းပါတယ်။ သတု္တအဆင်တန်ဆာတွေနဲ့ ဓါတ်မတည့်သူတွေ၊ အရေပြားယားယံတတ်သူတွေဟာ ကူးစက်ပိုးဝင်ရောက်ဖို့ အခွင့် အလမ်းတွေ ပိုများပါတယ်။ လူအများစုဟာ အပေါက်ဖောက်သွားရင် နီကယ်ကို ဝတ်ဆင်ကြတာများပါတယ်။ ဒါပေမယ့် နီကယ်ဟာဓါတ်မတည့်မှုဖြစ်နိုင်ပြီး ဖြစ်တဲ့သူဦးရေဟာလည်း တစ်နှစ်ထက်တစ်နှစ်တိုးလာတဲ့အတွက် တချို့ နိုင်ငံတွေမှာဆိုရင် နီကယ်ကို ကန့်သတ်သုံးစွဲလာပါတယ်။ လူတော်တော်များများဟာ သတု္တတွေကို ဝတ်ဆင်ကြပေမယ့် မိမိတို့မှာ ဘာနဲ့ဓါတ်မတည့်မှု ရှိသလဲဆိုတာကိုတော့ မသိကြပါဘူး။ လက်ပတ်နာရီကြိုး၊ ကြယ်သီး၊ ခါးပတ် ခေါင်းတွေနဲ့ဓါတ်မတည့်မှုဖြစ်ဖူးတာဟာ သတု္တတွေနဲ့ ဓါတ်မတည့်တာကြောင့်ပါ။

 

ဒီလိုလူတွေဟာ အထူးသတိထားရပါတယ်။သတု္တအဆင်တန်ဆာတွေနဲ့ ဓါတ်မတည့်တာဟာ နားမှာဝတ်ဆင်မှ ဖြစ်တာမဟုတ်ပါဘူး။ အပေါက်ဖောက်ပြီး ဝတ်လိုက်တဲ့နေရာတိုုင်းမှာဖြစ်ပါတယ်။ နှုတ်ခမ်း၊ နှာခေါင်းတို့မှာ ဝတ်ဆင်ရင်ပိုပြီးသတိထား ရပါတယ်။ ဒီနေရာတွေဟာ ပိုးကောင်တွေ ထောင်ချီပြီးရှိနေတဲ့အတွက် အနာတွေပေါက်ရာကဆင့် အခြေအနေဆိုးတွေ ဖြစ်စေပါတယ်။ ဓါတ်မတည့်မှုဟာ ခန္ဓာကိုယ်ရဲ့ အနာကျက်စေတဲ့ဖြစ်စဉ်ကြီးကိုအနှောင့်အယှက်ပေးနိုင်တဲ့အတွက် အပေါက်ဖောက်ရာ ကနေ ဖြစ်လာတဲ့အနာတွေဟာ ပျောက်ဖို့နှေးသွားပါတယ်။ ဖောက်လိုက်တဲ့ နေရာမှာ နီရဲနေခြင်း၊ဖောင်းနေခြင်း၊ စိုစွတ် နေခြင်း၊ ထိမိရင် နာခြင်း၊ ယားယံခြင်းတိုဟာ အဖြစ်များပါတယ်။ ဒါ့ကြောင့် မိမိဘာနဲ့ ဓါတ်မတည့်မှုရှိသလဲဆိုတာကို သိထားသင့်ပါတယ်။ ငွေလို ပစ္စည်းမျိုးတောင်မှ သန့်စင်တယ်လို့ ပြောလို့မရပါဘူး။အပေါက်ဖောက်လိုက်တဲ့ နေရာကအသားဟာ သူ့အနားမှာရှိနေတဲ့မူလအသားနဲ့တော့ တူမှာမဟုတ်ပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်အနာကျက်ပုံချင်း မတူသလို ပျက်စီးသွားတဲ့ အသားပေါ်မူတည်ပြီး အမာရွတ်ရဲ့ အရွယ်အစားကလည်း ကွာခြားသွားပါတယ်။ ဖောက်လိုက်တဲ့နေရာမှာ ဖြစ်တဲ့အနာဟာ ပျောက်သွားနိုင်ပေမယ့် အဲဒီ နေရာဟာ မူလအသား အတိုင်းပြန်ဖြစ်ဖို့ကတော့ ခဲယဉ်းသွားပါတယ်။ ဒီအချက်ကို သိထားတဲ့ လူတွေကတော့ သိပ်ပြီးမဖောက်ချင် ကြတော့ပါဘူး။

