Print

ကျန်းမာရေးပြဿနာကို ဖြစ်ပေါ်စေတဲ့ အမှိုက်များ

  08-Nov-2019
Preview Image

          ယနေ့အချိန်အခါမှာ အမှိုက်တွေကို စည်းကမ်းမဲ့ စွန့်ပစ်နေလို့ လေထု၊ ရေထုနဲ့ မြေထုတွေကို ညစ်ညမ်းစေပြီး ပတ်ဝန်းကျင်ကို ထိခိုက်နေပါတယ်။အမိုက်က အစ၊ ပြာဒ်မီးလောင်ဆိုတဲ့စကားအတိုင်း စည်းကမ်းမဲ့ စွန့်ပစ်ထားတဲ့ အမှိုက်တွေကြောင့် မီးဘေးအန္တရာယ်တွေကို ကြုံတွေ့နေရပါတယ်။ အသက်အန္တရာယ်ထိခိုက်ပြီး ကိုယ်လက်အင်္ဂါ မသန်မစွမ်းဖြစ်တဲ့အထိ ခံစားရနေပါတယ်။ အိုးမဲ့၊ အိမ်မဲ့ဖြစ်ကာ စီးပွားရေး၊ လူမှုရေးတွေကို ဆုံးရှုံးစေပါတယ်။ ဒါ့အပြင် ပြည်သူတွေ သိရှိစေဖို့ ကျန်းမာရေးပြဿနာကို ဖြစ်ပေါ်စေတဲ့ အမှိုက်တွေအကြောင်းကို ရေးသားတင်ပြလိုက်ရပါတယ်။

 

အမှိုက်ဆိုသည်မှာ

          အမှိုက်ဆိုတာက မိမိတို့ မလိုအပ်လို့ (ဒါမှမဟုတ်) အသုံးမလိုလို့ စွန့်ပစ်လိုက်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ အမှိုက်အမျိုးအစားက () မျိုးရှိပါတယ်။ ဒါတွေကတော့ မီးခိုချောင်ထွက်အမှိုက်၊ ခြံထွက်အမှိုက်၊ စက်ရုံ အလုပ်ရုံထွက် အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက် အမှိုက်၊ သာမန်အမှိုက်၊ စက်ဆုပ်ဖွယ်ရာအမှိုက်နဲ့ ဆေးရုံ၊ ဆေးခန်း စွန့်ပစ်ပစ္စည်းအမှိုက်တွေ ဖြစ်ပါတယ်။

 

အမှိုက်ကို စနစ်တကျမစွန့်ပစ်ပါက

          အမှိုက်ကို စနစ်တကျ မစွန့်ပစ်ပါက အမြင်မတင့်တယ် ဖြစ်တတ်ပါတယ်။ အနံ့ဆိုးထိုးပြီး လေထုညစ်ညမ်းပါတယ်။ မြေထုညစ်ညမ်းနိုင်ပါတယ်။ ခြင်၊ ယင်၊ ကြွက်တွေနဲ့ ခွေးလေခွေးလွင့်တွေ ပေါများလာပြီး ကူးစက်ရောဂါတွေ ဖြစ်ပွားတတ်စေပါတယ်။ ပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းစေပါတယ်။ ရေစီးရေလာပိတ်ဆို့ပြီး ရေတင်ခြင်းနဲ့ လမ်းတွေပျက်စီးခြင်း ဖြစ်ပေါ်စေပါတယ်။ မြစ်ချောင်းအတွင်းမှာ အမှိုက်တွေ စွန့်ပစ်ပါက ရေထုညစ်ညမ်းပြီး ရေသတ္တဝါတွေ သေကျေပျက်စီးပါတယ်။ ဂေဟနစ်တွေလည်း ပျက်စီးစေနိုင်ပါတယ်။

          အမှိုက်ကို စနစ်တကျ မစွန့်ပစ်ခြင်းကြောင့် မြို့ပြအင်္ဂါနဲ့ မညီညွတ်ဘဲ ဖြစ်တတ်ပါတယ်။ စည်းကမ်းရှိမှုနဲ့ နိုင်ငံကြီးသားပီသမှုလည်း မရှိနိုင်ပါဘူး။ သဘာဝမြင်ကွင်း၊ ရှုခင်းတွေကို အကျည်းတန်ရုပ်ဆိုးစေပါတယ်။ ကမ္ဘာလည့်ခရီးသည်တွေကို ဆွဲဆောင်မှုမရှိတတ်ပါ။ ဒါ့အပြင် နိုင်ငံတော်ရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်ပါတယ်။

