Print

လေဖြတ်ခြင်း

  20-Jan-2019
Preview Image


သင်ရဲ့ဦးနှောက်ဆီကို သွေးမရောက်သောအခါ ဦးနှောက်အတွက်လိုအပ်သော အောက်စီဂျင်နှင့်အာဟာရကို မရနိုင်ပါ။ မိနစ်ပိုင်းအတွင်း ဦးနှောက်ဆဲလ်များ သေဆုံးနိုင်သည်။ ထိုအခါ လေဖြတ်ခြင်းဖြစ်လာသည်။ လေဖြတ်ခြင်းသည် အရေးပေါ်အခြေအနေဖြစ်သည်။ အချိန်မီကုသမှု ခံယူနိုင်ရန် အလွန်အရေးကြီးသည်။ စောလျင်စွာကုသမှုခံပါက ဦးနှောက်ဆဲလ်များ ပျက်စီးမှုနည်းပြီး နောက်ဆက်တွဲဆိုးကျိုးများကို လျော့နည်းစေသည်။

         

လက္ခဏာများ


အောက်ပါလက္ခဏာများဖြစ်နေပါက လေဖြတ်သည်ဟု ယူဆနိုင်သည်။ စဖြစ်သည့်အချိန်ကို မှတ်ထားရမည်။ အဘယ်ကြောင့်ဆိုသော် ကုသမှုသည် အချိန်ပေါ်မူတည်ပြီး ပြောင်းလဲနိုင်သောကြောင့်ဖြစ်သည်။

 

-  စကားပြောရာတွင် အခက်အခဲဖြစ်လာခြင်း၊ ဗလုံးဗထွေးဖြစ်လာခြင်း၊ ပြောသည့်စကားကို နားလည်ဖို့ခက်ခဲခြင်း

-  မျက်နှာ၊ လက်နှင့်ခြေများ ရုတ်တရက်မလှုပ်ရှားနိုင်ခြင်း၊ ထုံလာခြင်း။ အထူးသဖြင့်ခန္ဓာကိုယ်တစ်ခြမ်းကို ထိခိုက်သည်။

-  လက်နှစ်ဖက်လုံးကို တစ်ပြိုင်နက်ဆန့်တန်းကြည့်ပါ။ အကယ်၍ လက်တစ်ဖက်သည် အောက်သို့ပြုတ်ကျလာပါက    လေဖြတ်သည်ဟု ဆိုနိုင်သည်။ ထို့အတူ ပြုံးသည့်အချိန်တွင် မျက်နှာတစ်ဘက်ရွဲ့ပြီး သွားရည်များကျလာပါက လေဖြတ်နေသည်။

-  အမြင်အာရုံ ဝေဝါးလာခြင်း၊ မျက်လုံးတစ်ဖက် (သို့) နှစ်ဖက်လုံး မမြင်ရတော့ခြင်း၊ နှစ်ထပ်မြင်နိုင်ခြင်း

-  ရုတ်တရက် ပြင်းထန်စွာခေါင်းကိုက်ခြင်းနှင့်အတူ ခေါင်းမူးခြင်း၊ မပျို့ဘဲ အန်ခြင်း၊ သတိမေ့ခြင်း

-  လမ်းမလျှောက်နိုင်ခြင်း၊ လမ်းလျှောက်ရာတွင် ဒယိုင်းဒယိုင်ဖြစ်ခြင်း

 

ဖြစ်ပွားရသော အကြောင်းရင်းများ

        လေဖြတ်ခြင်းသည် သွေးကြောပိတ်ခြင်း (သို့) သွေးကြောပေါက်ခြင်းကြောင့်ဖြစ်သည်။ အချို့လူများတွင် ဦးနှောက်သို့သွေးရောက်ရှိမှု ခေတ္တပြတ်သွားသောကြောင့် သတိမေ့ခြင်းဖြစ်နိုင်သည်။

 

သွေးကြောပိတ်ခြင်း

        လေဖြတ်ခြင်းဖြစ်ရသည့် အကြောင်းရင်းတွင် ၈၅ ရာခိုင်နှုန်းသည် သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သည်။ ဦးနှောက်၏သွေးလွှတ်ကြော ကျဉ်းလျှင်ဖြစ်စေ၊ ပိတ်လျှင်ဖြစ်စေ လေဖြတ်ခြင်းဖြစ်နိုင်သည်။ အများအားဖြင့်  ဦးနှောက်၏သွေးလွှတ်ကြောတစ်နေရာတွင် သွေးခဲပိတ်ခြင်း (သို့) အဆီပိတ်ခြင်းတို့ကြောင့်ဖြစ်သည်။

