Print

တားဆေးမသောက်ချင်သော အမျိုးသမီးများအတွက်

  09-Nov-2019
Preview Image

ချစ်သူနှစ်ဦးပေါင်းဖက်လို့ အိမ်ထောင်တစ်ခု ထူထောင်ကြရာမှာ ကလေးယူမယ်အချိန်ဟာ နှစ်ယောက်လုံး သဘောတူထားတဲ့အချိန် ဖြစ်သင်သလို ကြိုတင်ပြင်ဆင်ပြီးမှ ရတဲကိုယ်ဝန်ဖြစ်ဖို့လည်း လိုပါတယ်။ သမီးရည်းစားဘဝမှာ ဘယ်လိုပဲ တစ်ယောက်အကြောင်းတစ်ယောက် သိစေကာမူ အတူနေလင်မယားဘဝလောက် ထဲထဲဝင်ဝင်သိမှာ မဟုတ်ပါဘူး။ ဒါကြောင့် လက်ထက်ပြီး ကလေးမယူတာဟာ တစ်ယောက်အကြောင်းတစ်ယောက် လေ့လာဖို့ တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က အလိုက်သိဖြည့်ဆည်းပေးနိုင်ဖို့၊ တစ်ယောက်ရဲ့ အားသာချက်ကို တစ်ယောက်က ဖော်ထုတ်ချီးကျူးပေးနိုင်ဖို့ အချိန်ကာလတစ်ခုကိုရစေပါတယ်။

၁။ လူကြိုက်များလာတဲ့ နည်းလမ်းသစ်

ဒါကြောင့် ကိုယ်ဝန်တားနည်းတွေထဲက တစ်ခုခုသုံးဖို့ လိုအပ်လာပါပြီ။ လက်မောင်းထဲ ကိုယ်ဝန်တားတဲ့ပစ္စည်း (အပ်) ထည့်တာဟာ အခုနောက်ပိုင်း ခောတ်စားလာသလို မြန်မာပြည်မှာတောင် လုပ်လို့ရနေပါပြီ။ အရင်ကနည်းတွေထက်စာရင် သူ့မှာ အားသာချက်တွေရှိပါတယ်။ ဥပမာ-ထိုးဆေးလို (၃) လတစ်ခါ ဆရာဝန်ဆီသွားပြီး ထိုးစရာမလိုပါဘူး။ သားအိမ်ထဲပစ္စည်းထည့်သလို (IUCD, Intrauterine Contraceptive Device) မိန်းမကိုယ်ကိုအပေါက်ချဲ့ပြီးမှ ထည့်စရာမလိုပါဘူး။ သားအိမ်ထဲပစ္စည်းထည့်တာမျိုးကို ကလေးတစ်ယောက်မှမမွေးဘူးတဲ့ အိမ်ထောင်ကျခါစအမျိုး သမီးတွေမလုပ်ချင်ကြပါဘူး။

၁-၁။ ဘာကိုလက်မောင်းထဲထည့်ရမှာလဲ

ကိုယ်ဝန်တားအချောင်းလေး

ပရိုဂျက်စတင် (progestin) ဆိုတဲ့ အမျိုးသမီးဟော်မုန်းပါတဲ့ မီးချစ်ဆံအရွယ်လောက်ရှိတဲ့ အချောင်းလေး (Implanon) ကို လက်မောင်းအရေပြားအောက် ထည့်သွင်းတာဖြစ်ပါတယ်။ တစ်ခါထည့်ထားရင် သုံးနှစ်လောက် ကိုယ်ဝန်တားနိုင်ပါတယ်။ အီစထရိုဂျင် (Estrogen) ဟော်မုန်းပါတဲ့ ကိုယ်ဝန်တားဆေး (သောက်ဆေး) တွေနဲ့ မတည့်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။

၁-၂။ ထည့်ပြီးရင်ဘယ်လိုနေမှာလဲ
လက်မောင်းထဲထည့်ပြီးတာကို ကြည့်ရုံနဲ့မသိနိုင်ပါဘူး။ ဒါပေမယ့် စမ်းကြည့်လို့တော့
ရပါတယ်။ သတိပြုဖို့ကတော့ လေ့ကျင့်သင်ကြားထားတဲ့ ကျွမ်းကျင်သူတွေနဲ့သာ ထည့်သင့်၊ ထုတ်သင့် ပါတယ်။ ထည့်ဖို့ လက်မောင်းကို ဓားနဲ့လှီးစရာမလိုပဲ တစ်မိနစ်အတွင်း အပြီးထည့်နိုင်သလို နာကျင်မှုလဲ မရှိပါဘူး။ ပြန်ထုတ်မယ်ဆိုရင်လဲ သုံးမိနစ်လောက်ပဲကြာပါတယ်။

၁-၃။ ဘယ်လောက်စိတ်ချရလဲ
ဒီနည်းကထိရောက်မှုအလွန်ရှိပါတယ်။ ထည့်ပြီးကိုယ်ဝန်ရှိသူ ဝ.ဝ၅% ပဲရှိပါတယ်။

