Print

အစာအိမ်ကင်ဆာ (Stomach Cancer/ Gastric Cancer)

  08-Nov-2019
Preview Image

အစာအိမ်ကင်ဆာဆိုတာ အစာအိမ်နံရံတစ်လျှောက်မှာ ကင်ဆာဆဲလ်တွေ ပွားများလာခြင်းကြောင့်ဖြစ်ပါတယ်။ အစာအိမ်ကင်ဆာရဲ့ ကြောက်စရာအကောင်းဆုံး အချက်ကတော့ ရောဂါဖြစ်စမှာ သိသာတဲ့ ရောဂါလက္ခဏာ ပြလေ့မရှိတာကြောင့် ရောဂါကျွမ်းပြီး တခြားခန္ဓာအစိတ်အပိုင်းတွေကို ပျံ့သွားတဲ့ အချိန်မှ သိရတဲ့အတွက် ကုသရခက်တဲ့ အခြေအနေ ဖြစ်သွားတတ်ခြင်း ဖြစ်ပါတယ်။

အစာအိမ်ကင်ဆာကို ဘာတွေကဖြစ်စေနိုင်လဲ။

အစာအိမ်ထဲမှာ ကင်ဆာဆဲလ်တွေ ဘယ်ပုံဘယ်နည်းနဲ့ စတင်ဖြစ်ပေါ်စေတဲ့ ဆိုတဲ့အကြောင်းကို ရှာဖွေမသိနိုင်ကြသေးပေမယ့် အစာအိမ်ကင်ဆာဖြစ်နိုင်ချေကို အားပေးတဲ့ အချက်တွေတော့ တွေ့ရှိထားပါတယ်။
- နာတာရှည်အစာအိမ်အနာဖြစ်ခြင်း
- H.pylori လို့ခေါ်တဲ့ ပိုးတစ်မျိုးအစာအိမ်မှာ ကြာရှည်ကပ်တွယ်ခြင်း
- အစာအိမ်ယောင်ခြင်း
- နာတာရှည် သွေးအားနည်းရောဂါရှိခြင်း
- အစာအိမ်တွင်း အသားပိုအလုံးများရှိခြင်း (gastric polyp) စတဲ့ ရောဂါအခြေအနေတွေအပြင်
- ဆေးလိပ်သောက်ခြင်း
- မီးခိုးကြပ်တိုက်ထားသော အစာများ၊ အကင်များ၊ ဆားစိမ်၊သနပ်များနဲ့ အငံများသောအစားအစာ များစားခြင်း
- အသားအလွန်အကျွံစားခြင်း
- အဝလွန်ခြင်း
- အေ သွေးအုပ်စုဝင်များ
- မိသားစုတွင် အစာအိမ်ကင်ဆာ ဖြစ်ဖူးခြင်းနှင့်
- မျိုးရိုးဗီဇ ပုံမှန်မဟုတ်ခြင်း စတာတွေ ဖြစ်ပါတယ်။
နေ့စဉ်နေထိုင်စားသောက်ပုံမမှန်တာတွေနဲ့ မျိုးရိုးဗီဇအရလည်း အစာအိမ်ကင်ဆာကို ပိုဖြစ်စေနိုင်ပါတယ်။

ဘယ်လိုလက္ခဏာတွေပြတတ်လဲ။

အစပိုင်းမှာတော့
- ပျို့ခြင်း၊ အန်ခြင်း
- မကြာခဏ ရင်ပူတတ်ခြင်း
- အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
- အစားအသောက်ပျက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
ဒီအချက်တွေက လူတော်တော်များများမှာ ဖြစ်နေလေ့ရှိပြီး ဒါတွေဖြစ်နေတိုင်း အစာအိမ်ကင်ဆာရှိနေတယ်လို့ ပြောတာမဟုတ်ပါဘူး။ မိမိမျိုးရိုးမှာ ဖြစ်ဖူးတဲ့ လူလည်းရှိမယ်။ အစာအိမ်ရောဂါ အခံလည်းရှိနေမယ်၊ အရမ်းကို ကြာရှည်ဖြစ်နေမယ် ဆိုရင်တော့ ဆရာဝန်နဲ့စောစီးစွာ ပြသတိုင်ပင်ပြီး ရောဂါရှိမရှိ စစ်ဆေးနိုင်ပါတယ်။

