Print

အူရောင် ငန်းဖျား ရောဂါ (Typhoid Fever)

  31-Oct-2016
Preview Image

 

အူရောင်ငန်းဖျား ရောဂါဟု လူသိများသော Typhoid Fever အကြောင်းကို တင်ပြချင်ပါသည်။ အကြောင်းမှာ ယခု အချိန်ကာလသည် မိုးရာသီ ဖြစ်ခြင်းကြောင့်နှင့် Typhoid Fever သည်လည်း မစင်မှတစ်ဆင့် အဓိကကူးစက်သော ရောဂါ ဖြစ်ခြင်းကြောင့်ဖြစ်ပါသည်။ လူထုအကြား ရေပန်းစားသော ရောဂါ တစ်ခု မဟုတ်သော်လည်း အူရောင်ငန်းဖျား ရောဂါသည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ဖျားနာခြင်းကို ဖြစ်စေသောရောဂါ များအနက် အဖြစ်များဆုံး ရောဂါ တစ်ခု ဖြစ်သည်ကို သိထားသင့်ပါသည်။

 

Typhoid Fever သည် -

1. Salmonella Typhi

2. Salmonella Paratyphi (A)

3. Salmonella Paratyphi (B) ဟူသော ပိုးသုံးမျိုးကြောင့် ဖြစ်ခြင်း ဖြစ်ပါသည်။

 

ရောဂါပိုး ခန္ဓာကိုယ်အတွင်းသို့ စဝင်၍ လက္ခဏာပေါ်သည်အထိ ၁၀ ရက်မှ ၁၄ ရက်ခန့် ကြာပါသည်။ Para Typhoid တွင်တော့ ဤမျှလောက် မကြာပါ။ Typhoid ရောဂါသည် ရောဂါသယ်ဆောင်သူ ဖြစ်လျှင် ရောဂါပိုးသည် ထိုသူ၏ သည်းခြေအိတ်ထဲတွင် လအနည်းငယ်မှ နှစ်အနည်းငယ်ထိ ရှင်သန် နေထိုင်နိုင်သည်ကို သတိပြုသင့် ပါသည်။ Typhoid ရောဂါသည် ရောဂါ သယ်ဆောင်သူ ဖြစ်လျှင် ရောဂါပိုးသည် ထိုသူ၏ သည်းခြေအိတ်ထဲတွင် လအနည်းငယ်မှ နှစ်အနည်းငယ်ထိ ရှင်သန် နေထိုင်နိုင်သည်ကို သတိပြုသင့်ပါသည်။ ရောဂါပိုးသည် အများအားဖြင့် လူနာ၏ မစင်မှ တစ်ဆင့် ပြင်ပသို့ ရောက်ရှိပါသည်။ ဆီးထဲတွင် တော့ ပါဝင်မှု နည်းပါးပါသည်။ ရောဂါပိုးများ သွေးလှည့်ပတ်မှု စနစ်အတွင်းသို့ ဝင်ရောက်ပြီး ရက်အနည်းငယ် အကြာတွင် ရောဂါပိုးသည် အူသိမ်များ၏ Typhoid Tissue များတွင် အခြေချ နေထိုင်ပါတော့သည်။

 

