Print

ကိုယ်လက်လှုပ်ရှား အားကစားနှင့် ကလေးကျန်းမာရေး

  10-Nov-2019
Preview Image

ကလေးတစ်ယောက်ဟာ ကျန်းမာရေးအတွက် အာဟာရပြည့်ဝရန် အရေးကြီးသကဲ့သို့ ရောဂါများကူးစက်ရန် ကာကွယ်ဆေးထိုးနှံခြင်း ကျန်းမာရေးပညာဟောပြော လိုက်နာစေခြင်းများ ပြုလုပ်ရန် အရေးကြီးပါတယ်။ ကလေးကျန်းမာရေးအတွက် ကလေးကို လှုပ်ရှားသွားလာ ဆော့ကစားစေရန် ပညာပေးရန် လိုအပ်သော အခြေအနေသို့ ယခုအခါတွင် ပြင်နေရပါတယ်။ မိဘများအနေနှင့် ကလေးကို “ဝလာလျှင် ကျန်းမာရေး
ကောင်းတယ်” ဟူသော မှားယွင်းသော အယူအဆဖြင့် ကျွေးမွေးခဲ့ရာတွင် ယခုအခါ “အဝလွန်သော ကလေးများ” ဖြစ်လာတာကို တွေ့မြင်နေရပါတယ်။ အဝလွန်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်ခြင်းမရှိတာကို မိဘတွေသတိထားရပါမယ်။အဝလွန်ခြင်းဖြစ်တဲ့ ကလေးတွေဟာ ကြီးလာတဲ့အခါမှာ သွေးတိုးရောဂါ၊ နှလုံးသွေးကြော
ကျဉ်းရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ ကင်ဆာရောဂါနှင့် သည်းခြေရောဂါများ ဖြစ်တတ်ပါတယ်။

 

အဝလွန်ခြင်းဖြစ်ရတဲ့ အကြောင်းအရင်း မြောက်များစွာရှိတဲ့ထဲမှာ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းကလည်း ကလေးကိုယ်အလေးချိန်တက်ပြီး ဝစေပါတယ်။ အင်တာနက်ခေတ် ရောက်ရှိလာတဲ့အတွက် ကလေးတွေဟာ ဂိမ်းဆော့ခြင်း၊ Facebook သုံးစွဲခြင်းနဲ့ တယ်လီဗေးရှင်းကို ထိုင်ရာမထကြည့်ရှူခြင်း စတာတွေဟာ ကိုယ်လက်လှုပ်ရှားမှု နည်းစေပါတယ်။ မိဘတွေအနေနှင့်လည်း အပြိုင်အဆိုင်အနေနှင့် ကလေးကို ကျောင်းစာတော်ရန်အတွက် အချိန်မအားစေဘဲ ကျူရှင်တက်၊ ကျောင်းသွား၊ အိမ်မှာဂိုက် (Guide) ခေါ် စာကျက်၊ ကလေးအနေနှင့် ကိုယ်လက်လှုပ်ရှားမှုမှာ ကင်းဝေးသွားစေခြင်းကို သတိမမူကြပါ။ ကလေးတွေကို မိဘတွေအနေနှင့် အသက်အရွယ်အလိုက် ကိုယ်လက်လှုပ်ရှား ကစားစေရန် ညွှန်ပြပေးရပါမယ်။ အိမ်တွင်းအိမ်ပြင် ကလေးတွေကို ကိုယ်လက်လှုပ်ရှားဖြစ်ရန် မိဘများကိုယ်တိုင်နားလည် သဘောပေါက်ကြရပါမယ်။

ကလေးတွေအနေနှင့် ဘောလုံးကန်ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ပင်ပေါင်ကစားခြင်းစတဲ့ အားကစားများကို ကျောင်းများတွင်လည်း ပြုလုပ်နိုင်ပါတယ်။ ကျောင်းများမှာလည်း ကလေးတွေအတွက် ကိုယ်လက်လှုပ်ရှားမှုရှိစေရန် စာသင်ချိန် ဖန်တီးလုပ်ဆောင် ကြရပါတယ်။ စာသင်ကြားခြင်း တစ်ခုတည်းကိုသာ အာရုံစိုက်သင်ကြားမယ်ဆိုရင် ကလေးများ ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။ မိဘတွေအနေနဲ့ရော ကလေးများ ကိုယ်လက်မှန်စွာ အားကစားတစ်ခုခုကို လုပ်ကိုင်နိုင်ရေးအတွက် ပူးတွဲလုပ်ဆောင်သင့်ပါတယ်။ ကလေးတွေ လှုပ်ရှားကစားကြခြင်းဖြင့် စိတ်ပျော်ရွှင်ခြင်း၊ စိတ်ဖိစီးမှုလျော့နည်းခြင်း၊ နှလုံးအား၊ အဆုတ် အားကောင်းခြင်း၊ ကြွက်သားများကြီးထွားခြင်း၊ အစာအာဟာရ စားသုံးချင်သောစိတ် ပိုမိုလာခြင်းစတဲ့ အကျိုးကျေးဇူးတွေရရှိမှာ ဖြစ်ပါတယ်။

 

 ကလေးများကို ကိုယ်လက်လှုပ်ရှားမှု မပြုစေဘဲ အာဟာရတစ်ခုတည်းကိုသာ ကျွေးမွေးလာခဲ့ကြသဖြင့်  ကလေးများ “ဝ” လာကြပါတယ်။ “အဝလွန်” ကလေးများ ဖြစ်လာကြပါတယ်။ “ဝ” သောကလေးကိုုပြန်ပြီး ကိုယ်အလေးချိန် ပြန်ကျရန်အတွက် လုပ်ဆောင်ရမှာ အဝလွန်ခြင်းကို ထိန်းသိမ်းခြင်းထက် ပိုမိုခက်ခဲပါတယ်။ အဝလွန်မှ ကိုယ်လက်
လှုပ်ရှားစေခြင်းသည်လည်း လုပ်သင့်လုပ်ထိုက်သည်ကို “မိုးလွန်မှ ထွန်ချ” သကဲ့သို့ဖြစ်ပါတယ်။ မြို့နယ်များမှာ အပန်းဖြေရန်အတွက် ပန်းခြံများတည်ဆောက်ပြီး ကလေးများ ကိုယ်လက်လှုပ်ရှား ပြေးလွှားဆော့ကစားနိုင်ရန် နေရာကောင်းတစ်ခုအဖြစ် ဖန်တီးသင့်ပါတယ်။ လျှောစီးခြင်း၊ ဆီးဆော့ကစားခြင်း၊ ဘောလုံးကန်ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ စတာတွေကို လွတ်လပ်ပျော်ရွှင်စွာ မိသားစုနှင့်အတူ ကစားနိုင်ကြပါတယ်။ အသက်အရွယ်အလိုက် ရေကူးစေခြင်း၊ တင်းနစ်ရိုက်ခြင်း၊ မိမိကြိုက်နှစ်သက်ရာ အားကစားတစ်ခုခု ကစားစေခြင်း စတာတွေကို မိဘတွေအနေနှင့် မိမိရဲ့ကလေးတွေကို တိုက်တွန်းအားပေးသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု
ကိုလူကြီးများ သာမက မိမိရဲ့ကလေးကိုပါ ပုံမှန်နေ့စဉ် လုပ်ဆောင်နိုင်ရန်အတွက် အချိန်ပေးလုပ်ဆောင်ပေးခြင်းဖြင့် ကလေးများရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်နိုင်ပါတယ်။

Credit : ပါမောက္ခဒေါက်တာအေးသောင်း

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18