Print

အထင်မှားဝေဒနာ

  29-Jun-2017
Preview Image


ကျွန်တော် ကျန်းမာရေးဂျာနယ်တစ်ခုမှာ ဖတ်ဖူးတဲ့ အကြောင်းအရာတစ်ခုကို မေးချင်ပါတယ်။ Small penis syndrome တဲ့ ဆရာ၊ အဲဒီအကြောင်းလေး သိချင်ပါတယ်ဆရာ။ အဲဒီရောဂါကရော တကယ်ရှိလား ဆရာ။


ရှိတာပေါ့ဗျာ။ ရှိတာမှ အများကြီးလို ့တောင်ဆိုရမှာ။ လွဲမှားတဲ့ အတွေ ့အကြုံဗဟုသုတတွေကြောင့် အမှန်မဟုတ်တာကို အမှန်လို ့ထင်နေတတ်တာ။ စိတ်ဝေဒနာ အနုစားလေးတစ်ခုလို ့ပြောချင်တယ်ဗျာ။ အမျိုးသားတစ်ချို ့ဟာ မိမိရဲ ့လိင်အင်္ဂါ(လိင်တံ) အရွယ်အစားက အမှန်တကယ် ပုံမှန် အတိုင်းရှိတယ်။ ဒါပေမယ့် အဲဒါကို သေးငယ်နေတယ်လို ထင်နေတာ။ အဲဒါကို Small Penis Syndrome - 'လိင်အင်္ဂါသေးငယ်သည်ဟု ထင်နေသော လက္ခဏာစု'လို ့ဘာသာပြန်လို ့ရမယ်လို ့ထင်တယ်။ဒါကလည်း အခုမှ မဟုတ်ပါဘူး။ ဟိုလွန်ခဲ့တဲ့ ရှေးနှစ်ပေါင်းများစွာကတည်းကရှိနေခဲ့တာပဲ။ ဒါကြောင့် လိင်အင်္ဂါကြီးထွားဖို ့ အမျိုးမျိုးကြိုးပမ်းမှုတွေ ရှိခဲ့တာပေါ့ဗျာ။


*ဘာလို ့များ အမှန်မဟုတ်တာကို အမှန်ထင်တတ်ကြတာလဲ။

မှားယွင်းတဲ့ အတွေ ့အကြုံ ဗဟုသုတတွေပေါ့။ နောက်တစ်ခုက လိင်ကိစ္စနဲ ့ပတ်သက်ပြီး ပွင့်လင်းမှုက မရှိဘူး။ အမျိုးသားတစ်ယောက်ရဲ့ လိင်အင်္ဂါအရွယ်အစားအမှန်ကို သိသူနည်းကြတယ်။ ခန္ဓာဗေဒစာအုပ်တိုင်းမှာတောင် လိင်အင်္ဂါအရွယ်အစားနဲ ့ ပတ်သက်ပြီး မပါပါဘူး။ စာအုပ်အနည်းငယ်မှာသာပါတာ။


*သာမန်ယောကျင်္ားတစ်ယောက်ရဲ ့ လိင်အင်္ဂါအရွယ်အစားက ဘယ်လောက်ရှိပါသလဲ။

သာမန်အချိ်န်မှာ ပျှမ်းမျှ ၂.၅လက်မလောက်ရှိပါတယ်။ တောင့်တင်းလာရင်တော့ ၅.၅ကနေ ၆.၂လက်မကြား၊ တချို ့ကျတော့လည်း ၄.၅လက်မကနေ ၆.၅လက်မကြား အမျိုးမျိုးပြောတာတော့ရှိပါတယ်။ဆေးပညာရှင်တွေက သာမန်အားဖြင့် ၂လက်မထက် မငယ်ရင်၊ လိင်အင်္ဂါသေးငယ်တယ်လို ့မဆိုနိုင်ဘူးလို ့ပြောခဲ့ပါတယ်။ ဒါထက်သေးနေရင်တော့ ဆေးပညာမှာ Micropenis လို ့ခေါ်တယ်။ ဒါကတော့ သာမန်မဟုတ်ခဲ့တဲ့ စံလွဲတဲ့ကိစ္စပေါ့။


Small Penis Syndrome 'SPS' ကို တချို ့က Paltry Penis Perception လို ့လည်း သုံးနှုန်းခေါ်ဆိုသေးတယ်။ အဲဒီလို အသိအာရုံခံစားမှုရှိသူတွေဟာ မိမိကိုယ်ကိုမိမိ ယုံကြည်မှု အားနည်းနေတတ်ကြတယ်။ သိမ်ငယ်တာတို ့၊ အလွန်ရှက်တတ်တာတို ့ဖြစ်တတ်တယ်။အဲဒီလို စိတ်ဝေဒနာရှိနေတဲ့သူတွေရဲ့ ဇနီးမယား (ဆက်ဆံဖော်)တွေကို လေ့လာစုံစမ်းမေးမြန်းကြည့်တဲ့အခါ သူတို ့ဟာ လိင်ဆက်ဆံရမှုကျေနပ်မှုရှိကြောင်း ထုတ်ဖော်ပြောကြတယ်။ သူတို ့အတွက် ပြဿနာတစ်ရပ် လုံးဝမဟုတ်ဘူးလို ့လည်း ဆိုကျတယ်။


*အဲဒီလို ခံစားမှုကြောင့် လူနာမှာ ဘယ်လိုအကျိုးဆက်တွေရှိနိုင်ပါသလဲ။ ကုသလို ့ရော ရပါသလားဆရာ။

လူနာက ကျွန်တော်စောစောကပြောသလို ယုံကြည်မှု အားနည်းတာ၊ စိတ်အားငယ်တာ၊ ရှက်တတ်တာ၊ တချို ့ဆိုရင် စိတ်ကျဝေဒနာ ဖြစ်တာမျိုးအထိ ဖြစ်လာတာပေါ့။ အဲဒီကတဆင့်လိင်ဆက်ဆံဖို ့ စိတ်ဝင်စားမှုမရှိတာ။ လိင်ဆန္ဒအားနည်းတာ၊ ပန်းသေပန်းညှိုးဖြစ်တာမျိုးတွေ ကြုံတွေ ့လာရနိုင်ပါတယ်။


အနုစားစိိတ်ဝေဒနာလေးတစ်ခုဆိုပေမယ့် ဒါကိုအမှန်အတိုင်း သိအောင် အထောက်အထားနဲ ့ ရှင်းပြရမှာပေါ့ဗျာ။ စိတ်ပညာသဘောအရ Interpretative Psychotherapy နည်းသုံးနိုင်ပါတယ်။ ဗဟုသုတအမှန်ရအောင် စာအုပ်စာတမ်းတွေ ဖတ်ခိုင်းမယ်။ ယုံကြည်အောင်နားလည်အောင် ရှင်းပြပေးတယ်။ ဒါဆိုရင် အဲဒီလို အထင်မှားမှုတွေ ပျောက်သွားနိုင်ပါတယ်။


ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ) ရေးသားသော တိုးတိုးတိတ်တိတ်ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရအောင် စာအုပ်မှ ကောက်နုတ်တင်ပြပါတယ်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18