အဓိကအားဖြင့် Prayers Patch Follicles များ ဖြစ်ပါသည်။ ထို့နောက်တွင်တော့ အူများသည် ရောင်မည်၊ အနာဖြစ်မည်။ ထို့နောက် အနာပြန်ကျက်ပြီး သက်သာသွားမည်။ ထိုဖြစ်စဉ် ၃ ခုသည် Typhoid Fever ၏ ပုံမှန်ဖြစ်စဉ်များ ဖြစ်ပါသည်။ သို့သော်လည်း ထိုဖြစ်စဉ် ၃ ခု ဖြစ်နေစဉ်အတွင်း ဆေးကုသမှု မခံယူပါကအနာဖြစ်ပြီးနောက် ပြန်ကျက်သော အဆင့်သို့ မရောက်တော့ဘဲ ထိုအနာမှ သွေးယိုခြင်းနှင့် ပိုမိုပြင်းထန်ပါက အူပေါက်သွားခြင်းတို့ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် Typhoid Fever သည် သေချာပေါက် ဆေးကုသမှု ခံယူရမည့် ရောဂါတစ်ခု ဖြစ်ပါသည်။ ရောဂါ၏ သဘောသဘာဝ အရ ချက်ချင်း ပြင်းပြင်းထန်ထန် ဖြစ်ခြင်းမျိုး မဟုတ်ဘဲ မသိမသာ ဖြည်းဖြည်းချင်းပြင်းထန်လာသော ပုံစံ ဖြစ်ပါသည်။ ထူးခြားချက် တစ်ခုမှာ Typhoid Fever တွင် အပူချိန် တက်ခြင်း (အဖျားတက်ခြင်း) သည် Step Ladder Pattern ခေါ် လှေကားထစ် ပုံစံဖြင့် တက်ခြင်းမျိုး ဖြစ်ပါသည်။ 99-101-103-104 ဒီဂရီ ဖာရင်ဟိုက် စသည့် ပုံစံမျိုး ဖြစ်ပါသည်။

 

Typhoid Fever အမှန်ဖြစ်လျှင် အဖျားတက်လိုက် ကျလိုက် ဖြစ်ခြင်းမျိုး ရှားပါသည်။ Paracetcmol ကဲ့သို့သော အဖျားကျဆေးများ သောက်ထားသည့် အခါမျိုးတွင်တော့ ထို Step Ladder Pattern မျိုးကို မတွေ့ရနိုင်ပါ။ ဆေးအရှိန်ကြောင့် အဖျားသည် တက်လိုက်ကျလိုက် ဖြစ်နေမည်သာ ဖြစ်ပါသည်။ နုံးခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်း၊ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ခြေဖျားလက်ဖျားနာခြင်း စသည်တို့ ဖြစ်နိုင်ပါသည်။ အစောပိုင်း အချိန်များတွင် ဝမ်းချုပ်ခြင်း သည်လည်း Typhoid Fever ၏ လက္ခဏာ တစ်ခုဖြစ်ပါသည်။ သို့သော် သတိထားသင့်သည်မှာ ကလေးများတွင်တော့ ဝမ်းမချုပ်ဘဲ ဝမ်းပျက်ပြီး အန်ခြင်းကို တွေ့ရနိုင်ပါသည်။ ပုံမှန်အားဖြင့် အပူကြီးလျှင် နှလုံးခုန်နှုန်း ပိုမြန်နေလေ့ ရှိသော်လည်း Typhoid Fever တွင်တော့ အပူကြီးနေသော်လည်း နှလုံးခုန်နှုန်းသည် မျှော်မှန်းထားသလောက် မမြန်ဘဲဖြစ်နေနိုင်ပါသည်။ ဤသည်ကို Relative Bradycardiaဟု ခေါ်သည်။ နှလုံးခုန်နှုန်းသည်ပင်ကို နှေးနေခြင်း မဟုတ်ပါ။ အပူချိန်နှင့် လိုက်၍ ရှိသင့်သလောက် မရှိခြင်းသာဖြစ်ပါသည်။ ရောဂါ စဝင်ပြီး ပထမပတ် အဆုံးတွင် ဝမ်းဗိုက်အထက်ပိုင်းနှင့် ကျောဘက်တို့၌ အနီကွက်များ ထွက်လာတတ်ပါသည်။ Rare-red Spots ဟု ခေါ်ပါသည်။

 

