Print

ခုခံအားကျ ရောဂါ အတွက်ပေါ်ပေါက်လာတော့မယ် ကာကွယ်ဆေး ထိုးဆေးအကြောင်း

  15-May-2020
Preview Image

           ခုခံအားကျဆင်းရောဂါ (AIDS Acute Immunodefciency Syndrome) ဟာ (Human Immunodefciency Virus) ဆိုတဲ့ HIV ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်ပွားလာရတာ ဖြစ်ပါတယ်။ တစ်လင်တစ်မယားစနစ် မကျင့်သုံးသူတွေ၊ လိင်ကိစ္စစည်းကမ်းမဲ့သူတွေ၊ အပျော်အပါးလိုက်စားသူတွေ၊ မူးယစ်ဆေးစွဲသူတွေနဲ့ မူးယစ်ဆေးကို အကြောထဲ သွင်းသူတွေမှာ အဖြစ်ပိုများပါတယ်။ အရင်တုန်းက ကုရာနတ္ထိဆေးမရှိဘူးဆိုလို့ လူတွေ ထိတ်လန့်ခဲ့ကြပေမဲ့၊ အခုတော့ကုသလို့မပျောက်တော့ပေမဲ့ ရောဂါကို ပိုဆိုးရွားမလာအောင် ဆေးဝါးနဲ့ ထိန်းချုပ်နိုင်တဲ့ အဆင့်ကို ရောက်လာနေပြီဖြစ်ပါတယ်။


    သိပ္ပံပညာရှင်တွေဟာ ခုခံအားကျရောဂါကုဆေးဝါးတွေကို ပိုမို အစွမ်းထက်အောင် တီထွင်ထုတ်လုပ်နေကြသလို ရလဒ်ကောင်းတွေ ရအောင် အမြဲတမ်းလေ့လာနေကြပါတယ်။ အခုနောက်ဆုံးရတဲ့ သူတို့ရဲ့ကြိုးစားမှုသတင်းကတော့ ခုခံအားကျစေတဲ့ ရောဂါပိုးဗိုင်းရပ်စ်အမျိုးအစားအားလုံးအပေါ် ထိခိုက်ပျက်စီးစေတဲ့ အစွမ်းထက်ထိုးဆေးကို လာမယ့် အနာဂတ်မှာ မိမိသဘောနဲ့ မိမိဆေးထိုးအစမ်းသပ်ခံမယ့် ဗော်လံတီယာလူတွေနဲ့ ဆေးထိုးစမ်းသပ်ကာ ရလဒ်အသေးစိတ်ကို လေ့လာတော့မှာ ဖြစ်ပါတယ်။  


    ထိုဆေးပြုလုပ်နည်းက ရိုးရှင်းပါတယ်။ ပရိုတင်းနဲ့ HIV ပိုးပါတာကို ကြွက်ကိုထိုးပေးလိုက်ပြီး အဲဒီကနေ အင်တီဘော်ဒီ(ပဋိပစ္စည်း)တွေပါတဲ့ ကာကွယ်ဆေး Vaccine ကို ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။ ကြိုတင်စီစဉ်ထားတဲ့ HIV Fusion Peptide တွေတွဲလျက်ပါနေတဲ့ ပဋိပစ္စည်းတွေက ကမ္ဘာအနှံ့က HIV ဗီဇမျိုးကွဲပေါင်း ၂၀၈  ခုရှိတဲ့အနက် ဗိုင်းရပ်စ် ၃၁% ကို အာနိသင်ပျက်ပြားစေသလို အရေအတွက် ပမာဏလည်း လျော့နည်းလာစေတယ်။ အမိုင်နို အက်စစ် ခု ပါတဲ့ အဲဒီပဋိပစ္စည်းက သယ်ဆောင်ပေးတဲ့ ကယ်ရီယာနဲ့ ပေါင်းစပ်ပြီး အစွမ်းထက် ထိရောက်တဲ့ ကိုယ်ခံအားစနစ်ကို ဆေးထိုးခံရသူမှာ ဖြစ်ပေါ်လာစေပါတယ်။ ဒီနည်းအားဖြင့် HIV ပိုးကို ခုခံနိုင်စွမ်းရရှိစေတာဖြစ်တယ်။


