Print

မျက်ရည်အိတ်တွဲကျခြင်းအတွက် အကောင်းဆုံးကုထုံးလေးများ

  11-Nov-2019
Preview Image

မျက်လုံးအောက်မှာ ဖောင်းအစ်နေပြီး မျက်ရည်အိတ်တွဲကျနေတဲ့သူတွေကို မြင်ဖူးကြမှာပါ။ အဲဒါဘာကြောင့်ဖြစ်ရပါသလဲ။ မျက်လုံးအောက်က အရေပြားဟာ အင်မတန်ပါးလွှာနုနယ်တဲ့အပြင် ထိုအရေပြားအောက်မှာ သွေးကြောလေးတွေ မြောက်များစွာ ယှက်သန်းနေကြပါတယ်။ ဥပမာ မျက်လုံးအားစိုက်ရလွန်း၍ မျက်စေ့ပင်ပန်းကြသူတွေမှာ ထိုမျက်စေ့အရေပြားအောက် သွေးကြောလေးတွေ ရောင်အမ်းလာတာကြောင့် မျက်ရည်အိတ်တွဲကျ လာရခြင်းဖြစ်ပါတယ်။ ဒါ့ပြင် အိပ်ရေးမဝသူတွေ၊ အကြာကြီး ငိုကြွေးပြီးခါစသူများ၊ စိတ်ဖိစီးမှုများသူတွေမှာ မျက်လုံးထဲရှိ ပိုလျှံတဲ့အရည်များက မျက်လုံးအောက်ဘက် ပါးလွှာတဲ့အရေပြားကို သွားရောက်ပိတ်ဆို့ခြင်းကြောင့် မျက်ရည်အိတ်ဖောင်းလာကြရပါတယ်။ အသက် ၄၅ နှင့် အထက် သက်ကြီးပိုင်းများကတော့ အသက်အရွယ်ကြောင့် အဆီများတွဲခိုလာပြီး မျက်လုံးအောက် ဖောင်းအစ်လာလေ့ရှိပါတယ်။ အောက်ပါရိုးရှင်းလွယ်ကူတဲ့ ကုထုံးလေးများဖြင့် မျက်ရည်အိတ်တွဲကျခြင်းအတွက် ဘေးဥပါဒ်မရှိ ကုစားကြည့်စေလိုပါတယ်။

၁။ အေးခဲထားတဲ့ လက်ဖက်ထုပ်အိတ်ကလေးများ

လက်ဖက်ထဲမှာပါတဲ့ သဘာဝကဖိန်းဓာတ်တွေက သွေးကြောတွေကို ဖျစ်ညှစ်ကျုံ့စေတဲ့ အစွမ်းသတ္တိပါရှိတဲ့အပြင် အေးမြစေတာကြောင့် မျက်သားတက်ခြင်း၊ မျက်လုံးရောင်ခြင်း၊ မျက်စေ့နာခြင်းတို့အတွက် လက်ဖက်စိမ်း၊ လက်ဖက်ခြောက်အားလုံး လွန်စွာကောင်းကျိုးပြုပါတယ်။ တစ်ခါသောက်လက်ဖက်စိမ်း (သို့မဟုတ်) လက်ဖက်ခြောက်ထုပ်လေး ၂ ထုပ်ကို အထဲကလက်ဖက်ခြောက်ဖတ်လေးတွေပွလာအောင် ရေနွေးခွက်ထဲ တစ်မိနစ်လောက်စိမ်ထားပြီးနောက် ရေခဲသေတ္တာထဲမှာ မိမိမျက်စိအအေးခံနိုင်တဲ့ အနေအထားရောက်တဲ့အထိ ထိုအထုပ်လေး နှစ်ထုပ်ကို အေးခဲထားပါ။ ပြီးရင် အိပ်ရာပေါ် ပက်လက်လှန်လဲလျောင်း၍ မျက်လုံးတွေပေါ် အေးခဲထားတဲ့ အထုပ်ကလေးတွေတင်ပြီး နာရီဝက်ခန့် အနားယူပါ။ (တစ်ခါသောက် လက်ဖက်ခြောက်ထုပ် ကလေးတွေကို City Mart ဆိုင်တိုင်းမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။)

