Print

Stevens-Johnson Syndrome (စတီဗင်ဂျွန်ဆန် ရောဂါ)

  19-Jan-2019
Preview Image


Stevens-Johnson Syndrome သည် ရှားပါးသော ရောဂါတစ်မျိုးဖြစ်ပြီး အချို့သောဆေးများသောက်ခြင်း၊ ရောဂါပိုး တစ်ခုခုကူးစက်ခံရပြီးနောက် အရေပြားနှင့် အတွင်းသားချွဲမြှေး ( mucous membrane) တွင် ပြင်းထန်သော နာကျင်မှုဝေဒနာ ခံစားရသော ရောဂါတစ်မျိုးဖြစ်သည်။

 

လက္ခဏာများ

Stevens-Johnson Syndrome ၏ လက္ခဏာများအနေဖြင့်

- မျက်နှာနှင့်လျှာ ရောင်ရမ်းခြင်း

- အင်ပျဉ်ထခြင်း

- အရေပြား နာကျင်ခြင်း

- အရေပြားပေါ်တွင် အနီရောင်/ခရမ်းရောင် အကွက်များ ထခြင်း

- အရေပြားပေါ်တွင် အရည်ကြည်ဖုများ ပေါက်ခြင်း

- ပါးစပ်၊ နှာခေါင်း၊ မျက်လုံးနှင့် လိင်အင်္ဂါများတွင် အရည်ကြည်ဖုများ ပေါက်ခြင်း

- အရေပြား ကွာကျခြင်းများ ဖြစ်တတ်ပါသည်။

Stevens-Johnson Syndrome ရောဂါရှိပါက အကွက်များမပေါ်မီ ရက်ပေါင်းများစွာ အလိုကပင်

-      ဖျားခြင်း

-      လည်ချောင်းနှင့်ပါးစပ် နာခြင်း

-      ပင်ပန်းနွမ်းနယ်ခြင်း

-      ချောင်းဆိုးခြင်းနှင့်

-      မျက်လုံးနီရဲခြင်းများ ကြိုတင်ခံစားရတတ်ပါသည်။

 

ဖြစ်ပွားရသောအကြောင်းရင်းများ

Stevens-Johnson Syndrome ဖြစ်ပွားရသော အကြောင်းရင်းကို တိကျစွာ မသိရှိသော်လည်း အောက်ပါဆေးဝါးများဖြစ်သော

. ဂေါက်ရောဂါအတွက်ဆေးများ

. အကိုက်အခဲပျောက်ဆေးများ

. ပင်နီဆလင်ဆေး

. အတက်ကျဆေးနှင့် စိတ်ရောဂါကုဆေးများ

. ဓာတ်ရောင်ခြည်ကုသနည်းများကြောင့်လည်း ဖြစ်ပွားနိုင်သည်။ ထို့ပြင်

-      ရေယုန်ရောဂါ

-      အဆုတ်ရောင်ရောဂါ

-      HIV နှင့်

-      အသည်းရောင်ရောဂါများကြောင့်လည်း Stevens-Johnson Syndrome ဖြစ်ပွားနိုင်သည်။

 

ဖြစ်နိုင်ချေများသူများ

Stevens-Johnson Syndrome ဖြစ်နိုင်ချေများသူများမှာ

-      အထက်ဖော်ပြပါ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူများ

-      ကိုယ်ခံအားစနစ် မကောင်းသူများ

-      အထက်ပါ ဆေးဝါးများ မှီဝဲနေရသူများ

-      မျိုးရိုးရှိသူများ

-      HLA-B 1502 မျိုးရိုးဗီဇ သယ်ဆောင်ထားသူများ ဖြစ်သည်။

 

နောက်ဆက်တွဲပြဿနာများ

Stevens-Johnson Syndrome ၏နောက်ဆက်တွဲပြဿနာများ အနေဖြင့်

. အရေပြား ပိုးဝင်ကာ ရောင်ရမ်းခြင်း

. သွေးထဲသို့ ပိုးအဆိပ်ပျံ့နှံ့ခြင်း

. မျက်လုံး ရောင်ရမ်းကာ နောက်ဆုံးတွင် အမြင်အာရုံဆုံးရှုံးသွားခြင်း

. အဆုတ်၊ နှလုံး၊ ကျောက်ကပ်နှင့် အသည်းများရောင်ခြင်း

. အရေပြား ရာသက်ပန် ပျက်စီးသွားခြင်းများ ဖြစ်ပေါ်နိုင်သည်။

 

ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ

Stevens-Johnson Syndrome သည် ချက်ချင်း ဆေးကုသမှု ခံယူရန်လိုအပ်သည့်အတွက် အထက်ဖော်ပြပါ လက္ခဏာများ ခံစားရသည်နှင့် နီးစပ်ရာ ဆေးရုံဆေးခန်းသို့ သွားရောက်ပြသသင့်ပါသည်။

 

စစ်ဆေးမှုများ

ရောဂါရာဇဝင်အကြောင်း မေးမြန်းခြင်း၊ ရောဂါလက္ခဏာများအား စမ်းသပ်ခြင်းနှင့် အရေပြားအား ဓာတ်ခွဲခန်းပို့၍ စစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။

 

ကုသခြင်း

ကုသမှုများ အနေဖြင့် ဆေးဝါးများကြောင့်ဖြစ်ပါက ဆေးဖြတ်လိုက်ခြင်း၊ အနာသက်သာစေရန်ဆေးများ၊ အယားပျောက်ဆေး၊ ပိုးသတ်ဆေးများနှင့် အရောင်ကျဆေးများ ပေးခြင်းဖြင့် ကုသနိုင်သည်။ ထို့ပြင် ရေဓာတ်နှင့် အစာအာဟာရ လုံလုံလောက်လောက်ကျွေးခြင်း၊ အနာဒဏ်ရာနှင့် မျက်လုံးကို ဂရုစိုက်ပေးခြင်းများကိုလည်း ပြုလုပ်ပေးရမည်ဖြစ်သည်။

 

ကာကွယ်ခြင်း

Stevens-Johnson Syndrome မဖြစ်စေရန် မျိုးရိုးဗီဇအား ပြောင်းလဲ၍မရသော်လည်း တခြားအချက်များဖြစ်သော ဆေးဝါးများအား ဆရာဝန် ညွှန်ကြားသည့်အတိုင်းမှလွဲ၍ ကိုယ့်သဘောနှင့်ကိုယ် စွဲမသောက်မိစေရန် အရေးကြီးသည်။

 

Paing

Healthcare.com.mm

Ref: Mayo Clinic

 

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18