 

သွေးကြောပေါက်ခြင်း

        ဦးနှောက်၏ သွေးလွှတ်ကြောများ ယိုစိမ့်ခြင်း (သို့) ပေါက်ခြင်းဖြစ်သည်။ သွေးဖိအားများလွန်းခြင်း၊ သွေးတိုးမထိန်းနိုင်ခြင်း၊ ဦးနှောက်သွေးကြောထုံးခြင်းတို့သည် အဓိကအကြောင်းအရင်းများဖြစ်သည်။

 

လေဖြန်းခြင်း

       လေဖြတ်သော လက္ခဏာများနှင့်တူညီပြီး  ဦးနှောက်သို့သွေးရောက်ရှိမှု ၅ မိနစ်ခန့် ပြတ်တောက်သောကြောင့်ဖြစ်သည်။ ဦးနှောက်သွေးကြောပိတ်ခြင်းကဲ့သို့ပင်ဖြစ်ပြီး ရောဂါလက္ခဏာများသည် ခဏတာသာဖြစ်သည်။ လေဖြန်းခြင်းသည် ရောဂါလက္ခဏာများ ပျောက်ကင်းသွားသော်လည်း  အချိန်မရွေးလေဖြတ်ခြင်းသို့ ပြောင်းသွားနိုင်သည်။ ဦးနှောက်၏ သွေးကြောများတွင် ကျဉ်းနေ၍ (သို့) အနည်းငယ်ပိတ်နေ၍သာ လေဖြန်းခြင်းဖြစ်၍ အရေးကြီးသောအခြေအနေဖြစ်သည်။

 

ဖြစ်နိုင်ချေများသူများ

-  အဝလွန်သူများ၊ ကိုယ်လက်လှုပ်ရှားမှုမရှိသူများ

-  အရက်၊ ဆေးလိပ် အလွန်အကျွံသောက်သူများ

-  သွေးကြောတွင်း အဆီဓာတ်များသူများ

-  သွေးတိုးရှိသူများ၊ သွေးဖိအား မထိန်းနိုင်သူများ

-  ဆီးချိုရှိသူများ၊ ဆီးချိုမထိန်းနိုင်သူများ

-  အသက် ၅၅ နှစ်နှင့်အထက် လူကြီးများ

 

နောက်ဆက်တွဲ ပြဿနာများ

        လေဖြတ်ခြင်းကြောင့်ဖြစ်သော နောက်ဆက်တွဲပြဿနာများသည် အခိုက်အတန့် (သို့) ထာဝရဖြစ်နိုင်သည်။

 

- လေဖြတ်ထားသော ကြွက်သားများ မလှုပ်ရှားနိုင်တော့ခြင်း

- စကားပြောရာတွင် ခက်ခဲခြင်း

- အစာမျိုရာတွင် ခက်ခဲခြင်း

- သတိမေ့ခြင်း

- ဆုံးဖြတ်ချ မချနိုင်တော့ခြင်း

- စိတ်ခံစားမှုများကို မထိန်းနိုင်ခြင်း

- စိတ်ဓာတ်ကျခြင်း

- လေဖြတ်ထားသောခန္ဓာကိုယ်အစိတ်အပိုင်းများ နာကျင်ခြင်း၊ ထုံခြင်း၊ ကျဉ်ခြင်း

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

-  စကားပြောရာတွင် အခက်အခဲဖြစ်လာခြင်း၊ ဗလုံးဗထွေးဖြစ်လာခြင်း၊ ပြောသည့်စကားကို နားလည်ဖို့ ခက်ခဲခြင်း

-  မျက်နှာ၊ လက်နှင့်ခြေများ ရုတ်တရက်မလှုပ်ရှားနိုင်ခြင်း၊ ထုံလာခြင်း။ အထူးသဖြင် ခန္ဓာကိုယ်တခြမ်းကို ထိခိုက်သည်။