 

အနာကျက်သွားတဲ့ အမာရွတ်တွေဟာ လွန်လွန်ကဲကဲဆက်ကြီးလာပြီး အမာရွတ်သီး(Keloid) တွေဖြစ်လာတတ်ပါတယ်။အသားညိတဲ့သူတွေမှာ ပိုပြီးအဖြစ်များတယ်ဆိုပေမယ့် ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ အမာရွတ်သီး (Keloid)ဟာ အမြဲတမ်းမဟုတ်ရင်တောင် တခါတလေကျရင်တော့ အရမ်းယားယံပြီး နာကျင်တတ်ပါတယ်။ သူ့မှာ သတု္တတွေ လာဝတ်ရင်တော့ အနည်းငယ်ရောင်နိုင်ပါတယ်။ Keloid ဖြစ်နေတဲ့နေရာကို သွေးကောင်းကောင်း မလျှောက်တဲ့အတွက် အနာဖြစ်ရင်လည်း ပျောက်ကင်းဖို့ အချိန်တော်တော်ကြပါတယ်။ ပါးစပ်ပတ်ဝန်းကျင်မှာ ဖြစ်တဲ့အမာရွတ်ကတော့ O ပုံရှိပြီး (၁-၂) လ လောက်ကြာရင်တော့ ပြန်ကောင်းသွားတတ်ပါတယ်။ တကယ်လို့ပြန်မကောင်းရင်တော့ ဆရာဝန်နဲ့ပြသင့်ပါတယ်။ အပေါက်ဟောင်းကဖြစ်စေ၊ အသစ်ထပ်ဖောက်တဲ့ နေရာကဖြစ်စေ အမာရွတ်သီး ဖြစ်နိုင်ပါတယ်။ ပြေပြစ်နေတဲ့ အသားနေရာမှာ ထပ်ဖြစ်လာတဲ့ ဒါဏ်ရာကြောင့် အရေပြားလှပမှုကို ဆုံရှုံးနိုင်ပါတယ်။နောက်ထပ်စဉ်းစားရမယ့်အချက်ကတော့ အနာစိမ်းနာနဲ့ ပြည်တည်နာ ဝင်ရောက်လာတဲ့ ပြဿနာပါ။ အနာစိမ်းနာဟာသိပ်ပြီး ဆိုးဆိုးရွားရွားကြီး မဖြစ်ပါဘူး။ ပြည်တည်နာကတော့ တစ်သျှူးများအတွင်းမှာ ဖြစ်ကာ အရေပြားကို ကွဲထွက်စေပြီး တခြားနေရာတွေကိုပါ ပျံနှံသွားပါတယ်။ အရေပြားအပေါ်ယံမှာရှိတဲ့ ဘက်တီးရီးယားများဟာ အထဲကိုရောက်သွားပြီး အပေါ်ကနေ ပိတ်ထားသလိုဖြစ်သွားပါတယ်။

 