     အခုထွက်ပေါ်လာတဲ့ ကာကွယ်ဆေး ထိုးဆေးကလည်း ခုခံအားကျ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇအများအပြားကို ခုခံပေးနိုင်တဲ့ အင်တီဘော်ဒီအများကြီးထွက်လာတာကို ကြွက်တွေ၊ ဂင်နီပ်စဂ်လို့ခေါ်တဲ့ ဓာတ်ခွဲခန်းသုံး ပူးလေးတွေနဲ့ မျောက်တွေမှာ အောင်မြင်စွာ စမ်းသပ်စစ်ဆေးပြီးဖြစ်ပါတယ်။ အလားတူ ရလဒ်မျိုးကို လူတွေမှာပါ HIV ပိုး အများကြီးကို ခုခံကာကွယ်နိုင်စွမ်းရှိ မရှိသိရဖို့ အနာဂတ်မှာ လက်တွေ့ အတိအကျ စမ်းသပ်ဖို့ ကြေညာခဲတာဖြစ်ပါတယ်။


             ဒါကြောင့်မို့ မဝေးတော့တဲ့ ကာလမှာ တိရစ္ဆာန်တွေကို စမ်းသပ်အောင်မြင်ခဲ့တဲ့ HIV ကာကွယ်ဆေး Vaccine ဟာ လူတွေမှာပါ ဆိုးကျိုးမရှိဘဲ ဘယ်လောက်အထိ ကာကွယ်ပေးနိုင်မလဲ၊ ဘယ်နှနှစ်ကြာတဲ့အထိ ဘယ်လိုကာကွယ်ပေးနိုင်မလဲ၊ ဘယ်လိုလူတွေကိုတော့ အဲဒီ ကာကွယ်ဆေး ထိုးသင့်တယ်၊ ဘယ်လိုလူတွေနဲ့တော့ အဲဒီဆေးထိုးဖို့ မသင့်လျော်ဘူးစသဖြင့် အသေးစိတ်တွေ့ရှိကြရတော့မှာဖြစ်ပါတယ်။ အထက်ပါတွေဟာ HIVplus.com မှာ ဖော်ပြထားတာတွေဖြစ်ပါတယ်။


       ဒီရောဂါဟာ အထက်မှာ  ဖော်ပြခဲ့သလို အပျော်အပါး လိုက်စားသူနဲ့ မူးယစ်ဆေးသုံးစွဲသူတွေမှာ အဖြစ်များတယ်ဆိုပေမဲ့ အဲလိုလူတွေရဲ့ဇနီးခင်ပွန်းနဲ့ လိင်ဆက်ဆံဖက်တွေမှာ အဲဒီလိုအထက်ပါ အပြုအမှုမျိုးမရှိသော်လည်း ခုခံအားကျရောဂါကို ကူးစက်စေနိုင်ပါတယ်။ ဒါတင်မကသေးဘဲ မတော်တဆ အပ်စူးမိလို့ ခိုက်မိလို့ မထင်မှတ်ဘဲ ကံဆိုးစွာ ရောဂါဆိုး ကူးစက်ခံရတဲ့ဆေးဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေပါ ကူးစက်ခံမှန်းမသိဘဲ HIV ကူးစက်တတ်ပါသေးတယ်။ အင်မတန် ဝမ်းနည်းစရာ ဖြစ်ရပ်ပါ။

 

     ခုခံအားကျရောဂါ ကာကွယ်ဆေးကုသဆေး ဘယ်လိုတွေ ပေါ်ပေါက်နေပါစေ၊ မိမိနဲ့ မိမိရဲ့ မိသားစုကို အဆိုပါ ရောဂါဆိုးမကူးစက်စေရန်၊ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း၊ အပျော်အပါး မလိုက်စားခြင်း၊ အရက်အပါအဝင် မူးယစ်ဆေးအားလုံး ရှောင်ကြဉ်ခြင်း၊ ယုံကြည်ကိုးကွယ်ရာ ဘာသာရေးလိုက်နာကျင့်သုံးခြင်း၊ ဆေးဝန်ထမ်းအားလုံးလည်း လူနာပြုစုကုသရာမှာ အထူးလိုက်နာ ကျင့်သုံးအပ်တဲ့၊ ဆောင်ရန် ရှောင်ရန် အချက်များကို ကရုစိုက်လိုက်နာခြင်း ပြုလုပ်ကြဖို့ အလေးအနက် တိုက်တွန်းအပ်ပါတယ်။


Credit

ဒေါက်တာမြမြချယ်

ကလေးအထူးကုဆရာဝန်ကြီး

Ref : Ziwaka Magazine, Page 48, May 2019

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18