၂။ သခွားသီးစိမ်းလေးများ

သခွားသီးထဲရှိ သဘာဝဓာတ်များက အေးမြတဲ့အစွမ်းသတ္တိပါရှိတဲ့အပြင် အရေပြားရောင်ရမ်းခြင်းတို့ကိုပါ သက်သာစေတာကြောင့် မျက်ရည်အိတ်တွဲခြင်းအတွက် အကောင်းဆုံးအိမ်တွင်းကုထုံးလေးပါပဲ။ သခွားသီးကို ခပ်ပါးပါးနှစ်ချပ်လှီး၍ ရေခဲသေတ္တာထဲမှာ မိမိမျက်စိအအေးခံနိုင်တဲ့ အနေအထားရောက်တဲ့အထိ အအေးခံထားပြီးနောက် မျက်လုံးပေါ် နာရီဝက်ခန့်တင်ပေးထားပါ။ ဒီနည်းက မျက်လုံးကို ပြန်လည်အားဖြည့်လန်းဆန်း လာစေတဲ့အပြင် မျက်ရည်အိတ်တွဲကျခြင်းကိုပါ လျော့ပါးသက်သာလာစေပါတယ်။

၃။ အာလူးလေးများ


အာလူးက ရေဓာတ်ကိုထိန်းသိမ်းထားနိုင်တဲ့အပြင် ရောင်ရမ်းမှုတွေကိုပါ သက်သာစေတာကြောင့် မျက်လုံးရောင်းရမ်းပြီး မျက်ရည်အိတ်တွဲကျခြင်းတို့အတွက် အာလူးက သဘာဝအားကိုးဆေးလေးပါပဲ။ မျက်ခွံအပေါ်၊ အောက်အုပ်နိုင်တဲ့အရွယ်အစားရှိ အာလူးခပ်ကြီးကြီးကို အဝိုင်းပုံစံပါးပါးလှီးပြီး ရေခဲသေတ္တာထဲမှာ မိမိမျက်စိ အအေးခံနိုင်တဲ့ အနေအထားရောက်တဲ့အထိ အအေးခံထားပါ။ ပြီးရင် မျက်လုံးပေါ် မိနစ် ၂ဝ လောက်ကြာအောင် အာလူးမှာ အအေးဓာတ်ကုန်သွားတဲ့အထိ တင်ပေးလိုက်ပါ။ မျက်ရည်အိတ်တွဲကျနေခြင်းအတွက် သိသိသာသာ ကုစားပေးနိုင်တာကို သိရပါလိမ့်တယ်။

၄။ နွားနို့

နွားနို့က မျက်စေ့ကိုအေးမြစေတဲ့အပြင် မျက်လုံးအောက်ခြေရှိ ကြွက်သားစိုင်များကို ကျန်းမာစေတာမို့ နံနက် အိပ်ရာထ မျက်ရည်အိတ်တွဲကျလေ့ရှိသူတွေအတွက် နွားနို့ကို အားကိုးနိုင်ပါတယ်။ ဝါဂွမ်းလုံး ၂ လုံးကို ရေခဲသေတ္တာထဲ အေးခဲထားတဲ့နွားနို့ခွက်ထဲ နှစ်စိမ်ပြီးနောက် နွားနို့အရည်တွေ မဆိုသလောက်ထွက်သွားစေရန် ဂွမ်းလုံးလေးတွေကို ခပ်ဖွဖွညှစ်၍ မျက်လုံးပေါ် မိနစ် ၂ဝ ကျော်လောက်တင်ထားပေးပါ။ (နွားနို့တွေမျက်လုံးထဲ စိမ့်ဝင်တာ ဘေးဥပါဒ်မဖြစ်စေလို့ မစိုးရိမ်ပါနဲ့) ပြီးရင် ပုံမှန်အတိုင်း မျက်နှာသစ်ပေးနိုင်ပါတယ်။ (ဒီနည်းကို နေ့စဉ်မှှန်မှန်လုပ်ပေးခြင်းဖြင့် နာတာရှည် မျက်ရည်အိတ်တွဲ ကျခြင်းကို သက်သာပျောက်ကင်းသွားစေပါတယ်။)