အနာစိမ်းနာ၊ ပြည်တည်နာနှင့် တစ်သျှူးများ ပျက်စီးမှု အကြောင်းကို စောစောစီးစီး ခြေရာခံမိနိုင်မှသာ သူတို့ကို ထိထိရောက်ရောက် ထိန်းချုပ်လို့ရမှာဖြစ်ပါတယ်။ ဒါကြောင့် အပေါက်ဖောက်တဲ့နေရာနားမှာ ပုံမှန်ထက် ပူခြင်း၊ နာခြင်း၊ ရောင်ပြီး နီရဲနေခြင်းတို့ကို တွေ့ရင် သတိထားရပါတယ်။ ပြည်တည်နာ ဖြစ်ပြီးပိုဆိုုးလာရင် ပျို့အန်ခြင်း၊ ဖျားခြင်းတို့ပါဖြစ်လာနိုင်ပါတယ်။ အရည်ကြည်ဖုကတော့ ဘယ်နေရာမှာ မဆိုဖြစ်နိုင်ပေမယ့် ပါးစပ်မှာတော့ သိပ်မဖြစ်နိုင်ပါဘူး။ နှာခေါင်း၊ နို့သီခေါင်းတွေမှာဖြစ်နိုင်ပါတယ်။ပြည်တည်နာဟာ သူ့ဘာသာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ဆရာဝန်ဆီကို သွားတာက ပိုစိတ်ချရပါတယ်။ Fluoroquinolone အုပ်စုဝင် Ciprofloxacin လို ပိုးသတ််ဆေးတွေပေးနိုင်သလို တခါတရံ သန့်ရှင်းတဲ့အပ်ကိုသုံးပြီး အနာကိုဖောက်ထုတ်ပစ်ဖို့လိုအပ်ပါတယ်။ ဒီလိုဖောက်ထုတ်လိုက်တဲ့ နေရာဟာ သန့်ရှင်းပြီး ခြောက်သွေ့နေဖို့တော့ လိုအပ်ပါတယ်။ တချို့ကလည်း မိမိဘာသာ သန့်စင်ဆေးရည်တွေ၊ ပိုးသတ်ဆေး တွေကို အလွန်အမင်းသုံးပါတယ်။ အဲဒီလိုဆေးတွေထဲက တချို့တွေဟာ အနာကျက်တဲ့ ဖြစ်စဉ်ကိုအနှောင့်အယှက် ပေးနိုင်ပြီး Hydrogen Peroxide လိုဆေးမျိုးကတော့ အနာကျက်နေတဲ့ တစ်သျှူးတွေကိုတောင် ပျက်စီးစေတဲ့အတွက် လုံးဝမသုံး သင့်ပါဘူး။

 

တချို့နိုင်ငံတွေမှာဆိုရင် အမျိုးသမီးတွေဟာ ရင်သားမှာ အပေါက်ဖောက်ပြီး အဆင်တန်ဆာတွေ ဝတ်ဆင်တဲ့အတွက် နို့ရည်ဂလင်းအထိ ကူးစက်ပိုးတွေ ဝင်ရောက်သွားပြီး နို့အုံရောင်ရမ်းခြင်း (Mastitis) ကိုဖြစ်စေပါတယ်။ ရင်သားဟာ နီရဲနေပြီး နာကျင်ခြင်း၊ ပူခြင်း၊ ရောင်ရမ်းခြင်းတို့အပြင် ပြည်ပါ ထွက်လာတတ်ပါတယ်။ နှာခေါင်း မှာဖောက်တာကတော့ နှာခေါင်းပေါက်ဝ ဒါမှမဟုတ် အရိုးနုလေးမှာ ဖောက်တာများပါတယ်။ နှာခေါင်းရဲ့အရိုးနုတ လျှောက် ဖောက်တာကတော့ သွေးထွက်စေပြီး ပိုးဝင်နိုင်ပါတယ်။ သွေးတွေခဲသွားရင်လည်း အသက်ရှုလမ်းကြောင်းမှာ ပိတ်ဆို့ပြီး အသက်အန္တရာယ်ရှိလာပါတယ်။ နှာခေါင်းမှာရှိတဲ့ အရိုးနုလေးတွေပျက်စီးကာ နှာခေါင်းအတွင်းနံရံတွေပါ ပုပ်သွားရာကတဆင့် နှာခေါင်းရဲ့ပုံသဏ္ဍန်ပါ ပျက်စီးသွားတတ်ပါတယ်။ ချက်ပက်လက်မှာဖောက်တာကျတော့ အဝတ်အစားနဲ့ ပွတ်မိခြင်း၊ အရေပြားက ပျော့တွဲနေခြင်းကြောင့် အနာကျက်ချိန်ပိုကြာပါတယ်။ မိမိဘာသာမိမိဖောက်တဲ့အတွက် ပိုးဝင်ဖို့လည်းပိုလွယ်ပါတယ်။ ချက်ပတ်လည်မှာ ဝတ်တဲ့ အဆင်တန်ဆာကတော့ ရွေ့လျားလွယ်ပါတယ်။ ဒီလိုရွေ့သွားတဲ့အတွက် အမာရွတ်တွေတွဲလာတာကို ဝတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်သည်တွေမှာ အတွေ့ရများပါတယ်။ ပါးစပ်၊ ပါး၊ သွားတွေမှာ ဝတ်ဆင်တဲ့အဆင်တန်ဆာ တွေကြောင့် သွားဖုံးမှာ အနာဖြစ်ခြင်း၊ သွားတွေပဲ့ထွက်ခြင်း၊ တံတွေးအထွက်များခြင်း၊ တံတွေးဂလင်းမှာပိုးဝင်ခြင်း၊ စကားသံ မပီခြင်းတို့လည်း ဖြစ်လာနိုင်ပါတယ်။

