Print

ထီပေါက်ပြီး လက်မှတ်ပျောက်သူ

  22-May-2020
Preview Image

          သမီးလေး “ပန်းဖြူဖွေး” . . .

          “မိစံ” ဆိုတဲ့ “ကျား” မဟုတ် “မ” မဟုတ် ဟိုရောက် ဒီမရောက် “မ” လေးသာ တကယ်လို့ လင်ယူသားမွေးမယ့် ငတိမလေး “မိစံ” လုပ်ချင်တယ်ဆိုရင် ဘာတွေဆက်ပြီး လုပ်ပေးရမယ်ဆိုတာတော့ ပြောပြနေခဲ့တယ်နော်။ ပထမဆုံး သူရဲ့ နှုတ်ခမ်းသားထဲမှာ နစ်မြုပ်နေတဲ့ ဝှေးစေ့နှစ်လုံးကို မြန်မြန်ခွဲထုတ်၊ လိင်တံငေါက်တောက်လေးကို ဖြတ်ထုတ်၊ ပိုနေတာတွေဖယ်ရှား၊ လိုအပ်နေတာတွေကို ပြန်ဖြည့်ရမယ် မဟုတ်လား။

  

        ဘယ်လို ပြန်ဖြည့်ရမှာပါလိမ့် . . .

          အခုလို ဝါးခြမ်းပြားလို ပြားချပ်ချပ်ဖြစ်နေတဲ့ “မိစံ” ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရင်သားမို့မို့တွေ တင်သားကားကားတွေနဲ့ ခါးသေးလို့ရင်ချီ ပဒုမ္မနီလို့ တင်စားပြောရမှာဖြစ်တဲ့ မိန်းမပျိုလေးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အလှအပလေးတွေကိုလည်း ဖန်တီးပေးရမှာ ဖြစ်တယ်။ ဒါမှသာ “ကျား” ဆိုတဲ့ ပျားပိတုန်းတွေကို ဆွဲဆောင်ညှို့ငင်နိုင်တဲ့ အလှတရားတွေနဲ့ ပြည့်စုံတဲ့ ပန်းအလှကလေးတစ်ပွင့်အဖြစ် ငွားငွားစွင့်စွင့် ပွင့်လန်းလာမှာဖြစ်ပါတယ်။

 

         ဒီငတိမလေးမှာ တကယ်တမ်း ပါလာတာ ဝှေးစေ့နှစ်လုံးပြူးလေးပဲ ဖြစ်တယ်။ မိန်းကလေးတစ်ယောက်ရဲ့ အလှအပတွေနဲ့ ဘဝရဲ့တန်ဖိုးတွေကို ဖော်ဆောင်ပေးတဲ့ သားဥအိမ်ကလေးတွေတော့ သူ့မှာ ပါမလာရှာဘူး။ သားဥအိမ်လေးတွေကမှ “မ” ဟော်မုန်း အီစထရိုဂျင်တွေကို ထုတ်ပေးပြီး ဒီဟော်မုန်းတွေရဲ့ အစွမ်းနဲ့ မိန်းကလေးတစ်ယောက်မှာ ရှိသင့်တဲ့ ခါးနေရာခါး၊ တင်နေရာတင်၊ ရင်နေရာရင်၊ အချိုးကျလှပတဲ့ ကိုယ်လုံးကိုယ်ထည် ဂီတာရှိတ်ကလေးတွေကို ဖန်ဆင်းပေးမှာဖြစ်တယ်။

  

        သူ့မှာ သားဥအိမ်လေးတွေ မပါလာဘူး။ “မ” ဟော်မုန်းတွေ ထုတ်ပေးနိုင်တဲ့ အစွမ်းသတ္တိလည်း မရှိရှာဘူး။ ဒါပေမယ့် ဒီအတွက်တော့ ပူစရာမလိုပါဘူးကွယ်။ “မ” ဟော်မုန်း အီစထရိုဂျင်ကို သေချာတွက်ချက်ပြီး စနစ်တကျပေးရင် “မိစံ” လေးရဲ့ ခန္ဓာကိုယ်ကို ငါးရံ့ကိုယ်လုံးကလေးလို ခါး၊ ရင်၊ တင်အလှကို စိတ်ကြိုက်အလှ ပြုပြင်ပေးနိုင်ပါတယ်။ အဲဒီ အခါ “မိစံ” ရဲ့ အလှကျော့ကွင်းထဲမှာ ကားခနဲ မိသွားမယ့် လူပျိုသိုးတွေ ဘယ်လောက်တောင် များလိုက်မလဲ။

 

         တစ်ခုတော့ရှိတယ် . . . ။ ဟော်မုန်းတွေကိုသာ  အတုထုတ်လုပ်ပေးနိုင်တာ။ အမျိုးသမီးတစ်ယောက်ရဲ့ တကယ့်စစ်မှန်တဲ့ ဘဝတန်ဖိုးလို့ ပြောရမယ့် မိခင်တစ်ယောက်ရဲ့ ဘဝကိုတော့ မိစံလေးအတွက် ဘယ်လိုလုပ်ပြီး အတုလုပ်ပေးလို့ ရပါ့မလဲကွယ်။ အဲဒါကတော့ မိစံအတွက် အူဝဲလေးတစ်ယောက် ဖန်တီးပေးနိုင်မယ့် “သားဥ” ကလေးတွေကို ထုတ်လုပ်ပေးနိုင်မယ့် သားဥအိမ်တွေ “မိစံ” မှာ မရှိလို့ပဲ ဖြစ်တယ်။