လက်ဖြင့် ဖိကြည့်လျှင် ပျော့သွားလေ့ ရှိပါသည်။ သို့သော် အသားဖြူသော လူများတွင်သာ မြင်ရလွယ်ပါသည်။ တချို့တွင် ချောင်းဆိုးခြင်း၊ နှာခေါင်းသွေးလျှံခြင်းတို့ဖြစ်နိုင်ပါသည်။ ရ ရက်မှ ၁၀ ရက်ခန့် အကြာတွင် အနည်းငယ် ကြီးနေသော ဘေလုံးကို စမ်းမိနိုင်ပါသည်။ ဝမ်းချုပ်နေရာမှ ဝမ်းပျက်လာပြီး ဝမ်းဗိုက်သည် တင်းနေနိုင်ပါသည်။ ဒုတိယပတ် အဆုံးတွင် ထိရောက် မှန်ကန် သော ပိုးသတ်ဆေးဖြင့် ကုသမှု မခံယူပါကရောဂါ ပြင်းထန်လာပါလိမ့်မည်။ ဤသို့သာ ဖြစ်သွားပါ က တတိယပတ်တွင် ရောဂါပိုး ပျံ့နှံ့မှု များပြားလာပြီး လူနာသည် သတိလစ်သွားခြင်းမှ နောက်ဆုံး တွင် အသက်သေဆုံးရနိုင်ပါသည်။ ထို့ကြောင့် Typhoid Fever ကို လျှော့မတွက်သင့်ပါ။ ပြင်းထန်သော Typhoid Fever သာ အမှန်ဖြစ်ပါက စနစ်တကျ ကုသမှုကို သေချာပေါက် ခံယူရပါမည်။ သို့မဟုတ်ပါက အသက ်သေဆုံး နိုင်ပါသည်။ ပြန်ကောင်းသွားလျှင်သော်မှ ၅ ရာခိုင်နှုန်းခန့်သော လူများသည် လက္ခဏာများ မပြတော့သော်လည်း နာတာရှည် ရောဂါ သယ်ဆောင်သူများဖြစ်သွားနိုင်ပြီး အခြားသူများကို ရောဂါ ကူးစက်စေ နိုင်သည်ကိုလည်း သတိထားသင့်ပါသည်။ထိုသူမျိုးသည် အများအားဖြင့် သည်းခြေအိတ်တွင် ရောဂါ တစ်ခုခု ရှိနေသူများဖြစ်ပါသည်။

 

Para Typhoid Fever သည် Typhoid Fever နှင့် အတော်များများ ဆင်တူပြီး Para Typhoid သည် အကွက်များ ပိုထွက်ပြီး အူလမ်းကြောင်းဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများနည်းပါးခြင်းသာ ကွာခြားပါသည်။ အလွယ်ပြောရလျှင် Para Typhoid သည် Typhoid Fever လောက် မပြင်းထန်ပါ။ Typhoid Fever ၏ နောက်ဆက်တွဲ ဆိုးကျိုးများ အနေဖြင့် အူများပေါက်ခြင်း၊ သွေးယိုခြင်း၊ အရိုးအဆစ်များသို့ ပိုးပျံ့နှံ့ခြင်း၊ ဦးနှောက်နှင့်သည်းခြေအိတ်များထဲသို့ ပိုးဝင်ပြီး ဦးနှောက် အမှေးရောင်ခြင်း၊ သည်းခြေအိတ် ရောင်းခြင်းတို့ ဖြစ်နိုင်ပါသည်။ပိုမိုဆိုးရွားပါက နှလုံးရောင်ခြင်း၊ ကျောက်ကပ်ရောင်ခြင်းတို့လည်း ဖြစ်နိုင်ပါသည်။သွေးယိုခြင်း နှင့် အူပေါက်ခြင်းတို့သည် ဒုတိယပတ် အဆုံးနှင့် တတိယပတ်တို့တွင်ဖြစ်ပေါ်နိုင်ပါသည်။ ရောဂါဖြစ်ပြီး နှစ်ပတ်လောက် အကြာသည် သတိထားရမည့် ကာလ ဖြစ်ပါသည်။ သတိမူသင့် သည့် အချက်မှာ အပူချိန်သည် အထက်တွင် ဖော်ပြထားခဲ့ သကဲ့သို့ Step Ladder Pattern ဖြစ်နေရာမှ ရုတ်တရက် ပုံမှန်၊ သို့မဟုတ် ပုံမှန်အောက်သို့ပင် ကျသွားပြီး အဖျားကျသွားပါက ထိုသို့ ဖြစ်ခြင်းသည် အူပေါက်ခြင်းကြောင့် ဖြစနေနိုင်ပါသည်။ ဓာတ်ခွဲခန်း စမ်းသပ်မှု အနေဖြင့် ထိထိရောက်ရောက် လုပ်နိုင်သည်များရှိပါသည်။  သွေးဖောက်စစ်ကြည့်လျှင် သွေးဖြူဥသည် သိသိသာသာ ကျနေနိုင်ပါသည်။ Bacteria ကြောင့် ဖြစ်သော ရောဂါများထဲတွင် ထူးထူးခြားခြား သွေးဖြူဥကျခြင်း (Typhoid Leukopenia) သည် Typhoid ၏ ထူးခြားချက် တစ်ခု ဖြစ်ပါသည်။ သွေးကို ထုတ်၍ ပိုးမွေး စစ်ကြည့်လျှင်တော့ အကောင်းဆုံး ဖြစ်ပါသည်။

