Print

သန္ဓေတားခြင်းဆိုင်ရာ အရပ်စကားများ

  24-Feb-2017
Preview Image

နှစ်ဦးအတူနေစဉ် အမျိုးသမီးအနေနဲ့ ခံစားချက် အထွတ်အထိပ် မရောက်ရင် ကလေးမရနိုင်ဘူးလား။ 
ကလေးရဖို့ အမျိုးသမီးရဲ့ မျိုးဥနဲ့ အမျိုးသားရဲ့ သုက်ပိုးတို့ တွေ့ဆုံပေါင်းစပ်ရေးသာ အဓိကကျပါတယ်။ အခြားဘာအကြောင်းတရားမှ မလိုပါဘူး။ သဘာဝအားဖြင့် အမျိုးသမီးများအနေနဲ့ တစ်လဝန်းကျင် တစ်ခါ မျိုးဥကြွေဆင်းမြဲ ဓမ္မတာပါ။ အမျိုးသားနဲ့ အတူနေလို့ သုက်ပိုးနဲ့ မျိုးဥဆုံခွင့်ရရင် ကလေးရသွားနိုင်တာပါပဲ။ အမျိုးသမီးရဲ့ခံစားမှု အနေအထားနဲ့ မပတ်သက်ပါဘူး။ အဓမ္မပြုကျင့်ခံရသူတွေ ကိုယ်ဝန်ရှိသွားတတ်တာ သာဓကပဲ ဖြစ်ပါတယ်။

 

အမျိုးသားနဲ့အတူနေပြီးနောက် မိန်းမကိုယ်အတွင်း ဆေးကြောသန့်စင်ပစ်ရင် ကလေးမရနိုင်ဘူးလား
အတူနေပြီးနောက် မိန်းမကိုယ်အတွင်း ဆေးကြောသန့်စင် ပစ်ခြင်းဟာ ထိရောက်တဲ့ သန္ဓေတားခြင်း မဖြစ်စေနိုင်ပါဘူး။ အထောက်အကူ ကတော့ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ အမျိုးသမီးအနေနဲ့ သန့်စင်ဆေးကြောတဲ့ အချိန်မှာ သုက်ပိုးတစ်ချို့ဟာ သားအိမ်အတွင်း ဝင်ရောက်သွားပြီးဖြစ်လို့ဆေးကြောဖို့လက်လှမ်းမမီတော့ပါဘူး။

 

တစ်လမှာတစ်ရက်သာ ကလေးရနိုင်တာကြောင့် စိတ်ချရတဲ့နေ့တွေမှာ အတူနေတဲ့အတွက် သန္ဓေတားဖို့ မလိုပါဘူး။
သန္ဓေတားခြင်းဆိုင်ရာ ဗဟုသုတအလွန်နည်းသူတွေမှာ တွေ့ရတဲ့ သဘောတရားပါ။ လူဟာ စက်ရုပ်မဟုတ်ပါဘူး။ ကိုယ်တွင်းဓာတ် သဘာဝတွေ လည်ပတ်နေမှုမှာလည်း အချိန်အတိုင်းအတာတစ်ခုအထိ မှန်နိုင်ပေမယ့် အတိအကျသတ်မှတ်ဖြစ်ပွားနေတာ မဟုတ်ပါဘူး။ များသောအားဖြင့် ဓမ္မတာစမလာမီ ဆယ်လေးရက်လောက်မှာ မျိုးဥကြွေဆင်းပါတယ်။ ဒီရက် ရှေ့နောက်ဝန်းကျင်တွေ ဖယ်လိုက်ရင် ကျန်တဲ့အချိန်တွေဟာ စိတ်ချရတယ်လို့ တွေးလို့ရပါတယ်။ 

 

ဒါပေမယ့် ဘယ်ရက်မျိုးဥကြွေမှာလဲ၊ ကြွေဆင်းလာတဲ့ မျိုးဥဘယ်နှစ်ရက် အသက်ရှင်နေမှာလဲဆိုတာ ဘယ်သူမှ အတိအကျ မသိနိုင်ကြပါဘူး။ ဒါကြောင့် စိတ်ချရတဲ့ ရက်ဆိုတာလည်း အတိအကျ မရှိပါဘူး။ ဒီနည်းကို ရက်ရှောင်နည်းလို့ အကြမ်းအားဖြင့် ခေါ်ကြပါတယ်။ ကြုံဖူးတဲ့ အိမ်ထောင်တစ်ခုမှာတော့ တားဆေးတွေ မသုံးချင်တာနဲ့ ရက်ရှောင်နည်းသုံးပြီး အတူနေကြပါတယ်။ စိတ်မချရတဲ့ နည်းဖြစ်တာကြောင့် လက်ထပ်ပြီး လအနည်းငယ်အကြာမှာ ကိုယ်ဝန်ရှိသွားကြ ပါတော့တယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမြင့်သန်း (သန္ဓေသား)
Health for all magazine, No.100, May 2015, Pg. 37

 


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18