Print

နှင်းခူရှိသူများ သတိထားစရာ

  22-Jul-2019
Preview Image

(၁) ဓာတုပစ္စည်းများ -  အမွှေးနံ့သာ၊ လေသန့်ဖျန်းဆေးများ၊ မီးခိုးငွေ့များ

- လက်အိတ်ဝတ်ပြီးမှ သန့်ရှင်းရေးလုပ်ပါ။
- ဖြစ်နိုင်လျှင် လေသန့်ဖျန်းဆေးများ၊ ရေမွှေးသုံးခြင်းများ ရှောင်ပါ။
- မီးခိုးငွေ့များသည့် ပတ်ဝန်းကျင်ကို ရှောင်ပါ။
- ဆေးလိပ်သောက်တတ်သူဖြစ်ပါက ဆေးလိပ်ဖြတ်ပါ။

(၂) ရေနွေးအသုံးပြုခြင်း

လက်ဆေးလျှင်၊ ရေချိုးလျှင် ရေနွေးကို အသုံးပြုမည့်အစား ရေအေးကို သုံးပါ။ ပြီးလျှင် အရေပြား အစိုဓာတ်ထိန်းကရင်မ် တစ်ခုခုကိုလိမ်းပါ။ သိုးမွှေးကဲ့သို့သော အမွှေးများနှင့် ဓါတ်မတည့်သူများတွင် lanolin ပါဝင်သော လိုးရှင်းကို မလိမ်းမိစေရန် သတိပြုရမှာပါ။

(၃) နေလောင်ခြင်းနှင့် ချွေးထွက်ခြင်း

နေပူထဲထွက်လျှင် sunscreen နေကာဆေးကရင်မ် လိမ်းပြီးမှ ထွက်ပါ။ ဖြစ်နိုင်လျှင် အရိပ်အောက်မှာ နေပါ။ နေလောင်ခြင်းသည် နှင်းခူရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ sunscreen နေကာဆေးကရင်မ်နှင့် မတည့်သူများတွင် zinc oxide သို့ titanium dioxide ကို လိမ်းပေးနိုင်ပါတယ်။

(၄) သင့်တော်သော အဝတ်အထည်

ပေါ့ပါး ချောင်ချိသော အဝတ်အထည်များကို ရွေးချယ်ဝတ်ဆင်ပါ။ ဆိတ်မွှေး၊ သိုးမွှေးဖြင့် ပြုလုပ်သော အထည်များ၊ ဓာတုဗေဒပစ္စည်းများပါဝင်သော အဝတ်အထည်များ(နိုင်လွန်၊ ပိုလီအက်စတာ၊ ရေယွန်ပိုးတု) များကို ရှောင်ပါ။ ချွေးထွက်စေပြီး ပိုမိုယားယံနိုင်တာကြောင့် ဖြစ်ပါတယ်။ အဝတ်အထည် အသစ်များဝတ်မည်ဆိုလျှင် လျှော်ဖွတ်ပြီးမှ စတင်ဝတ်ဆင်ပါ။

(၅) ဆပ်ပြာ၊ ခေါင်းလျှော်ရည်နှင့် အဝတ်လျှော်ကရင်မ်များ

ရေချိုးလျှင်ဖြစ်စေ၊ အဝတ်လျှော်လျှင်ဖြစ်စေ ထိခိုက်လွယ်သောအရေပြားပိုင်ရှင်များနှင့် ကလေးများ အသုံးပြုတတ်သော အမွှေးနံ့သာနည်းပြီး ပျော့သော သန့်စင်ပစ္စည်းများကို သုံးပေးပါ။ လိုအပ်လျှင် ပြောင်အောင် နှစ်ကြိမ်ဆေးပါ။ လျှော်ပါ။ အဝတ်ပျော့ဆေးများကို ဖြစ်နိုင်လျှင် မသုံးပါနှင့်။

(၆) စိတ်ဖိစီးမှု

စိတ်ဖိစီးမှုများလျှင် နှင်းခူရောဂါကို ပိုဆိုးစေပါတယ်။ကိုယ်ခန္ဓာတွင်းမှာ ဟော်မုန်းအပြောင်းအလဲများဖြစ်ပြီး ရောင်ရမ်းဓာတ်ကို ထွက်စေလို့ အရေပြားပိုမိုယားယံတာမျိုး ဖြစ်နိုင်ပါတယ်။ ယောဂကစားခြင်း၊ တရားထိုင်ခြင်း တို့ကို ပြုလုပ်ပြီး စိတ်ကို အနားပေးပါ။ အိပ်ရေးဝအောင် အိပ်ပေးပါ။