-  လက်နှစ်ဖက်လုံးကို တစ်ပြိုင်နက်ဆန့်တန်းကြည့်ပါ။ အကယ်၍  လက်တဖက်သည် အောက်သို့ပြုတ်ကျလာပါက       လေဖြတ်သည်ဟုဆိုနိုင်သည်။ ထို့အတူ ပြုံးသည့်အချိန်တွင် မျက်နှာတဖက်ရွဲ့ပြီး သွားရည်များကျလာပါက လေဖြတ်နေသည်။

-  အမြင်အာရုံ ဝေဝါးလာခြင်း၊ မျက်လုံးတဖက် (သို့) နှစ်ဖက်လုံး မမြင်ရတော့ခြင်း၊ နှစ်ထပ်မြင်နိုင်ခြင်း

-  ရုတ်တရက် ပြင်းထန်စွာခေါင်းကိုက်ခြင်းနှင့်အတူ ခေါင်းမူးခြင်း၊ မပျို့ဘဲအန်ခြင်း၊ သတိမေ့ခြင်း

-  လမ်းမလျှောက်နိုင်ခြင်း၊ လမ်းလျှောက်ရာတွင် ဒယိုင်းဒယိုင်ဖြစ်ခြင်း

 

စစ်ဆေးမှုများ

- ဆရာဝန်မှ လူနာ၏ရောဂါရာဇဝင်အကြောင်းကို   အသေးစိတ်မေးမြန်းမည်။ ထို့နောက် ခန္ဓာကိုယ်ကို   စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်မည်။      

- လိုအပ်သော သွေးစစ်ဆေးမှုများပြုလုပ်ရမည်။   သွေးတွင်းသကြားဓာတ်၊ သွေးတွင်းသက်စောင့်ဓာတ်များ၊        အဆီဓာတ်များ ပုံမှန်ပမာဏရှိ၊ မရှိနှင့် ရောဂါပိုးရှိ၊ မရှိစသည့် လိုအပ်သည်များအတွက်  သွေးဖောက်စစ်ဆေးမည်။

- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းသည်လည်း ဦးနှောက်တွင် သွေးကြောပေါက်ခြင်း၊ သွေးကြောပိတ်ခြင်း၊ အလုံးနှင့်      အခြားရောဂါအခြေအနေများကို သိနိုင်သည်။

- သံလိုက်ဓာတ်မှန်ရိုက်ခြင်းသည်လည်း ကွန်ပျူတာဓာတ်မှန်နှင့် အလားတူပင်ဖြစ်သည်။  

- အခြားပြုလုပ်နိုင်သော စစ်ဆေးမှုများမှာ လည်ပင်းသွေးကြော အာထရာဆောင်းရိုက်ခြင်း၊ ဦးနှောက်သွေးကြောများ ပုံရိပ်ဖမ်းခြင်း၊ နှလုံးဓာတ်မှန်ရိုက်ခြင်း   စသည်တို့ပင်ဖြစ်သည်။

 

ကုသခြင်း

သွေးကြောပိတ်ခြင်း

- သွေးခဲပျော်ဆေးကို ရောဂါလက္ခဏာစတင်ပြသည့်အချိန်မှ ၃ နာရီအတွင်းပေးရပါမည်။

 

သွေးကြောပေါက်ခြင်း

- ဦးနှောက်တွင်း သွေးဖိအားကို လျှော့ချရပါမည်။

- ဦးနှောက်တွင် သွေးယိုစိမ့်ပမာဏနည်းပါက သွေးများကို ခန္ဓာကိုယ်မှ သူ့အလိုလိုစုပ်ယူသွားမည်။ ပမာဏများပါက ခွဲစိတ်ကုသမှု ခံယူရမည်။

 

ကာကွယ်ခြင်း

- သွေးဖိအားကို ပုံမှန်တိုင်းခြင်း

- သွေးတိုးရှိပါက သွေးကျဆေးပုံမှန်သောက်ခြင်း

- အဆီများသော အစားအစာများကို ရှောင်ခြင်း

- ဆေးလိပ်ဖြတ်ခြင်း

- ဆီးချိုရှိပါက ဆီးချိုကျဆေးပုံမှန်သောက်ပြီး ဆီးချိုထိန်းခြင်း

- ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း

- အသီးအရွက်များ ပိုမိုစားသုံးခြင်း

- အရက်လျှော့သောက်ခြင်း

  

 

Dr.Khine.W.Y.San

Ref: Mayo clinic

 

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18