Print

ကွမ်းစားခြင်းရဲ့ နောက်ကွယ်မှာ

  30-Oct-2018
Preview Image

ညနေခင်းနေဝင်ကာနီးအချိန် မော်လမြိုင်ကမ်းနားလမ်း၏ တစ်နေရာ သံလွင်မြစ်ကိုနောက်ကျောခိုင်းထားသော ကောင်လေးတစ်ယောက်အနားမှာယောက်ျား မိန်းမ အရွယ်မျိုးစုံ ဝိုင်းအုံနေကြသည်။ သူ၏ ညာဘက်လက်တွင် ကွမ်းရွက်ကိုကိုင်ထားပြီး ဘယ်ဘက်လက်မှ ထုံးအိုး၊ ကွမ်းသီး၊ ဆေးရွက်ကြီး၊ နှပ်ဆေးအဆင့်ဆင့် လှုပ်ရှားသွားပုံမှာ စနစ်ကျလှသည်။ ထိုအရာသည် ထူးဆန်းသော မြင်ကွင်း တစ်ခုတော့မဟုတ်။ လှပသောရှုခင်းကို နောက်ခံထားပြီး ကျန်းမာရေး၊ လူနေမှုပတ်ဝန်းကျင်ကို ထိခိုက်စေသော ကွမ်းရောင်းသူဝယ်သူ မြင်ကွင်းတစ်ခုသာဖြစ်သည်။

“ကွမ်းကတော့စားတယ်။ ထမင်းစားပြီးချိန်၊ တစ်ခုခုစားပြီးချိန်ဆို ကွမ်းတစ်ရာလောက်စားရတာ သဘော ကျတယ်။ ကွမ်းလေးမြူံထားရင် အာရုံစုစည်းသလိုဖြစ်လို့ စားဖြစ်တာပါ” ဆိုပြီး ကွမ်းဝယ်နေသူ အသက် (၁၈)နှစ်အရွယ် ဇွဲသူရက ပြောပါတယ်။


“လူကြီးတွေနဲ့စကားပြောရင် ကိုယ်ကွမ်းစားထားလို့သွားမှာ ကွမ်းဂျိုးတွေကပ်နေတာကိုရှက်တယ်။ သိမ်ငယ် သလိုခံစားရတယ်”ဆိုပြီး ကွမ်းစားသူလူငယ်တစ်ဦးကပြောပါတယ်။ ဆက်ပြီးသူက သွားမှာကျောက်တည်ပြီး သွားပိုးစားလာတဲ့အကြောင်း၊ ဖခင်ဖြစ်သူကိုယ်တိုင် ကင်ဆာကြောင့်ဆုံးသွားပြီး ပညာပေးသလိုဖြစ်နေပေမယ့် တော်တော်နဲဖြတ်မရသေးကြောင်း ပြောထားပါသေးတယ်။“အမျိုးသားတွေမှာအသက် ၃၅နှစ်ကနေ
၄၄နှစ်ကြား ကွမ်းကို အများဆုံးစားနေကြပြီး အမျိုးသမီး ၄ယောက်မှာ ၁ယောက်နှုန်း ကွမ်းစားကြပါတယ်”လို့ W.H.O ရဲ့ National Professional Officer ဒေါက်တာမျိုးပိုင်ကပြောပါတယ်။ ဆက်ပြီး သူကကွမ်းစားတဲ့ရာခိုင်နှုန်းက ၃၀% ကနေ ၄၃%အထိ မြင့်တက်လာကြောင်းကို Dr.Dhirenda Narayan Signs ရဲ့ ၂၀၁၁ မှ ၂၀၁၄ခုနှစ် အတွင်း နောက်ဆုံး သုတေသနပြုချက်အရ ပြောထားပါတယ်။


ကွမ်းစားတာကမြန်မာ့ယဉ်ကျေးမှုမှာ ရှေးကတည်းကစွဲနေတဲ့ အလေ့အထတစ်ခုဖြစ်ပြီး အခုချိန်မှာ ကွမ်းယာထဲ ပါတဲ့ ပုံစံအမျိုးမျိုးနဲ့ ပြုပြင်ထားတဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းတွေက လူကိုစွဲ လမ်းစေကြောင်းကို W.H.O ရဲ့ National Professional Director ဒေါက်တာမျိုးပိုင်က ပြောထားပါတယ်။“တစ်နေ့ကို ငါးသောင်းဖိုးခြောက်သောင်းဖိုးလောက်ရောင်းရတယ်။ ပုံမှတ်တော့မဟုတ်ဘူး။ အရင်က ကွမ်းရွက်ကဈေးသက်သာတယ်။ အခုကွမ်းရွက်တွေကဈေးတက်လာပြီ” လို့ မော်လမြိုင်မြို့မှ ကွမ်းရောင်းသူ တစ်ဦးကပြောပါတယ်။ ဆက်လက်ပြီး တစ်ရာဖိုးကို ကွမ်း၂ယာ၊ ၂၀၀ဖိုးကို ကွမ်း၅ယာနဲ့ တစ်နေ့ကို သာမန်လူဆိုရင် အနည်းဆုံး ၅၀၀၊ ၆၀၀ဖိုး အများဆုံး ၁၅၀၀ဖိုးစားတယ်ဆိုတာ ရှင်းပြထားပါတယ်။ ကွမ်းဝယ်သူတစ်ဦးကတော့ “တစ်နေ့ကို ၂၀၀ဖိုး ၃၀၀ဖိုးလောက်စားဖြစ်တယ်။ အများဆုံးဆို ၆၀၀ဖိုးလောက်အထိစားတယ်” ဆိုပြီး ပြောပါတယ်။

