Print

အပျိုဖော်ဝင်စနှင့် လူပျို ဖြစ်စ ဆောင်ရန်ရှောင်ရန်များ

  24-Feb-2017
Preview Image

ဆေးပညာရှင်များက မွေးစမှ အသက် ၁၂ နှစ် အထိကို ကလေးအရွယ်၊ အသက် ၁၂ နှစ်မှ ၁၅၊ ၁၆ နှစ်အထိကို ပျိုဖော်ဝင်စအရွယ်၊ အသက် ၁၂နှစ်မှ ၁၈၊ ၁၉ နှစ်အထိကို ဆယ်ကျော်သက်အရွယ်၊ အသက် ၂၀ မှ ၄၀ အထိ လူရွယ် လူလတ်၊ အသက် ၄၀ မှ ၆၀ အထိ လူကြီးပိုင်း၊ အသက် ၆၀ နှစ်ကျော်လျှင် လူအိုပိုင်းဟု ယေဘုယျအားဖြင့် သတ်မှတ်ထားကြပါသည်။

 

ယင်းသို့အားဖြင့် အရွယ်ရောက်ပြီးသော အမျိုးသမီးများ ဆိုရာတွင် အသက် ၁၂ နှစ်မှ ၁၅၊ ၁၆ အထိ ပျိုဖော်ဝင်စအရွယ်၊ အသက် (၁၂) နှစ်မှ ၁၈၊ ၁၉ နှစ်အထိ ဆယ်ကျော်သက်အရွယ်တို့ကို ဆိုလိုပါသည်။ လူတို့၏ ခန္ဓာကိုယ်ကြီးထွားမှုတွင် ကလေးငယ်ဘဝ၌ တစ်ကြိမ်၊ ပျိုဖော်ဝင်စအရွယ်၌တစ်ကြိမ် ကြီးထွားနှုန်း အမြန် ဆုံး ဖြစ်လေသည်။ သို့ဖြစ်၍ ဤအရွယ်တွင် အာဟာရ ပြည့်ဝသော အစားအစာများကို များများစားသုံးသင့်ပေသည်။ ထို့အပြင် ဤပျိုဖော်ဝင်စအရွယ်တွင် သွေးသားပြောင်းလဲချိန်ဖြစ်၍ သွေးသားနှင့် ဆက်နွယ်နေသည့် သံဓာတ်ပါသော အစားအစာများ၊ ကြီးထွားနှုန်းကို အကောင်းဆုံး မြှင့်တင်ပေးနိုင်မည့် ပရိုတင်းဓာတ်နှင့် အင်အား လုံလောက်သော အစားအစာများကို စားသုံးသင့်ပေသည်။

 

အထူးသဖြင့် နွားနို့၊ ပဲနို့၊ အသား၊ ငါး၊ ပဲအမျိုးမျိုးတို့မှာ ကယ်လိုရီနှင့် ပရိုတင်းကြွယ်ဝသော အစာများဖြစ်သဖြင့် အထူးဦးစားပေး စားသုံးသင့်ပေသည်။ ဗီတာမင် (အေ) ဓာတ်သည် မျက်စိအမြင်အားကို ကောင်းစေရုံမျှမက ခန္ဓာကိုယ်ကြီးထွားမှု၊ ကိုယ်တွင်းခုခံမှု စွမ်းအားစသည့်တို့နှင့် ဆက်နွယ်နေကြောင်း သုတေသနပြုချက်များစွာတို့က ထောက်ခံလျက်ရှိကြရာ ပျိုဖော်ဝင်အရွယ်တွင် ဗီတာမင် (အေ) ဓာတ် ကြွယ်ဝသော အဝါရောင်နှင့် အစိမ်းရင့်ရောင်ရှိ အသီး၊ ဟင်းသီးဟင်းရွက်များ (ဥပမာ သင်္ဘောသီး၊ မုန်လာဥ၊ ကန်စွန်းရွက်၊ ရွှေဖရုံသီး) စသည်တို့ကိုလည်း သင့်တင့်စွာ စားသုံးပေးရပေမည်။

 

ထို့အပြင် ပျိုဖော်ဝင်စအရွယ်၌ အရိုးကြီးထွားမှုသည် အလွန်အရေး ကြီးလှပေသည်။ အရိုးကြီးထွားကျစ်လျစ်ပါမှ အရပ်မြင့်လာနိုင်ပေသည်။ ထို့ကြောင့် အရိုးကြီးထွားကျစ်လျစ်မှုကို အားပေးသည့် ထုံးဓာတ် အလုံအလောက်ပါသော အစားအစာများ (ဥပမာ - စိမ်းလန်းသော ဟင်းသီးဟင်းရွက်များ) ကိုလည်း လုံလောက်စွာ မှီဝဲပေးသင့်ပေသည်။ ပျိုဖော်ဝင်စအချိန်အရွယ်မှာယောက်ျားကလေးဖြစ်က အရပ်ထွက်လာ၊ အသံသြလာသည်။ မိန်းကလေးဖြစ်ပါက တင်ကား၊ ရင်ထွား၊ ခါးသေး စသည်ဖြင့် မိန်းမပုံသဏ္ဍာန် ဖြစ်လာသည်။

 

ယင်းသို့ထင်ရှားသော ခန္ဓာကိုယ်ဆိုင်ရာ ပြောင်းလဲမှုများ သာမက အခြားသောပြောင်းလဲမှုများလည်း ရှိကြပေသည်။ ဥပမာ – လည်ပင်းရှိသိုင်းရွိုက်အကျိတ်သည် အပျိုပေါက်ကာလ၌ အနည်းငယ်ပို၍ ကြီးလာသည်။ ယင်းသို့ကြီးလာသဖြင့် သူက ထုတ်လုပ်သော သိုင်းရွိုက်ဟော်မုန်း ပိုများလာသဖြင့် မိန်းကလေးဆိုလျှင် သွက်လက် ဖျတ်လတ်လာကြသည်။ သို့ရာတွင် လှုပ်ရှားတက်ကြွလွန်း၍ အချို့မိန်းကလေးများ အစားအသောက်နည်းကာ အပျိုပေါက်အရွယ်တွင် ပိန်တတ်လေသည်။ များသောအားဖြင့် ပျိုဖော်ဝင်စအရွယ်များသည် စားကောင်းသောက်ကောင်းအရွယ်များ ဖြစ်ကြသည်။

 

သို့သော် စားကောင်းခံတွင်းတွေ့တိုင်း စိတ်အလိုလိုက်၍ အစားအစာများကို မကြာခဏ စားသုံးခြင်းမျိုးကို ရှောင်ရပေမည်။ သို့မဟုတ်က အဝလွန်ရောဂါ ဖြစ်နိုင်ပါ သည်။ သုတေသနပညာရှင်များက အဝလွန်ရောဂါရှင်မှာ ပျိုဖော်ဝင်စများကို အများအပြားတွေ့ရသည်ဟု ဆိုပါသည်။ အချုပ်အားဖြင့် ပျိုဖော်ဝင်စ အရွယ်များတွင် ကယ်လိုရီနှင့် ပရိုတင်း ကြွယ်ဝသော နွားနို့၊ ပဲအမျိုးမျိုး၊ အသား၊ ငါး၊ ကြက်ဥ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်များကို မဖြစ်မနေ စားသုံးသင့်ပါသည်။ ထို့ကြောင့် ပျိုဖော်ဝင်စ အရွယ်များအတွက် တစ်နေ့တာ စားသုံးသင့်သော အာဟာရ အစားအစာများကို တင်ပြလိုက်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit: မြန်မာရောင်စဉ်
အေးချမ်းမွန်

 


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18