Print

အားပါးတရသာ သန်းလိုက်ပါ

  01-Jan-2019
Preview Image


သန်းဝေခြင်းကို နှစ်ပေါင်းများစွာကပင် ပျင်းရိခြင်း၊ ရိုင်းပြခြင်း လက္ခဏာတရပ် အဖြစ်အပြစ်တင်ခဲ့ကြသည်။ တကယ်တော့ သန်းဝေခြင်းဟာ ခန္ဓာကိုယ်မှ အကျိုးကျေးဇူး တစ်စုံတစ်ရာအချို့ကို ရရှိစေနိုင်ရန်အတွက် အေးအေးစွာ ဖေါ်ပြလိုက်သော ပရိယာယ်တစ်မျိုးသာဖြစ်ပါတယ်။ အလုပ်လုပ်နေစဉ်အတွင်း သို့မဟုတ် အစည်းအဝေး ခန်းမအတွင်းမှာ ရှိနေစဉ်တို့မှာ သန်းဝေချင်တဲ့ ခံစားမှုဖြစ်ပေါ်တာမျိုး ခံစားဖူးမိကြမှာပါ။ အဲဒီလိုအခြေအနေမျိုးမှာ လူအများစု ပြုလုပ်လေ့ရှိကြတာကတော့ မသန်းဖြစ်အောင် ထိန်းချုပ်ရင်း သန်းဝေချင်စိတ်ကို အောင့်အီးနှိမ်နှင်း လိုက်ကြပါတယ်။ အဲဒီလိုချုပ်တည်းလို့မှမရရင်တော့ လက်ဝါးလေးနဲ့ ကာပြီး အများမသိအောင် ကွယ်ဝှက်သန်းဝေတတ်ကြပါတယ်။ ကိုယ့်အထက် လူကြီးတွေရှေ့မှာဆို ပိုလို့တောင် ဆိုးပါသေးတယ်။ မသန်းဝေဖြစ်အောင် ကြိုးစားချုပ်ထိန်းရင်း နောက်ဆုံးတော့ သန်းဝေခြင်းဟာ မယဉ်ကျေးခြင်း၊ ပျင်းရိခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ဖေါ်ပြတာမျိုးမဖြစ်အောင် အတတ်နိုင်ဆုံး ရှောင်ရှားကြပါတယ်။ သန်းဝေခြင်းဟာ မကောင်းဖူးလို့ ယျေဘူယျဆန်ဆန် နဲ့တစ်ဖက်သတ်ဆုံးဖြတ်ချက်ချခံရခြင်း ဖြစ်ပါတယ်။

တကယ်တော့ သန်းဝေခြင်းဆိုတာ ဦးနှောက်မှ လုပ်ငန်းဆောင်တာများကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် ခန္ဓာကိုယ်မှ အားသစ်လောင်း လုပ်ဆောင်ပေးခြင်း ဖြစ်ပါတယ်။ သိပ္ပံနည်းကျ သုံးသပ်ချက်ကတော့ သန်းဝေခြင်းဟာ အသက်ရှူသွင်းခြင်းဆိုင်ရာ ထူးခြားတဲ့ ဝိသေသလက္ခဏာ တစ်ခုဖြစ်ပြီး တစ်ချိန်ထဲမှာပင် နားစည်ကို ချဲ့ကားစေကာ အသက်ရှူထုတ်ခြင်းကို ပြုလုပ်ပါသည်။ သန်းဝေခြင်းဟာ အကြောဆန့်ခြင်းနှင့်အတူ အဖေါ်ပြုလာလေ့ရှိပါတယ်။ လည်းကောင်းသည် ပါးစပ်ကို ကျယ်ပြန့်စွာ ပွင့်ဟစေပြီး တစ်ခါတစ်ရံမှာ တစ်ခုခုကို ညွှန်းဆိုပြသကာ တစ်ခါတလေမှာတော့ ခန္ဓာကိုယ် ကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိနဲ့ ပြုလုပ်ခြင်းဖြစ်ပါတယ်။ ဦးနှောက်ကိုကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေတယ်ဆိုတာ လူသိနည်းတဲ့အတွက် တစ်ခါတလေမှာ ဒုတိယအကြိမ် သန်းဖို့ကို မိမိကိုယ်တိုင်တောင် ပြုလုပ်ခွင့်မပေးပါဖူး။