 

အပေါက်ဖောက်တဲ့နေရာမှာ ရလာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေဟာ အပေါက်ဖောက်တဲ့ နည်းလမ်းနဲ့လည်းဆိုင်ပါတယ်။ သန့်ရှင်းပြီးချွန်ထက်တဲ့ အပ်ကိုမသုံးဘူးဆိုရင် အနာဖြစ်နိုင်ပြီး ကူးစက်ပိုးတွေ အလွယ်တကူဝင်နိုင်ပါတယ်။ ချက်၊ သားမြတ်နဲ့ လိင်အင်္ဂါတွေမှာ အပေါက်ဖောက်ရင် အနာကျက်ဖို့ အချိန်တော် တော်ကြာကြာ ယူရပါလိမ့်မယ်။ ဆီးချိုရောဂါရှိတဲ့သူ၊ စတီးရွိုက်တွေနဲ့ ကုသမှုခံယူနေသူတိုလို့ ကူးစက်ရောဂါ အလွယ်တကူ ဝင်နိုင်တဲ့သူ တွေ၊ သွေးထွက်လွယ်သူ၊ သွေးမတိတ်တတ်သူတွေအတွက် အပေါက်ဖောက်ရာကနေ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ပြဿနာ ကြီးကြီးမားမားတွေဖြစ်လာပါတယ်။ နှလုံးရောဂါရှိတဲ့သူတွေဟာ အပေါက်ဖောက်ပြီးသွားရင် နှလုံးကို ကူးစက်ရောဂါဝင်ရောက်မယ့် အန္တရာယ်ပိုများသွားပါတယ်။ ခြံုငုံပြီးပြောရရင်တော့ အပေါက်ဖောက်တဲ့နေရာကနေ တကိုယ်လုံးကို ပိုးဝင်ခြင်း၊ ဝတ်လိုက်တဲ့ ပစ္စည်းတွေကို ခန္ဓာကိုယ်ကလက်မခံဘဲ တိုက်ထုတ်ခြင်း၊ ရောင်ရမ်းခြင်း၊ သွားကျိုးခြင်းတို့အထိ ဖြစ်နိုင်ပါတယ်။ လှချင်လို့အပေါက် ဖောက်မယ်ဆိုတိုင်း အရေပြားပျက်စီးမှုကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ မိမိရဲ့ ကျန်းမာရေး အခြေအနေကို ထည့်တွက်သင့်ပါတယ်။ အလှအပဟာ အရေးပါပေမယ့် “အာရောဂျံ၊ ပရမံ၊ လာဘံ” ဆိုတဲ့ စကားကိုတော့ မေ့မထားသင့်ပါဘူး။ ။

 

Healthcare.com.mm

 

Ref:

နှင်းနုလွင် (ဆေးဝါး)

စရဏမဂ္ဂဇင်း (ဖေဖော်ဝါရီ၊ ၂၀၁၀)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18