          စားကြွင်းစားကျန်တွေ ပျက်စီးပြီးနောက် ဘက်တီးရီးယားနဲ့ ဖန်ဂတ်စ်မှိုတွေ ပေါက်ပွားလာပြီး ပုပ်သိုးအနံ့ထွက်လာနိုင်ပါတယ်။ တိရစ္ဆာန်အသေကောင်တွေကို စွန့်ပစ်ပါက ဟိုက်ဒရိုဂျင် ဆာလ်ဖိုက်ဓာတ်ငွေ့တွေလို အနံ့ဆိုးတွေ ထွက်တတ်ပါတယ်။ အနံ့ဆိုးတွေကြောင့် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ချောင်းဆိုးရင်ကျပ်ခြင်းနဲ့ လေပြွန်ရောင်ခြင်းတွေ ခံစားရနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းကို ထိခိုက်ပြီး ပန်းနာရင်ကျပ်ရောဂါရှိပါက ပိုမိုဆိုးရွားစေပါတယ်။

          အမှိုက်ကနေထွက်လာတဲ့ အရည်တွေ မြေပေါ်ကျရောက်ပြီး မြေထုညစ်ညမ်းစေပါတယ်။ သောက်သုံးရေပိုက်လှိုင်းနဲ့ အဝီစိတွင်းတွေထဲသို့ အရည်တွေစိမ့်ဝင်ရောက်ပြီး ရေကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ရရှိနိုင်ပါတယ်။ ဥပမာအားဖြင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါ၊ ကာလဝမ်းရောဂါ၊ သန်ကောင်စွဲရောဂါ၊ ပိုလီယိုရောဂါနဲ့ ကြွက်ဆီးကြောင့်ဖြစ်တဲ့ အသားဝါရောဂါတွေ ခံစားရနိုင်ပါတယ်။

          အမှိုက်တွေကို စနစ်တကျ မပစ်ခြင်းကြောင့် ခြင်၊ ယင်နဲ့ ပိုးဟပ် စတဲ့ အင်းဆက်တွေကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်နိုင်ပါတယ်။ ကြွက်၊ ခွေးနဲ့ကြောင် စတဲ့ တိရစ္ဆာန်ကြောင့်ဖြစ်တဲ့ ရောဂါတွေလည်း ဖြစ်တတ်ပါတယ်။

 

အင်းဆက်များမှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ

          ရေကြည်၊ ရေသန့်မှာ အေးဒီးစ်ခြင်ကျား ပေါက်ပွားတတ်ပါတယ်။ အိုးခြမ်းပဲ့၊ တာယာဟောင်း၊ ဘက်ထရီဟောင်း၊ ဖော့ဘူးနဲ့ သစ်သီး သီးနှံ စတဲ့အမှိုက်တွေမှာ ရေတွေကျန်ပြီး ခြင်ပေါက်ပွားရာမှ သွေးလွန်တုပ်ကွေးရောဂါ၊ ဇီကာဗိုင်းရပ်စ်ရောဂါနဲ့ ချီကန်ဂန်သားရောဂါ၊ (ဆင်တုပ်ကွေး) တွေ ဖြစ်တတ်ပါတယ်။

          ရေမြောင်းရေတွင်း ကျူးလပ်စ်ခြင်တွေ ပေါက်ပွားတတ်ပါတယ်။ ရေမြောင်းတွေ ပိတ်ဆို့ခြင်းကြောင့် ခြင်ပေါက်ပွားရာမှတစ်ဆင့် ဆင်ခြေထောက်ရောဂါနဲ့ ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်နိုင်ပါတယ်။ ယင်ကောင်ကတစ်ဆင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါ၊ ကာလဝမ်းရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ အစာအဆိပ်သင့်ခြင်း၊ သန်ကောင်စွဲရောဂါနဲ့ အနာတွေ ပြည်တည်ခြင်းတွေ ဖြစ်တတ်ပါတယ်။

          ပိုးဟပ်ကြောင့် ဝမ်းကိုက်ရောဂါ၊ အစာအဆိပ်သင့်ခြင်းနဲ့ အူရောင်ငန်းဖျားရောဂါတွေ ဖြစ်တတ်ပါတယ်။ ကြွက်သန်းတွေကတစ်ဆင့် သလိပ်ရောဂါ၊ ကြွက်ကျင်ငယ်ရေကြောင့် ဖြစ်တတ်တဲ့ အသားဝါရောဂါတွေ ဖြစ်တတ်ပါတယ်။

 