၅။ ဗာဒံစေ့ဆီ

ဗာဒံစေ့ထဲမှာပါရှိတဲ့ ဆေးဖက်ဝင် သဘာဝဗီတာမင်ဓာတ်များက အရေပြားအစိုဓာတ်ကို ထိန်းပေးရုံမက အာဟာရဖြစ်စေတာမို့ မျက်လုံးအောက်ခြေတဝိုက် မျက်ကွင်းညိုခြင်း၊ အရေပြားရောင်ရမ်းခြင်း၊ မျက်ရည်အိတ်တွဲကျခြင်း စတာတွေကို လျော့ပါးသက်သာလာစေပါတယ်။ ညအိပ်ရာဝင်ခါနီး ဗာဒံစေ့ (အဆီ) ၂ စက် (သို့မဟုတ်) ၃ စက်ခန့်ကို မျက်လုံးအောက်တဝိုက် အစက်ကလေးတွေချပြီး လက်ချောင်းထိပ်ဖျားကလေးနဲ့ အသာအယာ (ဖွဖွ) ကလေး ပွတ်ပေးပါ။ ဒီနည်းက မျက်လုံး အောက်ခြေတဝိုက် သွေးကြောလေးတွေမှာ သွေးလည်ပတ်မှု အားကောင်းစေပါတယ်။ (ဆီတွေမျက်လုံးထဲမဝင်အောင် ခပ်နည်းနည်းသာသုံးပါ၊ လက်သည်းညှပ်ပြီးမှလုပ်ပါ။ မျက်စိက နုနယ်လို့ ခပ်ကြမ်းကြမ်းမပွတ်ရပါ။)

၆။ ဗီတာမင်အီး (အဆီ)

အရေပြားကျန်းမာရေးအတွက် ဗီတာမင်အီးက မရှိမဖြစ်ပါ။ ဒါ့ပြင် ဗီတာမင်အီးက အရေပြားညက်ညော သိပ်သည်းကျစ်လျစ်စေရုံသာမက ရောင်ရမ်းခြင်းကိုပါ လျော့ပါးသက်သာစေတာမို့ ရေခဲရေနည်းနည်းထည့်ထားတဲ့ ခွက်ထဲမှာ ဗီတာမင်အီး ဆေးလုံးလေးဖောက်ထည့်ပြီး (ရေခဲရေနဲ့ဗီတာမင်အီး ဆတူရော၍) သမအောင်မွှေပါ။ ပြီးရင် ဝါဂွမ်း (အပြားပါးလွှာလွှာ) လေးကို ထိုဗီတာမင်အီးရောထားတဲ့ရေခွက်ထဲနှစ်စိမ်ပြီး အရည်တွေ မဆိုသလောက်ထွက်သွားစေရန် ဝါဂွမ်းကိုခပ်ဖွဖွညှစ်၍ မျက်လုံးပေါ် မိနစ် ၂ဝ နီးပါး လောက် အုပ်တင်ထားပေးပါ။

၇။ အဖြူရောင်ကြက်ဥ (တောကြက်ဥ)

