Print

မပေါ့ဆသင့်သော လိင်အင်္ဂါအနာများ

  13-Mar-2020
Preview Image

          လိင်အင်္ဂါအနာတွေဟာ ရောဂါတော်တော်များများကြောင့် ဖြစ်တတ်တယ်။ ဒါတွေကို ကာလသားရောဂါများနဲ့ တခြားရောဂါများဆိုပြီး နှစ်အုပ်စုခွဲနိုင်တယ်။ အရေးကြီးတဲ့တစ်ချက်က လိင်အင်္ဂါအနာရှိခြင်းဟာ အိပ်ချ်အိုင်ဗွီနဲ့ တခြား ကာလသားရောဂါတွေကို ကူးစက်နိုင်ချေ ပိုများစေတယ်ဆိုတာပါပဲ။

          လိင်အင်္ဂါအနာအများစု ဖြစ်စေတာဟာ ကာလသားရောဂါတွေပါပဲ။ အဲဒီထဲမှာ ရေယုန်၊ ဆစ်ဖလစ်နဲ့ ရှမ်းကရွိုက်တို့က အများဆုံးဖြစ်စေပါတယ်။ ရောဂါတစ်ခုတည်း ပြောပါဆိုရင်တော့ လိင်အင်္ဂါရေယုန်ပါပဲ။


ဘာကြောင့်လိင်အင်္ဂါမှာ အနာဖြစ်တာပါလဲ . . .

          အဓိကကတော့ ရောဂါပိုးရှိသူနဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းကြောင့်ဖြစ်တယ်။ ပြည့်တန်ဆာ သို့မဟုတ် လိင်ဆက်ဆံဖော်များသူတွေနဲ့ လိင်ဆက်ဆံခြင်းဟာ လိင်အင်္ဂါအနာ အပါအဝင် ကာလသားရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ လိင်မဆက်ဆံဘဲနဲ့ တစ်ခြားနည်းနဲ့ကူးပြီး အနာပေါက်တာကတော့ ရှိတော့ရှိတယ်။ ရှားတယ်။

          လိင်အင်္ဂါမှာ အနာဖြစ်ပြီဆိုရင်တော့ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ပြသရပါမယ်။ ဒီမှာ အရေးကြီးတာက လူနာအနေနဲ့ မိမိရဲ့ လိင်မှုရာဇဝင် Sexual History ကို အမှန်ပြောဖို့ လိုအပ်ပါတယ်။ အနာစမ်းသပ်စစ်ဆေးခြင်းကတော့ ဆရာဝန်အတွက် အထူးအရေးကြီးပါတယ်။ အနာဟာတစ်ခု ဒါမှမဟုတ် အများ၊ အနာရဲ့အသွင်အပြင်၊ နေရာတည်နေပုံ၊ နာ၊ မနာ၊ အကျိတ်ရှိ၊ မရှိ အပြင် တခြားလိုအပ်တာတွေကို သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။

          ပြီးမှ လိုအပ်တဲ့ဓာတ်ခွဲစစ်ဆေးမှု လုပ်ပြီး ရောဂါအတည်ပြုနိုင်ပါတယ်။ ဒီတော့ အနာဟာ စိုးရိမ်စရာ ရှိ၊ မရှိ သိပြီပေါ့။

          လိင်အင်္ဂါမှာ အနာပေါက်ပြီဆိုရင်တော့ ကုသမှုခံယူသင့်ပါတယ်။ ဆစ်ဖလစ်အနာဟာ ကာလတစ်ခုကြာရင် အလိုလိုပျောက်သွားတတ်တယ်။ တကယ်တော့ ရောဂါပိုးက သွေးထဲမှာ ရှိနေတုန်းပဲ။ အိမ်ထောင်ဖက်ကို ကူးနိုင်တယ်။ မိမိမှာလည်း တခြားပုံစံနဲ့ ပြန်ပေါ်လာနိုင်တယ်။ ပြောရရင် ရောဂါပျောက်သွားတာမဟုတ်ဘူး။ အသွင်ပြောင်းသွားတာ၊ ရေယုန်ဆိုလည်း ဒီအတိုင်းပဲ။ လိင်အင်္ဂါမှာ ပျောက်သွားပေမယ့် ခန္ဓာကိုယ်ထဲမှာ ရှိနေတယ်။ ကူးစက်နိုင်တယ်။


ဆေးရုံတက် ကုသဖို့ လိုပါသလား . . .

          အများစုဟာ ပြင်ပလူနာအနေနဲ့ပဲ ကုသမှု ခံယူနိုင်ပါတယ်။ ဒါပေမယ့် လိင်အင်္ဂါအနာကနေ တခြား ကိုယ်ခန္ဓာအစိတ်အပိုင်းကို ပျံ့နှံ့လာပြီဆိုရင်တော့ အတွင်းလူနာအနေနဲ့ ကုသမှု ခံယူဖို့ လိုကောင်းလိုပါမယ်။

          ကုသမှုမှာ ဆေးကုသမှုနဲ့ နေထိုင်မှုပုံစံ ဂရုစိုက်ခြင်းဆိုပြီး နှစ်ပိုင်းရှိတယ်။ ဆေးကုသမှုကို အနာသက်သာရုံတင်မက ပျောက်ကင်းသည်အထိ ကုသမှုခံယူရပါမယ်။ လူနာတွေဟာ လိင်အင်္ဂါအနာကို ဆေးတစ်မျိုးမျိုး မိမိဘာသာ လိမ်းလာတတ်ကြတယ်။ လိမ်းဆေးအများစုဟာ ရောဂါလက္ခဏာကို ပိုဆိုးစေတတ်ပါတယ်။ အဲဒါတွေအစား ရေနွေးနဲ့ အသာအယာဆေးခြင်း၊ ရေအေးနှင့် စိမ်ခြင်းတို့ဟာ လက္ခဏာသက်သာစေတာမို့ ဒါတွေကို အသုံးပြုသင့်ပါတယ်။ လိင်အင်္ဂါရေယုန်ဟာ စိတ်ဖိစီးမှုများရင် ပြန်ဖြစ်တတ်တာမို့ စိတ်ဖိစီးမှုကို လျှော့သင့်ပါတယ်။

          အနာရှိတုန်းမှာ အိမ်ထောင်ဖက်နဲ့ လိင်မဆက်ဆံရပါဘူး။ ဒါအရေးကြီးပါတယ်။ အနာမဖြစ်မီ ရောဂါအလိုက် တစ်ပတ်မှ သုံးလအတွင်း ဆက်ဆံမှုရှိခဲ့တဲ့ လိင်ဆက်ဆံဖော်တွေဟာလည်း စစ်ဆေးမှု ခံယူသင့်ပါတယ်။ လက္ခဏာမရှိပေမယ့် ဓာတ်ခွဲစစ်ဆေးချက်မှာ ပိုးရှိခဲ့ရင် သူတို့လည်း ကုသမှုခံယူရပါမယ်။

အကြံပေးချက်

          “ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်” ဆိုတဲ့စကားဟာ ဒီနေရာမှာ တကယ့်ကို ဒက်ထိပါပဲ၊ တကယ်တော့ ကာလသားလိင်အင်္ဂါအနာတွေဟာ တစ်ရာရာခိုင်နှုန်း ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ရှောင်နိုင်ရင်အကောင်းဆုံးပါ။ မရှောင်နိုင်ရင်လည်း အမြဲတမ်းကွန်ဒုံးအသုံးပြုရပါမယ်။

Credit : ဒေါက်တာ စိုးဝင်းဦး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18