တိရစ္ဆာန်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ

          ခွေး၊ ကြောင်အမွေးတွေကြောင့် ပန်းနာရင်ကျပ်ရောဂါကို ပိုမိုဆိုးရွားစေပါတယ်။ ခွေး၊ ကြောင်တွေရဲ့ အညစ်အကြေးတွေကြောင့် ကပ်ပါး သန်ကောင်စွဲရောဂါ (Toxoplasmosis) ကူးစက်နိုင်ပါတယ်။ ဦးနှောက်၊ အသည်းနဲ့ အဆုတ်တွေမှာ အရည်အိတ်တွေ တည်တတ်ပါတယ်။ ခန္ဓာကိုယ်အနှံ့ အကျိတ်တွေထွက်ပြီး များတတ်ပါတယ်။ မွေးရာပါချို့ယွင်းချက်ပါလာတတ်တယ်။ မျက်စိမမြင်တာနဲ့ ဦးနှောက်ထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။ ခွေးကိုက်ပါက ပြည်တည်နာ၊ မေးခိုင်ရောဂါနဲ့ ခွေးရူးရောဂါတွေ ဖြစ်တတ်ပါတယ်။

 

လေထုညစ်ညမ်းမှုကြောင့်ဖြစ်သော ရောဂါများ

          ရောဂါပိုးတွေပါရှိတဲ့ အညစ်အကြေး၊ အမှုန်အမွှားတွေကို ရှူရှိုက်မိခြင်းကြောင့် ကြက်ငှက်တုပ်ကွေးရောဂါ၊ ဦးနှောက်အမြှေးပါးရောင်ရောဂါ၊ အဆုတ်ရောင်ရောဂါနဲ့ ငှက်တီဘီရောဂါတွေ ဖြစ်တတ်ပါတယ်။ မျက်စိနဲ့အဆုတ်တွေမှာ မှိုစွဲကပ်ခြင်း HISTOPLASMOSIS ရောဂါတွေလည်း ခံစားနိုင်ပါတယ်။

 

ရောဂါပိုးရှိသော စွန့်ပစ်ပစ္စည်းများမှ ကူးစက်သော ရောဂါများ

          ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဆေးယဉ်ပါးတီဘီ၊ အသည်းရောင်ဘီနှင့် စီရောဂါ၊ HIV / AIDS ရောဂါ၊ ဒဏ်ရာမှပိုးဝင်ပြီး အသားပုပ်၍ ကြွေသည့်အနာ (Gangrene) ဖြစ်တတ်ပါတယ်။

 

ဓာတုစွန့်ပစ်ပစ္စည်းမှတစ်ဆင့် ဖြစ်နိုင်သော ရောဂါများ

          ဘက်ထရီအဟောင်းတွေ၊ မာကျူရီ (ပြဒါး) ပါဝင်သောပစ္စည်းတွေ၊ ဖလင်ဆေးရည်တွေ၊ ပိုးသတ်ဆေး စပရေးဘူးတွေ (Insect Killer) သင်္ဘောဆေး၊ မီးသီး (သို့မဟုတ်) မီးချောင်းအဟောင်းတွေနဲ့ အသုံးပြုပြီး လောင်စာဆီတွေကြောင့် အရေပြားရောဂါ အမျိုးမျိုးနဲ့ အရေပြားကင်ဆာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ခဲဆိပ်သင့်ခြင်းဖြစ်ပြီး ခေါင်းကိုက်ခြင်း၊ ဝမ်းဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ တက်ခြင်း၊ မှတ်ဉာဏ်ချို့တဲ့ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ပန်းသေပန်းညှိုးဖြစ်ခြင်းတွေ ခံစားရနိုင်ပါတယ်။

 

မီးဘေးအန္တရာယ်နဲ့ ကျန်းမာရေးပြဿနာများ

          မီးလောင်ခြင်းကြောင့် နိုင်ငံရဲ့ အခွန်ဘဏ္ဍာဆုံးရှုံးတဲ့အပြင် ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါတယ်။ ပလပ်စတစ်တွေ မီးလောင်ရာမှ ထွက်လာတဲ့ ကာဗွန်မိုနောက်ဆိုဒ်၊ ဒိုင်အောက်စင်၊ ဗျူရန် (Furan) Styrene စတဲ့ ဓာတ်ငွေ့တွေဟာ မြေ၊ ရေနဲ့ လေထုအထဲသို့ ပျံ့နှံ့ရာမှတစ်ဆင့် လူတွေရဲ့ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း၊ မျက်စိမှုန်ဝါးပျက်စီးခြင်း၊ အာရုံကြောထိခိုက်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ ကိုယ်ခံအားနည်းရောဂါ၊ မွေးရာပါချို့ယွင်းချက်ဖြင့် ကလေးမွေးဖွားနိုင်ပါတယ်။