 

         “မိစံ” မှာ သားဥအိမ်တင်မကဘူး။ သားအိမ်လည်းမပါဘူး။ ဒါတင်မက မွေးလမ်းကြောင်း အပေါက်လည်း မရှိဘူး။ အဲဒီတော့ မေးစရာရှိတယ်။ တကယ်လို့များ “မိစံ” လေးရဲ့ အလှကျော့ကွင်းထဲ ဝပ်စင်းလာမယ့် သူကောင်းသား တစ်ယောက်ယောက်က သူ့ကို ချစ်ရေးဆို၊ သူတို့ချင်း ချစ်သူတွေဖြစ်သွားကြပြီဆိုပါတော့ . . . ဒီလို မိန်းမကိုယ် အပေါက်လေးမပါဘဲ သူတို့တွေ ဘယ်ပုံဘယ်နည်းချစ်တင်းနှီးနှောကြမလဲ ဆိုတဲ့မေးခွန်းပေါ့ကွယ်။


          မေးခွန်းလေးအကြောင်း စဉ်းစားလိုက်တာနဲ့ ဦးဦးတို့ဆေးရုံကို အားကိုးတကြီး ရောက်ရှိလာပြီး အကူအညီတောင်းခံခဲ့တဲ့ မိန်းမချောကလေး တစ်ယောက်ကို ချက်ချင်းပြေးမြင်မိတယ် သမီးရေ။ ဒီမိန်းကလေးက သူတို့ရဲ့ ရွာမှာ ကွမ်းတောင်ကိုင် အပျိုချောလေး တစ်ယောက် . . . ။ သူ့အလှမှာ အရူးအမူးဖြစ်ကြရတဲ့ ကာလသားတွေထဲမှာ ကံထူးသူ မောင်ရှင်တစ်ယောက် ပေါ်လာတယ်။


          ပျားရည်ဆမ်းခရီးကာလကလေးတစ်ပတ်လည်း ပြည့်ရာ အဲဒီဖိုးကံကောင်းငတိလေးဟာ သတို့သမီးကို ပစ်ထားခဲ့ပြီး တစ်ဖက်နိုင်ငံကို ပြေးပါလေရောတဲ့။ သနားစဖွယ်မယ်ကျန်ရစ်ဖြစ်ပြီး မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေရှာတဲ့ မိန်းမချောကလေး ဦးဦးဆီရောက်လာတယ်။


          ပထမ ဒီဇာတ်လမ်းလေးကို ကြားကြားချင်းမှာတော့ ဒီငမိုက်သားလေးဟာ ဘယ်နှယ့်ကြောင့် ဒီလောက်တောင် လှပချစ်စရာကောင်းတဲ့ မိန်းမချောလေးကို ရပါလျက်သားနဲ့ အခုလို ပစ်ထားခဲ့ပြီး ဖနောင့်နဲ့ တင်ပါး တစ်သားတည်းကျအောင် အပြေးကြီး ပြေးရသလဲဆိုတော့ မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရတယ်။


          သေသေချာချာ မေးမြန်းစမ်းသပ်ပြီးတဲ့အခါကျတော့မှ “သြော်. . . ဒါကြောင့်ကိုး” ရယ်လို့ ဒီငတိလေးအပြေးကြီးပြေးရတဲ့ အကြောင်းရင်းကို ရှင်းရှင်းနဲ့ ဘွင်းဘွင်းကြီး သဘောပေါက် နားလည်သွားခဲ့တယ်။

 

         ဟုတ်တယ်လေ . . .  ဦးဦးတို့တွေ ဒီမိန်းမချောလေးရဲ့ ပေါင်ကြားထဲကို သေသေချာချာစမ်းသပ်စစ်ဆေးကြည့်တော့မှ ဒီငတိမလေးမှာ မွေးလမ်းကြောင်းအပေါက်ရယ်လို့ အချိုင့်ကလေးတောင် မပါရှာဘဲ အပိတ်ကြီးဖြစ်နေတာကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတယ်။


          အဲဒီတော့မှပဲ ဖိုးကံကောင်းလို့ အများကမှတ်ထင်ပြီး အထင်ကြီးခဲ့ရတဲ့ သတို့သားခမျာမှာ ထီပေါက်ပြီး ထီလက်မှတ်ပျောက်တဲ့ကံ ကြုံခဲ့ရတဲ့ အဖြစ်ဆိုးကို သိမြင်လိုက်ရတော့တယ် သမီးရေ။ သူ့ခမျာ မူရအောင် ခက်ခက်ခဲခဲခိုးလာခဲ့ရတဲ့ သတို့သမီးချောလေးကို အားရပါးရကြီး ချစ်ပွဲဝင်တော့မယ်လို့ မောင်းအတင်ကြီးတင်သွားပြီးတော့ . . . တကယ်တမ်းဟိုဒင်းဟိုဝါပြုဖို့ ကြိုးစားတော့မှ ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိဘဲ အူတီးအူကြောင် ဖြစ်ရတော့မှာ ဘယ်လောက်သနားဖို့ ကောင်းသလဲကွယ်။

Credit : ဒေါက်တာစိုးလွင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18