ဈေးထဲမှာ တောကြက်ဥလို့ခေါ်ဆိုလေ့ရှိကြပြီး ပုံမှန်ကြက်ဥထက် အရွယ်နည်းနည်း ပိုသေးပြီး အခွံရောင်ဖျော့တဲ့ သဘာဝကြက်ဥလေးတွေကို တွေ့ဖူးကြမှာပါ။ အဲဒီကြက်ဥလေးတွေက ပုံမှန်ကြက်ဥထက် နှစ်ဆမှျှပိုအားရှိတဲ့အပြင် ခန္ဒာကိုယ်ရောင်ရမ်းခြင်းတွေနဲ့ မျက်လုံးအောက်ဘက်ရှိ ပိုလျှံတဲ့အရည် (မျက်ရည်အိတ်) ကို စုပ်ယူပေးနိုင်တဲ့ အစွမ်းပါရှိနေပါတယ်။ တောကြက်ဥ (အစိမ်း) ကို ပန်းကန်တစ်လုံးထဲ ခွဲ၍ အနှစ်နဲ့အကာရည်တို့ကို နာနာခေါက်ပြီး မျက်လုံးအောက်ခြေကို အသာအယာလိမ်းပေးပါ။ မိနစ် ၂ဝ ခန့်ကြာတဲ့အခါမှာ ရေအေးလေးဖြင့် မျက်နှာသစ်လိုက်ပါ (ရေခဲရေမဟုတ်ပါ)။ တောကြက်ဥရဲ့အစွမ်းကြောင့် တွဲကျဖောင်းအစ်နေတဲ့ မျက်ရည်အိတ်ချပ်ရပ်သွားတဲ့အပြင် အသားအရေကို တင်းရင်းချော့မွေ့သွားစေပါတယ်။

၈။ ရေခဲရေစိမ်ထားတဲ့ စတီးလ်ဇွန်းလေးများ

ငွေကုန်ကြေးကျမရှိဘဲ မျက်ရည်အိတ်ကို ထိထိရောက်ရောက်ကုသပေးမယ့် နည်းလမ်းကောင်းတစ်မျိုးပါပဲ။ ဖန်ခွက်တစ်ခွက်ထဲမှာ အေးစိမ့်နေသော ရေခဲရည်ဖြည့်ထည့်ပြီးတော့ စတီးလ်ဇွန်းလေးချောင်းကို အေးစက်သွားတဲ့အထိ ထိုဖန်ခွက်ထဲမှာ နှစ်စိမ်ထားပေးပါ။ ဇွန်းနှစ်ချောင်းကို ဖန်ခွက်ထဲကထုတ်ယူ၍ မျက်လုံးအောက်ကို ကပ်ပေးပါ။ အေးစက်နေတဲ့ ဇွန်းအစွမ်းကြောင့် မို့အစ်နေတဲ့ မျက်ရည်အိတ်အရေပြားနဲ့ သွေးကြောလေးတွေကို ချပ်ရပ်သွားစေပါတယ်။ မျက်လုံးအောက်ကပ်ထားတဲ့ ဇွန်းတွေ အအေးဓာတ်လျော့သွားတဲ့အခါ ဖန်ခွက်ထဲမှာစိမ်ထားတဲ့ ဇွန်းအသစ်နှစ်ချောင်းဖြင့် ပြောင်း၍ကပ်ပေးပါ။ ဖန်ခွက်ထဲက ရေခဲရေ မအေးတော့တဲ့အထိ ဇွန်းနှစ်ချောင်းစီကို အလဲအလှယ်လုပ်ပြီး ကပ်ပေးနိုင်ပါတယ်။

အထက်ပါ နည်းလမ်းရှစ်သွယ်ထဲကအဆင်ပြေတဲ့နည်းလေးကိုသုံးရင်း -- ခန္ဒာကိုယ်ထဲက အဆိပ်အတော က်ပြေပျောက်အောင် ရေများများသောက်ပေးရပါမယ်။ ဆိုဒီယမ်ဓာတ်ပါတဲ့ အငန်အစားအစာတွေနဲ့ ဆားစား
သုံးမှုကို လျှော့ချပစ်ပါ။ (ဆိုဒီယမ်ဓာတ်က ခန္ဓာကိုယ်ထဲမှာ အရည်တွေကို သိုလှောင်ထိန်းသိမ်းထားပြီးတော့ ခန္ဓာကိုယ်ဖောရောင်ခြင်းကို ဖြစ်စေပါတယ်။) ညဉ့်နက်မှ အိပ်ရာဝင်တဲ့ အကျင့်ဆိုးကို ပြင်ပါ။ မှောက် မအိပ်ရ၊ ခေါင်းကြာကြာငုံ့၍လုပ်ရတဲ့အလုပ်မျိုးကို ရှောင်ပါ။ သွေးလည်ပတ်စီးဆင်းမှုကောင်းစေဖို့ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

Credit : ပေါက်ပေါက်

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18