နောက်ပိုင်း အစာအိမ်ကင်ဆာ ပိုဆိုးလာတဲ့ အချိန်မှာတော့

- အစာအိမ်နေရာမှ နာခြင်း( အစာစားပြီး ပိုဆိုးတတ်ပါတယ်)
- အမြဲတမ်းလိုလို လေပွပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
- မစားနိုင်လောက်အောင် ပျို့အန်ခြင်း
- ကိုယ်အလေးချိန် သိသိသာသာကျသွားခြင်း
- ဗိုက်မှာ အလုံးစမ်းမိခြင်း
- ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း
- ဝမ်းသွားရင် သွေးပါခြင်း
- အားနည်းခြင်း၊ အပင်ပန်းမခံနိုင်ခြင်း
- မျက်လုံးဝါခြင်း၊ အသားဝါခြင်း။

အစာအိမ်ကင်ဆာ ကို ဘယ်လိုရှာဖွေလို့ရနိုင်လဲ။

- အစာအိမ်မှန်ပြောင်းထည့်၍ ရောဂါရှာခြင်း
- ဘေရီယမ်ဆေးရည်မျို၍ အစာလမ်းကြောင်းဓါတ်မှန်ရိုက်ခြင်း (Barium Meal X-ray )
- အသားစယူ၍ စစ်ဆေးခြင်း
- CT Scan ရိုက်ခြင်း
- သွေးစစ်ဆေးမှုလုပ်ခြင်း

ဘယ်လိုကုသလို့ရလဲ။

- Chemo ဆေးသွင်းကုသခြင်း
- ဓါတ်ကင်ခြင်း
- ခွဲစိတ်ကုသခြင်း
စတဲ့ နည်းတွေနဲ့ ကုနိုင်ပါတယ်။ ဘယ်နည်းက အကောင်းဆုံးလဲဆိုတာတော့ ရောဂါရဲ့အဆင့်၊ ကင်ဆာအမျိုးအစား၊ လူနာရဲ့အသက်အရွယ်နဲ့ ခံနိုင်ရည်အားတို့ပေါ် မူတည်ပါတယ်။

ဘယ်လိုကာကွယ်နိုင်လဲ။

သားအိမ်ခေါင်းကင်ဆာလိုမျိုး ကာကွယ်ဆေးထိုးပြီး ကာကွယ်နိုင်တဲ့ နည်းမျိုးမရှိပေမယ့် အစာအိမ်ကင်ဆာ ဖြစ်ရန်အားပေးနေတဲ့ အချက်တွေကို ရှောင်ပေးခြင်းဖြင့် ကင်ဆာဖြစ်စေမယ့် မျိုးရိုးဗီဇပါလာရင်တောင်မှ ရောဂါ ဖြစ်စဉ်နှေးအောင်၊ ဖြစ်နိုင်ချေနည်းသွားအောင် လုပ်ပေးနိုင်ပါတယ်။

ဥပမာ_
ဆေးလိပ်သောက်တာရပ်မယ် အကင်တွေ၊ အငံတွေ အပူအစပ်တွေ လျှော့စားမယ်
လေ့ကျင့်ခန်းမှန်မှန်လုပ်မယ် အစာအိမ်နာရှိလျှင် ထိထိရောက်ရောက်ကုသမှုခံမယ် စတာတွေဖြင့် ဆင်ခြင်နေထိုင်သင့်ပါတယ်။ ဒါ့အပြင် ကြိုတင်စစ်ဆေးမှုခံကာ ရောဂါရှာဖွေခြင်းကိုလည်း တတ်ကျွမ်းတဲ့ဆရာဝန်တွေနဲ့ ဆွေးနွေးပြီးလုပ်နိုင်ပါတယ်။

Credit : MyatPwint


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18