Print

စိုရီယေးစစ်စ်ယားနာ ( Psoriasis )

  22-Jan-2019
Preview Image

ပွေးကဲ့သို့ ယားနာဝိုင်းဝိုင်း၊ နီနီရဲရဲ ထူထူ၊ ငွေရောင်အကြေးခွံကလေးများ ဆန်ဆန် အနာဖေး ကွာတတ်သည့် အရေပြား ယားနာတစ်မျိုး ပွေးမဟုတ်။ တံတောင်ဆစ်၊ ဒူးခေါင်း၊ ဦးရေပြားနှင့် ကျော၊ ရင်ဘတ်၊ စသည်တို့ပေါ်တွင် ပေါက်လေ့ရှိသည်။ ယားသည်။ တစ်ခါတစ်ရံ နာပင်နာတက်၊ ကိုက်ခဲတတ်သည်။ လက်သည်းများကြမ်းလာကာ အပေါက်ပမာ အခွက်၊ အချိုင့် ကလေးများလည်းတွေ့ရတတ်သည့်အပြင် တစ်ခါတစ်ရံ အဆစ်ရောင်ရောဂါပမာ အဆစ်ရောင် ကိုက်ခြင်းများကိုလည်း ရှိတတ်သည်။ လည်ချောင်း နာခြင်း၊ အရေပြား အနာတရ ဖြစ်ခြင်း စသည့်စိတ်ဖိစီးဝန်ကြောင့် ဖြစ်တတ်သည့် ဝေဒနာ အချို့ကြောင့် အဆိုပါ ယားနာ ပေါက်တတ်သကဲ့သို့ စိတ်ဖိစီးမှုကြောင့် အဆိုပါ ယားနာကို ပိုဆိုးစေတတ်သေးသည်။ အနီကွက်ယား ဖြစ်နေသည့်အပြင် ပျောက်ခဲသည့် ယားနာတစ်မျိုး ဖြစ်ခြင်းကြောင့် တစ်ခါတစ်ရံ မိသားစုပြဿနာ အဖြစ်နှင့်ပင် ရှိတတ်သေးသည်။

ဆရာဝန်နှင့် အရင်ပြရန်
• ပွေး၊ ဝဲ၊ နှင်းခူဟု ထင်ကာ တွေ့ကရဆေး မလိမ်းဘဲ ဆရာဝန်နှင့် အရင်ပြ၍ စိုရီယေးစစ်စ် ဟုတ်၊ မဟုတ် စစ်ဆးပါ။
• နှင်းခူ နီရဲ၊ သားနံရည်စိုရွှဲ၊ ပူ၍ နာလာလျှင်။

သင့်ဘာသာ ဆောင်ရွက်နိုင်သောကိစ္စများ

• အပျော့စားဖြစ်ခါစ လူနာများအတွက် ပိုအဆင်ပြေသည့် နည်းများဟု ဆိုနိုင်ပါသည်။ ဆရာဝန်နှင့် ပြသသည့်အခါတွင်လည်း ဤကိစ္စရပ်များကို ဆောင်ရွက်ထားနှင့်ပါကြောင်း အသိပေးပါ။
• အကြေးခွံကလေးများ ကွာကျစေရန် နေ့စဉ်ရေနွေးနွေးဖြင့် ရေချိုးပေးပါ။
• အနာပေါ်ရှိ ငွေရောင် အနာဖေးအမာလေးများ ပျော့ပျောင်းနူးညံ့စေနိုင်သည့်
ကျောက်မီးသွေး ကတ္တရာပါသော လူးဆေးများ လိမ်းနိုင်သည်။
• အနာဖေးများ လျော့ကွားစေရန် မွိုက်ဇ်ချာရိုင်ဇာ အရေပြားစိုစွတ်ဆေးကိုလည်း လိမ်းနိုင်သည်။
• ယားလျှင် မကုတ်ရ၊ အနာဖေး မခွာရ၊ အယားသက်သာစေရန် Oatmeal Bath Oil သို့မဟုတ် ရှားစောင်းလက်ပပ်ပါသော ခရင်မ် သို့မဟုတ် အဆီကိုလိမ်းပေးပါ။
• နေစာလှုံခြင်းဖြင့်လည်း အယားအနာ သက်သာစေနိုင်သည်။ သို့သော် နေမလောင်စေသင့်ပါ။ နေလောင်ပါက ယားနာ ပိုဆိုးတတ်သည်။
• စိတ်ဖိစီးမှုကြောင့် ဖြစ်သည်ဆိုပါက အသက်ရှုလေ့ကျင့်ခန်း အပါအဝင် စိတ်ဖိစီးမှုလျော့ပါးစေသော လေ့ကျင့်ခန်းများ (ယခင်ဖော်ပြပြီး) လုပ်ပေးပါ။