 

ပလတ်စတစ်နှင့် ကြွပ်ကြွပ်အိတ်ကြောင့်

          ပလတ်စတစ်၊ ကြွပ်ကြွပ်အိတ်တွေဟာ ဆွေးမြည့်ပျက်စီးဖို့ ခက်ခဲသောကြောင့် မြေထု၊ လေထုနဲ့ ရေထုကို ညစ်ညမ်းစေပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်တွေ၊ ပေါင်းစပ် ပါဝင်ခြင်းကြောင့် မြေဆီလွှာပျက်စီးပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်နိုင်ပါတယ်။ ရေစီးရေလာပိတ်ဆို့စေပြီး ရေလျှံခြင်း၊ မြစ်၊ ချောင်း၊ ပင်လယ်၊ သမုဒ္ဒရာ ရေနေသတ္တဝါတွေ ပျက်စီးဆုံးရှုံးစေပါတယ်။

 

ကာဗွန်ဒိုင်အောက်ဆိုက်နှင့် သိန်းဓာတ်ငွေ့များကြောင့်

          အစားအသောက် အကြွင်းအကျန် အမှိုက်တွေ၊ ဓာတ်ပြုရာမှ ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့နဲ့ လေမဲ့အခြေအနေမှာ ပေါက်ပွားတဲ့ ဘက်တီးရီးယားတွေကြောင့် မီးလောင်လွယ်တဲ့ မီသန်းဓာတ်ငွေ့တွေ ထွက်လာတတ်ပါတယ်။ ခေါင်းကိုက်ခြင်း၊ လက်ထုံကျင်ခြင်း၊ အသက်ရှူကျပ်ခြင်းနဲ့ သတိမေ့မြောခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကြောင့် ကမ္ဘာကြီး ပူနွေးလာခြင်း ရေစီးခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းတွေ ဖြစ်တတ်ပါတယ်။

 

အမှိုက်များကို စနစ်တကျ မကိုင်တွယ်လျှင်

          အမှိုက်တွေကို စနစ်တကျ မကိုင်တွယ်ပါက ပွေး၊ ဝဲ၊ ယားနာဖြစ်ခြင်း၊ နှင်းခူရောဂါဖြစ်ခြင်းနဲ့ ပြည်တည်နာဖြစ်ခြင်း စတဲ့ အရေပြားရောဂါ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုပြုဆောင်ရွက်ရမည်။ ဆပ်ပြာနဲ့ လက်ကို စင်ကြယ်စွာဆေးရပါမည်။ ဝတ်ပြီးသား အဝတ်အစားတွေကို သေချာစွာ လျှော်ဖွပ်ရပါမည်။ အစားမစားခင်၊ အစားအစာမကိုင်တွယ်မီနဲ့ ကိုင်တွယ်ပြီးတိုင်း၊ အိမ်သာတက်ပြီးတိုင်း အမှိုက်၊ အညစ်အကြေးတွေကို ကိုင်တွယ်ပြီးတိုင်း၊ ကြက်၊ ငှက်၊ တိရစ္ဆာန်တွေ၊ အသားငါး၊ ဥတွေ ကိုင်တွယ်ပြီးတိုင်း၊ အစားအသောက်မဟုတ်တဲ့ အရာဝတ္ထုတွေကို ကိုင်တွယ်ပြီးတိုင်း နှာချေပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ စက္ကန့် (၂၀) ခန့် စင်ကြယ်စွာ ဆေးကြောရပါမယ်။

 

အကြံပြုချက်

          ပြည်သူတွေအနေနဲ့ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားပြီး စနစ်တကျ စွန့်ပစ်ရန် လိုအပ်ပါတယ်။ အနံ့လုံ၊ ယင်လုံ၊ အရည်လုံတဲ့ အဖုံးပါ အမှိုက်ပုံးကိုသာ အသုံးပြုရပါမယ်။ ပလတ်စတစ်အိတ်အစား၊ ငှက်ပျောပင်၊ အင်ပင်၊ ဗန်ဒါရွက်တွေကို အသုံးပြုရပါမယ်။ ပလတ်စတစ်အသုံးပြုခြင်းကို လျှော့ချရပါမယ်။ PPE (Personal Protective Equipment) တွေဖြစ်တဲ့ ခေါင်းဆောင်၊ နှာခေါင်းစည်း၊ သတ်မှတ်ဝတ်စုံ၊ လက်အိတ်၊ လည်ရှည်ဖိနပ်တွေကို လိုအပ်သလို အသုံးပြုပြီး ကိုင်တွယ်ရပါမည်။

 

Credit: ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18