Print

Sarcoidosis

  04-Jan-2019
Preview Image


 Sarcoidosis ဆိုသည်မှာ ခုခံအားစနစ်မှ ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသော ပြင်ပပစ္စည်းများကို ပြန်လည်တုန့်ပြန်ရာမှ ခန္ဓာကိုယ်နေရာ အနှံ့အပြားတွင် Granuloma ဟုခေါ်သော ဆဲလ်များ စုပုံလာခြင်းကို ခေါ်ခြင်းဖြစ်သည်။

 

လက္ခဏာများ

Sarcoidosis ၏ လက္ခဏာများသည် အချို့တွင် ရုတ်ခြည်းဆိုသလို ပေါ်လာတတ်သော်လည်း အချို့လူများတွင်မူ နှစ်ချီပြီးမှ ပေါ်လာတတ်ပါသည်။ Sarcoidosis ဖြစ်ပွားသော နေရာကိုလိုက်၍ ရောဂါလက္ခဏာများမှာလည်း ကွဲပြားခြားနားလေ့ရှိပါသည်။ မည်သူ့တွင်မဆို Sarcoidosis ဖြစ်လျှင် ပြလေ့ရှိသော လက္ခဏာများမှာ

. ဖျားခြင်း

. နုံးချိခြင်း

. ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း

. ကိုယ်အလေးချိန် ကျဆင်းလာခြင်း တို့ဖြစ်ပါသည်။

 

အဆုတ်တွင် ဖြစ်လျှင်

. ချောင်းခြောက် အကြာကြီးဆိုးခြင်း

. အသက်ရှူရ ခက်ခဲခြင်း

. အသက်ရှူစဉ် တရွှီရွှီ ကြားနေရခြင်း

. ရင်ဘတ်အောင့်ခြင်းတို့ဖြစ်စေနိုင်ပါသည်။

 

အရေပြားတွင် ဖြစ်ပွားလျှင်မူ

. ခြေသလုံးနှင့် ခြေချင်းဝတ်တို့တွင် အနီပြင်ထလာပြီး ပူနွေးနေကာ အထိမခံနိုင်ခြင်း

. နှာခေါင်း၊ ပါးနှင့် နားများတွင် အနာများ ဖြစ်လာခြင်း

. တခြားနေရာများထက် အရေပြား အရောင်ရင့်/ဖျော့သွားခြင်း

. အမာရွတ်/တက်တူးများ အောက်တွင် အလုံးများ ဖြစ်လာခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။

 

မျက်လုံးတွင် ဖြစ်လျှင်မူ များသောအားဖြင့် လက္ခဏာမပြတတ်သောကြောင့် မျက်လုံးကို ပုံမှန်စစ်ဆေးမှုခံယူရန် လိုအပ်ပါသည်။ သို့သော် တချို့တွင်မူ အမြင်ဝါးလာခြင်း၊ မျက်လုံးနာကျင်ခြင်း၊ နီရဲခြင်းနှင့် အလင်းရောင် မခံနိုင်ခြင်းတို ့ပြတတ်ပါသည်။

 

ဖြစ်ပွားရသောအကြောင်းရင်းများ

Sarcoidosis ဖြစ်ပွားရသော အကြောင်းရင်းကို သေချာမသိရှိသေးသော်လည်း မျိုးရိုးဗီဇကြောင့် ဖြစ်စေနိုင်ပြီး ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ဖုန်မှုန့်နှင့် ဓာတုပစ္စည်းများကြောင့် ပို၍ ဆိုးစေနိုင်ပါသည်။ ကိုယ်တွင်းအင်္ဂါများတွင် သွားရောက်စုပုံကာ ကြီးထွားလာပါက ထိုအင်္ဂါကို ပျက်စီးစေနိုင်ပါသည်။


ဖြစ်နိုင်ချေများသူများ

၁။ အသက် ၂၀ - ၄၀ နှစ် အကြား အမျိုးသမီးများ၊

၂။ African – American လူမျိုးများ

၃။ မိသားစုထဲတွင် အဆိုပါရောဂါ ရှိသူများတွင် ပို၍ အဖြစ်များတတ်ပါသည်။

 

နောက်ဆက်တွဲပြဿနာများ

Sarcoidosis ၏ နောက်ဆက်တွဲ ပြဿနာများအနေဖြင့် အဆုတ်တွင် အမာရွတ်များ ဖစ်ကာ အသက်ရှူရခက်ခဲလာခြင်း၊ မျက်လုံးအမြင်အာရုံ ဆုံးရှုံးသွားစေနိုင်ခြင်း၊ ကျောက်ကပ်ပျက်သွားနိုင်ခြင်း၊ နှလုံးရောဂါများဖြစ်ကာ နောက်ဆုံးတွင် အသက်သေဆုံးသည်အထိ ဖြစ်နိုင်ခြင်းနှင့် အာရုံကြောများတွင်ဖြစ်ပါက အကြောသေရောဂါများပင် ဖြစ်စေနိုင်ပါသည်။

 

ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ

 Sarcoidosis ရောဂါသည် မကုသဘဲထားပါက ပို၍ဆိုးလာကာ နောက်ဆုံးတွင် အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည့်အတွက် ရောဂါစတင် ခံစားရသည်နှင့် နီးစပ်ရာဆေးခန်းသို့သွားရောက်ပြသသင့်ပါသည်။

 

စစ်ဆေးမှုများ

Sarcoidosis ၏ လက္ခဏာများသည် တခြားရောဂါများနှင့် တူတတ်သည့်အတွက် ရောဂါရာဇဝင်အကြောင်း သေချာမေးမြန်းခြင်း၊ စမ်းသပ်ခြင်းများအပြင် ရင်ဘတ်ဓာတ်မှန် ရိုက်ခြင်း၊ CT scan၊ MRI scan ရိုက်ခြင်း၊ သွေးစစ်ခြင်းနှင့် မျက်လုံး စမ်းသပ်ခြင်း၊ အသားစ ယူ၍ စစ်ဆေးခြင်းများ ပြုလုပ်ပေးရမည် ဖြစ်ပါသည်။

 

ကုသခြင်း

Sarcoidosis အား ကုသရန်နည်းလမ်း မရှိသော်လည်း များသောအားဖြင့် သိပ်မဆိုးပါက ကုသမှုခံယူရန်မလိုဘဲ ပြန်ကောင်းတတ်ပါသည်။ ရောဂါဆိုးလျှင်မူ အရောင်ကျဆေး၊ ခုခံအားစနစ်ကို ချပေးမည့် ဆေးများအပြင် လိုအပ်ပါက အင်္ဂါအစားထိုး ကုသခြင်းများဖြင့် ကုသရမည်ဖြစ်ပါသည်။

 

ကာကွယ်ခြင်း       

Sarcoidosis အား ကာကွယ်ရန်နည်းလမ်း မရှိသည့်အတွက် ရောဂါဖြစ်လျှင်ဖြစ်ချင်း စောစီးစွာကုုသမှုခံယူရန်သာ အရေးကြီးပါသည်။

 

Paing

Ref: Mayo clinic

 

 

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18