စိတ်စွမ်းအင် အကျိုးသက်ရောက်မှုကို သန်းဝေခြင်းဖြင့် မြှင့်တင်ပေးပါတယ်။ တစ်စုံတစ်ခုကို အာရုံစူးစိုက်ပြီး ပြုလုပ်တဲ့အခါမှာ ကိုယ်ခန္ဓာစွမ်းအင် အများကြီးအသုံးပြုပါတယ်။ အဲဒီအာရုံစူးစိုက်ပြီး လုပ်ကိုင်နေတဲ့ အနေအထားကနေ လျှော့ရဲပြီး လမ်းချော်ထွက်သွားတော့မဲ့ အခြေအနေမှာ သန်းဝေခြင်း ဖြစ်ပေါ်ပါတယ်။ ယင်းသို့ပြုလုပ်ခြင်းဟာ အသိနိုးကြားအောင်လုပ်ပေးခြင်း၊ လေးနက်စွာ တွေးတောတတ်ခြင်း၊ စိတ်ပြေလက်ပျောက်ဖြစ်ခြင်းနှင့် မှတ်ဉာဏ်စွမ်းရည် ထိန်းသိမ်းပေးခြင်းတို့တွင် အဓိကလုပ်ဆောင်ပေးသည့် ဦးနှောက်အာရုံကြောများကို လှုံ့ဆော်ပေးသည်။ အသက်ဖြေးညှင်းစွာ ရှူလိုက်တဲ့အချိန်မှာ ဦးနှောက်ခံစားမှုတွေဟာ အရှိန်လျှော့ကျပြီး ကြွက်သားတွေဟာလဲ အပန်းပြေစေပါတယ်။ သောကရောက်နေတာပဲဖြစ်ဖြစ်၊ တစ်ခုခုကို အာရုံစိုက်လုပ်နေတာပဲဖြစ်ဖြစ် မိနစ်၂၀ မှာ တစ်ခါလောက် သန်းပြီး ထိုင်ခုံမှာထိုင်ခါ အပန်းဖြေကြည့်လိုက်ပါ။ ထူးခြားမှုကို တွေ့ပါလိမ့်မယ်။

သုတေသီများကတော့ အလုပ်အရမ်းများနေတဲ့ ဦးနှောက်ကို တည်ငြိမ်အေးဆေးစေပြီး အပူအအေးပမာဏနှင့် ဇီဝဖြစ်ပျက်မှုတို့ကို သန်းဝေခြင်းက ထိန်းညှိပေးတယ်လို့ ဆိုပါတယ်။ လွယ်ကူချောမွေ့မှု မရှိသော စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာများကို အာရုံစိုက်ရတဲ့အခါမှာ သန်းဝေချင်တဲ့ စိတ်ခံစားမှု ပိုမိုဖြစ်ပေါ်တတ်ပါတယ်။ သန်းဝေခြင်းဟာ အိပ်ချင်တဲ့စိတ်ကို တွန်းလှန်ဖယ်ရှားတာပါ။ ဒါဟာအားလုံးအတွက်တော့ သန်းဝေရင် အိပ်ချင်တယ်လို့ ထင်မှတ်ယူထားခဲ့တာတွေနဲ့ ပြောင်းပြန်ဖြစ်နေပြီး မထင်မှတ် မမျှော်လင့်ထားတဲ့ အံ့သြစရာ ကိစ္စဖြစ်ပါတယ်။ သမားရိုးကျ အများတွေးခေါ်ထင်မြင်ယူဆချက်ကို သိပ္ပံပညာက မမှန်ကြောင်း ဖေါ်ထုတ်ပြသလိုက်တာပါ။ သန်းလိုက်တဲ့
အချိန်မှာ မျက်နှာပြင်ရှိ ကြွက်သားတွေကို ကျုံ့စေပြီး ဦးနှောက်နှင့် ဆက်စပ်နေသော အသိဉာဏ်နှင့်ဆိုင်တဲ့ သွေးကြောလေးတွေအပေါ်မှာ အားသက်ရောက်မှုရှိစေပါတယ်။ လည်းကောင်းကြောင့် နိုးကြားမှုကို မြှင့်တင်ပေးနိုင်ပြီး အိပ်ချင်စိတ်ကို လျှော့ချပေးနိုင်ကာ အာရုံစိုက်ခြင်းနှင့် ပက်သက်သော ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို တုံ့ပြန်စေတယ်လို့ သိပ္ပံပညာရှင်များက ယူဆကြပါတယ်။