(၇) ဓာတ်မတည့်ခြင်း

အမှုန်အမွှားများရှူရှိုက်မိခြင်း မဖြစ်စေရန် ထိုပတ်ဝန်းကျင်ကို တတ်နိုင်သလောက်ရှောင်ပါ။ အိမ်တွင်း၊ အခန်းတွင်း ဖုန်စုပ်ခြင်း၊ အိပ်ရာခင်းများကို ရေနွေးဖြင့် လျှော်ခြင်းကို အပတ်စဉ် ပြုလုပ်ပါ။ အချို့သော အစားအစာနှင့် မတည့်သူများတွင် ထိုအစားအစာများကို စားသုံးခြင်း မပြုလုပ်ပါနှင့်။ အများအားဖြင့် မြေပဲ၊ နွားနို့၊ ပဲနို့၊ ဂျုံ၊ ငါးနှင့် ဥတို့ ဖြစ်တတ်ပါတယ်။ နှင်းခူရှိသော ကလေးငယ်တွေမှာတော့ ရောဂါပိုဆိုးမှာ စိုးရိမ်ပြီး မိမိသဘောနှင့်
မိမိ ထိုအစားအစာများအားလုံးကို လုံးဝမကျွေးတာမျိုး မလုပ်ရပါဘူး။ ကလေးဆရာဝန်နှင့်ပြပြီး တိုင်ပင်ဆွေးနွေးခြင်း ပြုလုပ်ပါ။ ကလေးကြီးထွားရန် လိုအပ်သောအစားအစာများဖြစ်တာကြောင့် ဖြစ်ပါတယ်။

(၈) ခြောက်သွေ့သော လေကို ရှူရှိုက်ခြင်း

ဆောင်းရာသီတွင် နှင်းခူပိုဆိုးတတ်လျှင် အခန်းထဲတွင် လေထုကို အစိုဓာတ်ထိန်းပေးနိုင်သော humidifier ထားပါ။ စက်အတွင်းတွင် မှိုများအောင်းနေတတ်တာကြောင့် humidifier စက်ကို အနည်းဆုံး တစ်ပတ်တစ်ခါ သန့်ရှင်းရေးလုပ်ပေးပါ။

(၉) လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ရေကူးခြင်း


လေ့ကျင့်ခန်းလုပ်ခြင်းသည် စိတ်ဖိစီးမှုကို လျော့ကျစေပြီး ကျန်းမာရေးအတွက်ကောင်းသော်လည်း ချွေးထွက်များတာကြောင့် လေ့ကျင့်ခန်းလုပ်ပြီးလျှင် အနားယူပေးပါ။ ချွေးသုတ်ပေးပါ။ နေပူထဲတွင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်တာမျိုးကို ရှောင်ပါ။ ရေကူးပြီးလျှင် ရေပြန်ချိုးပေးပါ။ ရေကူးကန်မှ ကလိုရင်းဓာတ်များသည် အရေပြားကို ယားယံစေတတ်တာကြောင့် ဖြစ်ပါတယ်။

(၁ဝ) တံတွေးထွက်ခြင်း

မိမိ၏ကလေးငယ်များကို မအိပ်ခင်၊ မစားခင် အစိုဓာတ်ထိန်းကရင်မ်တစ်ခုခုကို ပါး၊ လည်ပင်းနားတဝိုက်၊ မေးနှင့်ပါးစပ်နားတစ်ဝိုက်တွင် လိမ်းပေးခြင်းဖြင့် သွားရည်ကျခြင်းကြောင့် နှင်းခူပိုဆိုးနိုင်ခြင်းကို သက်သာစေပါတယ်။

(၁၁) အခြား အရေပြားရောဂါများ

အခြားဘက်တီးရီးယားနှင့် မှိုရောဂါပိုးများသည် နှင်းခူကို ပိုဆိုးစေပါတယ်။ အရေပြားဆရာဝန်နှင့်ပြပြီး သက်သာအောင် ပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများ လိမ်းပါ။

Credit : Dr Myat Noe Oo

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18