 

မစင်ထဲတွင်တော့ ၂ ပတ်နှင့် ၃ ပတ်လောက်မှသာ ပိုးများ တွေ့နိုင်ပါသည်။ ကုသမှု အနေဖြင့် ပိုးသတ်ဆေး တော်တော်များများ သောက်နိုင်ပါသည်။သို့သော် Drug of Choice အနေဖြင့် Cipro floxacin 500 mg အား ၁၂ နာရီခြား တစ်ခါ တိုက်နိုင်ပါသည်။ နောက်ထပ် နည်းလမ်းများအဖြစ် Amoxicillin 750 mg ၆ နာရီခြား တစ်ကြိမ်၊ Chloramphenicol 500 mg ၆ နာရီခြား တစ်ကြိမ် တိုက်နိုင်ပါသည်။ ယခုနောက်ပိုင်းတွင်တော့ Ciprofloxacin ထက်ထိရောက်သော Cephalosporin အမျိုးအနွယ်များ ဖြစ်သည့် Ceftriaxone, Cefotaxime စသည်တို့ ပေါ်နေပြီ ဖြစ်ပါသည်။ လူနာသည် ဆေးကို ၁၄ ရက်ခန့် သောက်ရပါမည်။သိထားသင့်သည်မှာ Typhoid Fever တွင် အဖျားသည် ဆေးသောက်ပြီး ၅ ရက်ခန့်အထိ တက်နေနိုင်ပါသေးသည်။ ထို့ပြင် ဆေးသောက်နေသည့်ကြားမှ နောက်ဆက်တွဲ ဆိုးကျိုးများ လည်း ဖြစ်လာနိုင်ပါသည်။ ရောဂါပိုး သယ်ဆောင်သူလည်း ဖြစ်သွားနိုင်ပါသေးသည်။ ရောဂါ သယ်ဆောင်သူများ အနေဖြင့် ဆေးကို ၄ ပတ်ခန့် ဆက်သောက်ရပါမည်။ တချို့သော လူနာများ တွင် သည်းခြေအိတ် ထုတ်ရသည်အထိ ဖြစ်သွားနိုင်ပါသည်။ ရောဂါကာကွယ်မှု အနေဖြင့် တစ်ကိုယ်ရေ သန့်ရှင်းရေးသာ အရေးကြီးပါသည်။ ကာကွယ်ဆေးလည်း ထိုးထားနိုင်ပါသည်။ ဤမျှလောက်ဆိုလျှင် Typhoid Fever အကြောင်းကို အခြေခံမျှ သိလောက်ပြီဟု ယူဆရင်း နိဂုံးချုပ်လိုက် ရပေသည်။

 

Healthcare.com.mm

 

Ref:

ဒေါက်တာ ကောင်းမြတ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18