ယနေ့ခေတ်လူသုံးများတဲ့ စမတ်ဖုန်းစကားနဲ့ ပြောရရင် သန်းဝေခြင်းဟာ ဖုန်းတစ်လုံးကို Reset ပြန်လုပ်လိုက်တာနဲ့ တူပါတယ်။ သန်းလိုက်တဲ့အခါမှာ ခန္ဓာကိုယ်အတွင်းရှိ ၂၄ နာရီအတွင်း ပုံမှန်ဖြစ်နေကျ ဇီဝကမ္မလုပ်ဆောင်ခြင်းများကို ထိန်းညှိပေးသည်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ခရီးသွားလာလို့ အချိန်ကွာခြားမှုတွေ ရှိလာတဲ့အခါမှာ ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေကို ထိန်းညှိရန် သန်းဝေဖို့ သတိရပါ။ ဒီလိုပြုလုပ်ခြင်းဖြင့် လေယဉ်အချိန်အကြာကြီး စီးရလို့ ဖြစ်ပေါ်လာတတ်တဲ့ ပင်ပန်းနွမ်းနယ်မှုကို သက်သာစေသည်။ စိတ်ဖိစည်းမှုများတဲ့ အလုပ်တွေလုပ်ဆောင်နေလို့ ပင်ပန်းနေရင် ခေတ္တခဏ ရပ်လိုက်ပြီး အလုပ်အတူတူလုပ်နေသူနဲ့ အကြိမ်ခပ်များများလေး သန်းဝေလိုက်ပါ။ သမ်းဝေခြင်းဟာ လုပ်ယူလို့ရသလို တစ်ဦးမှတစ်ဦးကို အလွယ်တကူကူးစက်ပါတယ်။ မသန်းချင်ရင်တော့ ရယ်ဖို့ကြိုးစားပါ။ ရယ်မောခြင်းဟာလဲ သန်းဝေခြင်းမှ ရနိုင်တဲ့ အကျိုးတွေလိုမျိုးနည်းပါးကို ရရှိနိုင်ပါတယ်။ ဒီတော့ ကိုယ်သန်းဝေရင်း အကြောဆန့်တာကို လူကြီးတွေများ မတော်တဆတွေ့ခဲ့ရင် သန်းဝေခြင်းဟာ ဇီဝကမ္မ အလျှောက်ဘယ်လိုဖြစ်တယ် အကျိုးသက်ရောက်မှုက ဘယ်လိုရှိတယ်ဆိုတာ အဆင်ပြေတဲ့အချိန်တွေမှာ ပြန်လည်ဝေငှပြောဆိုပါလို့ တိုက်တွန်းရင်း အားပါးတရသာ သန်းလိုက်ပါလို့ တင်ပြလိုက်ရပါတယ်။


Ref:
ဝင်းလှိုင်ဦး

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18