ကွမ်းကိုဘယ်လိုဖြတ်မလဲ

ဒေါက်တာမျိုးပိုင်က ကွမ်းမှာပါတဲ့ဆေးရွက်ကြီးကို စွဲစေတဲ့နီကိုတင်း ဓာတ်အစားထိုးဖြတ်နည်းအပြင် တခြားသော ဆေးလိပ်ဖြတ်နည်းတွေအတိုင်း ဥပမာ နီကိုတင်းထုတ်ပေးနိုင်သည့် လျှပ်စစ်ဆေးလိပ်သုံးစွဲတာမျိုး၊ ပီကေ၊ ပူရှိန်းသကြားလုံး စားတာမျိုး၊ နှာခေါင်ဖျန်းဆေးသုံးတာမျိုးဖြင့် ဆေးလိပ်ဖြတ်နိုင်ကြောင်း ဒါပေမယ့် နှာခေါင်းဖျန်းဆေးက ဆေးလိပ်ကဲ့သို့စွဲလမ်းစေတဲ့အတွက် ကွမ်းဖြတ်စအချိန်မှာ မသုံးသင့်ကြောင်း ရှင်းပြထားပါတယ်။ လျှပ်စစ်ဆေးလိပ်များရဲ့ စိတ်ချရမှုကိုမေးကြည့်တဲ့ အခါမှာ တွေ့ရှိချက်အရ အသက်ရှူလမ်းကြောင်းကို ပျက်စီးစေတဲ့အတွက် အသုံးမပြုလျှင် အကောင်းဆုံးဖြစ်ကြောင်းရှင်းပြပါတယ်။“ကွမ်းကိုတော်တော်နဲ့ဖြတ်မရဘူး။ ကင်တာဖြစ်မှာတော့ကြောက်တယ်။ အဲဒါကြောင့်တစ်နေ့ကို နည်းနည်းပဲ စားဖြစ်တယ်။ တုံးတိကြီးတော့ဖြတ်လို့မရဘူးပေါ့” ဆိုပြီးကွမ်းဝယ်သူလူငယ်တစ်ယောက်က ဆိုထားပါတယ်။

အသက်(၂၂)နှစ်အရွယ် ကျော်ထင်သာကတော့ ကွမ်းကို မကြိုက်လို့မစားတာ ဖြစ်ကြောင်းပြောပါတယ်။ ဆက်ပြီး “ကွမ်းမူးတာလည်းမကြိုက်ဘူး။ သွားထိခိုက်မှာ လည်းစိုးတယ်။ ကွမ်းစားတဲ့လူတွရဲ့ပါးစပ် ကထွက်တဲ့ အနံ့ကိုမခံနိုင်ဘူး။ ပလုတ် မလောင်းနဲ့ရဲနေတာကိုမကြိုက်လို့” ဆိုပြီး သူ့ခံစားချက်ကိုပြောသွားခဲ့ပါတယ်။ ကွမ်းက မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကရင်လူမျိုးတွေရဲ့ ဧည့်သည်လာရင် ကွမ်း၊ လက်ဖက်ရည်ကြမ်း တို့နဲ့တည်ခင်း ဧည့်ခံတဲ့ ယဉ်ကျေးမှုတစ်ခုပါ။ အခုချိန်မှာဆိုရင် လူကြီးတွေသာမက လူငယ်တွေပါ ကွမ်းကိုတွင်တွင်ကျယ်ကျယ် စားသုံး လာကြပါပြီ။ ကွမ်းက ဘာသာရေးပွဲ၊ နတ်ကနားပွဲ၊ သာရေးနာရေးပွဲ၊ ဦးရှင်ကြီးတင်ပွဲတွေမှာ မပါမဖြစ်အသုံး အဆောင်ပါ။ ရှင်ပြုပွဲတွေမှာဆိုရင် ရွာထဲကအချောဆုံး အလှဆုံး အပျိုမိန်းကလေးကို ကွမ်းတောင်း ကိုင်ခိုင်းပြီး ကွမ်းရဲ့ ဖြူစင်မှု၊ မြင့်မြတ်မှုကိုပြထားပါတယ်။


ဒီလိုဖြူစင်မှု မြင့်မြတ်မှု ကိုပြသတဲ့ ကွမ်းက ကျန်းမာရေးကိုထိခိုက်စေသလို ကွမ်းတံတွေးက ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါတယ်။ ဒါပေမယ့် ကိုယ်အသိစိတ်ဓာတ်နဲ့ ကိုယ် ကွမ်းဖြတ်နိုင်တဲ့သူ တစ်ယောက်ရှိပါတယ်။“ကွမ်းစားတာမကောင်းဘူးဆိုတာသိတယ်။စည်းကမ်းမဲ့ထွေးတာကို ပိုပြီးရွံ့တယ်။ မကောင်းမှန်းသိနေတာကိုမစွဲစေချင်လို့ ဖြတ်လိုက်တာပါ” ဆိုပြီး အသက် (၃၅)နှစ်အရွယ် မြနှင်းဝေအောင်ကပြောပြပါတယ်။ “နောက်ဆုံးလေ့လာချက်အရ မြန်မာနိုင်ငံက တခြား စင်္ကာပူ၊ မလေးရှား၊ အိန္ဒိယနိုင်ငံတွေနဲ့ယှဉ်ရင် ကွမ်းစားတာ အများဆုံးဖြစ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတဲ့အတွက် ကွမ်းစားခြင်းရဲ့နောက်ဆက် တွဲဖြစ်လာတဲ့ သွားနဲ့ သွားဖုံးရောင်ရောဂါ၊လျှာ၊ခံတွင်းကင်ဆာရောဂါ
တွေလဲ များလာမှာပါ” ဆိုပြီး W.H.O ကဒေါက်တာမျိုးပိုင်က ပြောပါတယ်။

Ref:
Pyimyanmar Journal

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18