အိမ်သုံးဆေး
ကျောက်မီးသွေး ကတ္တရာပါသောဆေးများ ယားနာသက်သာစေသော်လည်း ဆေးနံ့ပြင်းသည်။ နေ့စဉ်ရေချိုးလျှင် ကျောက်မီးသွေး ကတ္တရာဆေးရည် ထည့်ချိုးခြင်း၊ ကျောက်မီးသွေး ကတ္တရာလိမ်းဆေးကို တစ်နေ့သုံးကြိမ် လိမ်းပေးခြင်း၊ ယင်းရှန်ပူ ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ခြင်းတို့ကို လုပ်နိုင်သည်။ ဦးရေပြားတွင် ချပ်ခဲပမာဖြစ်နေပါက စလီစလစ် အက်စစ် အွိုင်းမင့် လိမ်းပေးခြင်းဖြင့် အနာဖေးများ ပျော့ကွာလာစေနိုင်သည်။ သို့သော် ယင်းဆေးလူးပြီးသည့်နောက် အရေပြား ရွစိ၊ ရွစိဖြစ်ကာ ယားလာလျှင် ဆေးဆက်မလူးရပါ။ ကျောက်မီးသွေး ကတ္တရာလူးဆေးလိမ်းထားပါက
နေရောင်ခြည်ထဲတွင်ပါသော ခရမ်းလွန်ရောင်ခြည်ကို ပိုဆွဲဆောင်စေနိုင်သဖြင့် ဆေးလူးပြီးပါက နေပူထဲမထွက်သင့်ပါ။

မွိုက်ဇ်ချာရိုင်ဇာများ
ရေဖြင့် အခြေခံထုတ်လုပ်သော အရေပြားအစိုဓာတ်ထိန်း ခရင်မ်ကိုညင်သာစွာ ပွတ်လူးပါ။ အယားသက်သာပြီး အနာဖေးများလည်း ကွာကျလာနိုင်ပါသည်။

သဘာဝ ဆေးနည်းများ
Colloidal Oatmeal ပါသော အလှဆီများ။ ရေချိုးစဉ် ထည့်ချိုးပါက အနာဖေးများ ပျော့ကွာလာနိုင်သည်။ အေလိုဗီရာ (ရှားစောင်းလက်ပပ်) ပါခရင်နှင့် ဂျဲလ်များ အနာမခြောက်စေရန်နှင့် အယားသက်သာစေရန် အထောက်အကူ ဖြစ်စေသည်။ သို့သော် ထိရောက်မှုမရှိ။ သက်သာစေရန် ဆရာဝန်နှင့် ဆွေးနွေးပြီးမှ လူးသင့်သည်။ ရှားစောင်းလက်ပပ်ပ်သော ဆေးများ အလှကုန်ပစ္စည်းများကို အနာပေါ်ပွတ်လိမ်းပါ။ အနာဖေးများ ပါး၊ ပျော့ကွာလာကာ အယားပါ သက်သာစေနိုင်သည်။

ဆရာဝန်နှင့် ဆက်ပြပါ။
• အထက်ပါနည်းများဖြင့် ကု၍မသက်သာလျှင်
• အနီကွက်များ ပိုကြီးလာလျှင်၊ ရောင်လာလျှင်၊ အဖျားပါဝင်လာ၍ နေမထိရှိလျှင်
• အဆစ်များ နာလာလျှင်


Ref:
အိမ်သားသမားတော်
ဒေါက်တာ သန်းထွဋ်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18