Print

အလွန်အကျွံ တစ်ကိုယ်တည်း ကာမဖြေခြင်း

  24-Feb-2017
Preview Image

တစ်ကိုယ်တည်း ကာမဖြေခြင်းဟူသည် သဘာဝမဟုတ်သည့် နည်းလမ်းများဖြင့် လိင်စိတ်အား ဖြေဖျောက်ခြင်းဖြစ်၏။ ပျိုဘော်ဝင်စ အရွယ်များအတွက် ဤအပြုအမူသည် ဖြစ်ရိုးဖြစ်စဉ် အပြုအမူတစ်ရပ်သာ ဖြစ်၏။ အရွယ်ရောက် သူတို့တွင် ဟော်မုန်းများကြောင့် လိင်စိတ်တင်းအားများ ဖြစ်ပေါ်လာသည်။ ထိုတင်းအားသည် စုဆောင်းတတ်သည့် သဘာဝရှိရာ ၎င်းကို တစ်နည်းနည်းဖြင့် လျော့ပါးအောင် ပြုလုပ်ကြသည်။ 

 

လူငယ်ကလေးများတွင် ညအိပ်ချိန် အလိုအလျောက် သုက်လွှတ်ခြင်းဖြင့် ထိုတင်းအားကို လျော့ပါးစေသော်လည်း များသောအားဖြင့် တစ်ကိုယ်တည်း ကာမဖြေခြင်းဖြင့် လျော့ပါးအောင် ပြုလုပ်တတ်ကြသည်။ အချို့မှာမူ (မိန်းကလေးများ အပါအဝင်) ထိုသို့ ဖြေဖျောက်လိုစိတ်ကို အပြစ်စွဲစိတ်နှင့် ကြောက်ရွံ့စိတ်တို့ဖြင့် တားမြစ်ထားတတ်သည်။ တစ်ကိုယ်တည်း ကာမဖြေခြင်းဖြင့် ရုပ်နှင့်စိတ်ကို အကြီးအကျယ်ထိခိုက်စေသည်ဟူသည့် အယူအဆသည် လွဲမှားသည့် အယူအဆတစ်ခုဖြစ်၏။ 

 

ထိုသဘောထားအား ထောက်ခံသည့် သိပ္ပံနည်းကျ လေ့လာမှုများ မရှိပေ။ ထိုသို့ ဖြေဖျောက်ခြင်းဖြင့် အသားအရေ ထိခိုက်စေသည်။ အားနည်းမှု ဖြစ်ပေါ်စေသည်။ ပန်းသေမှု ဖြစ်စေသည်။ ဉာဏ်ထိုင်းစေသည်။ စိတ်ရောဂါရစေသည် စသည်ဖြင့် ယူဆကြသည်။ စိတ်ပညာနှင့် ဆေးပညာနယ်ပယ်တွင် ပြုလုပ်ခဲ့သည့် သုတေသနများတွင် တစ်ကိုယ်တည်း ကာမဖြေခြင်းကြောင့် ရုပ်တွင်သော်လည်းကောင်း စိတ်တွင်သော်လည်းကောင်း၊ လိင်နှင့်ဆိုင်သော အပြုအမူသော်လည်းကောင်း ထိခိုက်မှုမတွေ့ရပေ။

 

မိဘများနှင့် လူငယ်ကိုယ်တိုင် လက်ခံထားသည့် လွဲမှားသော အယူအဆကြောင့်သာလျှင် အပြစ်စွဲစိတ် ဖြစ်ပေါ်လာနိုင်သည်။ ထိုမှတစ်ဆင့် စိတ်အနှောင့်အယှက် ဖြစ်လာနိုင်သည်။ သူ၏ စိတ်ပဋိပက္ခကြောင့် ကျောင်းစာများတွင် ညံ့ဖျင်းနေတတ်သည်။ လုပ်ကိုင်သမျှတွင် ဆုံးရှုံးနေရတတ်သည်။ဤအပြုအမူသည် အပျိုဘော်အရွယ်တို့အတွက် သာမန်အပြုအမူ ဖြစ်သော်လည်း တစ်ချိန်လုံး ဤစိတ်ဖြင့်သာ ဖုံးလွှမ်းနေပါက ရောဂါလက္ခဏာတစ်ရပ် ဖြစ်နိုင်ပေသည်။ 

 

အချို့မှာ တစ်နေ့လျှင် နှစ်ကြိမ်သုံးကြိမ် တစ်ကိုယ်တည်း ကာမဖြေဖျောက်သည်။ ထို့အတွက် စိတ်တင်းကျပ်လာပြန်သည်။ သံသရာလည်၍ ဆုံးမည်မဟုတ်ပေ။အခြားပြဿ နာကဲ့သို့ပင် ဤပြဿ နာ၏ အရင်းအမြစ်ကို ရှာဖွေပြီး ဖြေရှင်းပေးသင့်သည်။ အပြစ်ပေးခြင်း ပြုလုပ်ပါက စိတ်တင်းကျပ်မှု ဖြစ်ပေါ်စေ၍ ထိုအပြုအမူအား ပို၍ပင် ဆိုးရွားလာအောင် ပြုလုပ်သကဲ့သို့ ဖြစ်လာနိုင်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ခင်မောင်သန်း (စိတ်ပညာ)
စိတ်ဖောက်ပြန်မှုနှင့် စံလွဲအပြုအမူများ စာအုပ်မှကောက်နှုတ်ထားပါသည်။

 


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18