၁-၄။ ဘယ်လိုအန္တရာယ်တွေရှိနိုင်သလဲ။
သုံးလခံထိုးဆေးနဲ့ပါဝင်တဲ့ဟော်မုန်းတူပေမယ့် ဒီနည်းကို ရေရှည်သုံးစွဲလို့ သွေးပြန်ကြောတွင်း သွေးခဲခြင်း၊ အရိုးသိပ်သည်းဆ လျော့နည်းသွားခြင်းတွေ မဖြစ်နိုင်ဘူးလို့ သုတေသနတွေက ဆိုပါတယ်။

၁-၅။ ဘေးထွက်ဆိုးကျိုး ဘာတွေရှိနိုင်မလဲ။
တခြားပရိုဂျက်စတင် ပါတဲ.ကိုယ်ဝန်တားဆေးတွေလိုပဲ ဒီနည်းသုံးရင် မီးယပ်ငုပ်တာ၊
မီးယပ်မမှန်တာဖြစ်တတ်ပါတယ်။

- မီးယပ်အများကြီးဆင်းတာမဟုတ်ဘဲ တစ်စက်၊ နှစ်စက်နဲ့ ပြတယ်ဆိုရုံပဲ ပြတတ်ပါတယ်။ ထည့်ခါစမှာ အမျိုးသမီးတစ်ဝက်လောက် ဖြစ်တတ်ပေမယ့် ခြောက်လအကြာမှာတော့ သုံးပုံတစ်ပုံလောက်ပဲ
ဖြစ်ပါတော့တယ်။

- အမျိုးသမီး ၂ဝ% လောက်ကတော့ မီးယပ်လုံးဝ ငုတ်သွားတတ်ပါတယ်။

- မီးယပ်ဆင်းတဲ့ ရက်တွေများလာတတ်ပါတယ်။ (၂ဝ% လောက်မှာ ဖြစ်လေ့ရှိပြီး ၃ လ အကြာမှာတော. ၁ဝ% လောက်ပ ဲဖြစ်ပါတော့တယ်။

- မီးယပ်လာမယ့် ရက်ကိုတွက်လို့မရဘဲ ဖြစ်တတ်ပါတယ်။

- အထက်ပါ မီးယပ်သွေးဆင်းမှု မမှန်တာတွေဖြစ်လို့ ဗိုက်ထဲမှာ သွေးခဲ၊ သွေးလုံးဖြစ်တာ စပျစ်သီးသန္ဓေတည်မှာတို့ကိုတော့ စိုးရိမ်စရာမလိုပါဘူး။

၂။ ကိုယ်ဝန်တားပလာစတာ
ကိုယ်ဝန်တားပလာစတာဆိုတာ အမျိုးသမီးရဲ့ဗိုက်၊ တင်ပါး၊ လက်မောင်းရဲ့ ပေါ်ပိုင်းအပြင်ဖက်၊ ရင်သားအပါအဝင် ရင်သားအပေါ်ပိုင်းတို့ရဲ့ အရေပြားပေါ်မှာ ကပ်ပြီးသုံးရတာပါ။ သူ့မှာ ဟော်မုန်းနှစ်မျိုး ပေါင်းစပ်ပါဝင်ပါတယ်။ ပလာစတာကို ခုနှစ်ရက်တစ်ခါ အသစ်လဲကပ်ရပါမယ်။ သုံးပတ်ဆက်တိုက်ကပ်ရပြီး တစ်ပတ်တိတိ မကပ်ဘဲနေရပါမယ်။

၂-၁။ ဘယ်လိုသုံးရမလဲ
ကပ်ထားတုန်း ကွာကျသွားရင် ချက်ချင်းပြန်ကပ်နိုင်အောင် ကိုယ်ဝန်တားပလာစတာ အသစ်တစ်ခုကို အမြဲဆောင်ထားသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေချိန်၊ ရေချိုးချိန်၊ ရေကူးချိန်တွေမှာလဲ ကပ်ထားလို့ရပါတယ်။ ပူနေလို့၊ စိုထိုင်းနေလို့၊ လေ့ကျင့်ခန်းလုပ်လို့ ပလာစတာ ကွာကျတာမျိုး မရှိပါဘူး။

၂-၂။ ထိရောက်မှုက ဘယ်လောက်ရှိလဲ

အလွန်ထိရောက်မှုရှိပါတယ်။ တစ်ရက်တစ်လုံးသောက်ရတဲ့ ဟော်မုန်းနှစ်မျိုးပေါင်းကိုယ်ဝန်
တားဆေးနဲ့ တန်းတူလိုက်ပါတယ်။ သေချာသုံးမယ်ဆိုရင် လွဲချော်မှုနှုန်းက ဝ.၃% ပဲရှိပါတယ်။ ကိုယ်အလေးချိန် ၁၉၈ ပေါင်အထက်ရှိသူ အမျိုးသမီးတွေသုံးရင် ထိရောက်မှုအနည်းငယ်ကျတယ်ဆိုပေမယ့် ပြောပလောက်အောင် မဟုတ်ပါဘူး။ သူတို့တွေသုံးမယ်ဆိုရင်တော့ အခြားနည်းတွေနဲ့ အကျိုးအပြစ်တွေ နှိုင်းယှဉ်ပြီး ရွေးချယ်နိုင်ပါတယ်။

