Print

ခါးနာခြင်းနှင့် နင်းနှိပ်ခြင်း

  25-Feb-2017
Preview Image

 

ဆေးပညာနှင့်ပတ်သက်သော အခြားအယူအဆမှား တစ်ခုမှာ ဗိုက်နာခြင်း၊ ခါးနာခြင်းအတွက် နှိပ်ခြင်းပင်ဖြစ်ပါသည်။ ဗိုက်နာခြင်းမှာသာမန်လေထိုးလေအောင့် ကြောင့်လည်း ဖြစ်နိုင်ပါသည်။ ကြီးမားသော ရောဂါကြောင့်လည်း ဖြစ်နိုင်ပါသည်။ အစာအိမ်အနာ၊ အူအတက်ရောဂါ၊ အစာအိမ်ပေါက်ခြင်း စသည်တို့ ဖြစ်နိုင်သည်။ နှလုံးကြွက်သား ရုတ်တရက် ပျက်ယွင်းမှု Heart attack သည်လည်း ဗိုက်နာ လက္ခဏာဖြင့် တွေ့ရနိုင်ပါသည်။ ဗိုက်နာလျှင် နင်းနှိပ်ခြင်း လုံးဝမပြုသင့်ပါ။ ရောဂါဝေဒနာကို သက်သာစေခြင်းထက် အန္တရာယ်ဖြစ်စေခြင်းက ပိုနိုင်ပါသည်။ 

 

ခါးနာခြင်းမှာလည်း လူတိုင်းခံစားဖူးသော ဝေဒနာတစ်ရပ်ပင်ဖြစ်သည်။ ခန္ဓာကိုယ် အနေအထား မှားယွင်းမှု၊ အလေးအပင်များကို အနေအထား မမှန်စွာမခြင်း၊ အလွန်အကျွံလေးသော အရာများကို မခြင်း၊ ရွှေ့ခြင်း စသည်တို့ကြောင့် ခါးနာ တတ်ပါသည်။ အရိုးအဆစ် ကြွက်သားများနှင့် သက်ဆိုင်သော ရောဂါများကြောင့်လည်း ခါးနာနိုင်ပါသည်။ ဝမ်းဗိုက်အတွင်း အင်္ဂါအစိတ်အပိုင်းများ၏ ရောဂါတချို့ တွင်လည်း ခါးနာခြင်း ဝေဒနာခံစားနိုင်ပါသည်။ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါများ၊ အစာအိမ်ရောဂါ၊ ဆီးလမ်းကြောင်းရောဂါ၊ အမျိုးသမီးများ သားအိမ်ရောင်ရောဂါများ၊ မမျိုးဥအိမ်ရောဂါများ စသည်ဖြင့် ခါးနာသော ရောဂါဝေဒနာကို ဖြစ်စေသည့် ရောဂါ များစွာရှိနေပါသည်။ ခါးနာသည်ဟူ၍ လွယ်လွယ်ကူကူ နင်းနှိပ်တတ်ကြသည်။ အနည်း ငယ်မျှအားဖြင့် နှိပ်နယ်ခြင်းသည် ပြဿနာမရှိနိုင်သော်လည်း အားပြင်းပြင်းနှိပ်ခြင်း၊ နင်းခြင်းမှာ အန္တရာယ်ဖြစ်စေနိုင်ပါသည်။ 

 

ခါးနာလျှင် “လေဝင်သွားတာပါ” “အကြောညပ်သွားတာပါ” “အကြောတင်တာပါ” စသည်ဖြင့် ခပ်ပေါ့ပေါ့တွေးကာ အနှိပ်ခံ အနင်းခံတတ်သည့် အကျင့်ရှိသည်။ အကယ်၍ ကြီးကြီးမားမား ရောဂါတစ်ခုကြောင့် ခါးနာနေခြင်းဖြစ်လျှင် ဝေဒနာသက်သာခြင်းမရှိရုံ သာမက နောက်ဆက်တွဲ ဆိုးကျိုးများပင် ဖြစ်ပေါ်လာစေနိုင်ပါသည်။ ဝမ်းဗိုက်တွင်း အင်္ဂါအစိတ်အပိုင်းများသည် မူလရောဂါကြောင့် ထိလွယ်ပျက်လွယ် ရှိနေချိန်တွင် နင်းနှိပ်မှုကြောင့် ဆိုးဝါးသော အခြေအနေသို့ ဆိုက်ရောက်သွားနိုင်ပါသည်။ ဗိုက်နာ ခါးနာ ဝေဒနာကို နင်းနှိပ်ခြင်းမပြုသင့်ပါ။

 

Healthcare.com.mm

 

Ref:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့် ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18