၂-၃။ ဘေးထွက်ဆိုးကျိုး

တခြားဟာ်မုန်းနှစ်မျိုးပေါင်း ကိုယ်ဝန်တားဆေးတွေလိုပဲ ဒီပလာစတာကြောင့် သွေးအနည်းငယ်ဆင်းတာ၊ ကိုယ်အလေးချိန် အတက်အကျဖြစ်တာ၊ အသားအရည်ပြောင်းလဲတာ၊ ရင်သားနာကျင်ကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ ပလာစတာကပ်ထားတဲ့ အရေပြားတဝိုက်မှာ ယားယံတာမျိုးကြုံတဲ့သူလဲရှိပါတယ်။

၂-၄။ ကောင်းကွက်များ

ပလာစတာကို ခုနှစ်ရက်တစ်ခါအသစ်လဲပေးဖို့ လိုတယ်ဆိုပေမယ့် သူ့ရဲ့အာနိသင်က ကိုးရက်လောက်အထိခံလို့ မေ့ပြီး အသစ်မလဲမိလဲနှစ်ရက်လောက်အပိုဆောင်းပြီး ကိုယ်ဝန်တားပေးနိုင်ပါတယ်။ တစ်လမှာ ပလာစတာသုံးခုလောက်ပဲ ကပ်ပေးဖို့လိုတဲ့အတွက် အချိန်မှန်သုံးပေးဖို့ မခဲယဉ်းပါဘူး။

၂-၅။ ချို့ယွင်းချက်များ
ကိုယ်ပလာစတာကပ်ထားတာကို အမျိုးသားအဖော်က သိနိုင်ပါတယ်။ လက်မောင်းမှာ
ကပ်ထားရင် တစ်ခြားသူစိမ်းတွေပါ သိနိုင်ပါတယ်။ အရေပြားနဲ့ ဓာတ်မတည့်တာ၊ ကပ်ထားရင်း ကွာကျတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ နှစ်မျိုးပေါင်း ကိုယ်ဝန်တားဆေးလိုပဲ သွေးခဲစေမှု ဖြစ်နိုင်ခြေကိုအနည်းငယ် မြှင့်တက်စေပါတယ်။

၂-၆။ သတိပြုစရာများ

ပလာစတာကို သန့်ရှင်းပြီး ခြောက်သွေ့တဲ့ ဗိုက်၊ တင်ပါး၊ လက်မောင်းအပေါ်အပြင်ဘက်၊ ရင်ဘတ်အပေါ်ပိုင်းက အရေပြားပေါ်မှာပဲ ကပ်သင့်ပါတယ်။ ပွတ်တိုက်မှုများတဲ့နေရာမျိုးမှာတော့ မကပ်သင့်ပါဘူး။ ဥပမာ -ဘရာစီရာကြိုးရဲ့အောက်မှာပေါ့။

- ပလာစတာကို ခုနစ်ရက်တစ်ခါ ပြောင်းကပ်ရပါမယ်။

- ပလာစတာကို ခုနစ်ရက်ပြည့်လို့ ခွာပြီးရင် ဟော်မုန်းတွေ တခြားပြန့်မသွားအောင်
ခေါက်ပြီးမှ အမှိုက်ပုန်းထဲထည့်ရပါမယ်။ မြေကြီးထဲနဲ့ ရေမြောင်းရေတွင်းတွေဆီ ဟော်မုန်းပျံနှံ့မသွားအောင် အိမ်သာထဲကို မစွန့်ပစ်သင့်ပါဘူး။

- ရာသီသွေးစလာတဲ့ ပထမဆုံးရက်မှာ ပလာစတာစကပ်ရင် ကွန်ဒုံးပါတွဲသုံးစရာမလိုပါဘူး။

-ပလာစတာကွာသွားရင် ချက်ချင်းကပ်ပေးဖို့ လိုပါတယ်။ ၂၄ နာရီကျော်မှ ပြန်ကပ်နိုင်ရင်တော့ တခြားတားဆေးတစ်နည်းနည်း ဥပမာ-ကွန်းဒုံးကို ခုနှစ်ရက်လောက်တွဲသုံးဖို့ လိုပါတယ်။

-ဒီပလာစတာသုံးတာက ကိုယ်ဝန်တားနိုင်ပေမယ့် ကာလသားရောဂါတွေကိုတော့ မကာကွယ်နိုင်ပါဘူး။

Credit : ဒေါက်တာဉာဏ်ပေါ်

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18