Print

အပူကြီး၍ တက်ခြင်း

  19-Nov-2019
Preview Image


အပူကြီး၍တက်ခြင်းကို ကလေးအယောက် ၂၀ တွင် တစ်ယောက်နှုန်းတွေ့ရသည်။ အသက် ၆ လမှ ၃ နှစ်အတွင်း ကလေးများတွင် အဖြစ်များပြီး အများအားဖြင့် မပြင်းထန်ကြပါ။ အပူကြီးပြီးတက်လျှင် တစ်ကိုယ်လုံးတောင့်တင်းပြီး ခြေလက်များ ကောက်ကွေးသွားတတ်သည်။ တစ်ခါတစ်ရံ သတိပါလစ်သွားတတ်ပါသည်။ ယောကျာ်းလေးများတွင် ပို၍ အဖြစ်များသည်။

ဖြစ်ရသည့်အကြောင်းရင်းများ
- ရေဓာတ်ခန်းခြောက်ခြင်း၊ တုပ်ကွေးဖျားနာ၊ နားပိုးဝင်ခြင်းနှင့် အာသီးရောင်ခြင်းတို့ကဲ့သို့သော ရောဂါများကြောင့် ကိုယ်အပူချိန် ၁၀၀.၄ ဖာရင်ဟိုက် (၃၈ ဒီဂရီ ဆဲလ်ဆီးရပ်စ် ) ထက်ကျော်အောင် ဖျားခြင်း
- မိသားစုဆွေမျိုးများထဲတွင် အပူကြီး၍ တက်တတ်သူရှိခြင်း (မျိုးရိုးလိုက်ခြင်း)
- အလွန်ရှားရှားပါးပါးအနေဖြင့် ကလေးအချို့တွင် ကာကွယ်ဆေးထိုးပြီးချိန်တွင်လည်း တက်တတ်ပါသည်။

ရောဂါလက္ခဏာများ
- ကလေးအသက် ၆ လ နှင့် ၅ နှစ်အတွင်းဖြစ်ခြင်း
- ဖျားပြီး ၂၄ နာရီအတွင်းတွင် တက်ခြင်း
- အဖျား ၃၉ ဒီဂရီနှင့် အထက်ရှိခြင်း
- တစ်ကိုယ်လုံးတောင့်တင်း၍ တက်ခြင်း။ (လက်၊ ခြေတဖက်တည်း၊ ကိုယ်တခြမ်းတည်း တက်ခြင်းမျိုး မဟုတ်ပါ)
- တက်သည့်စုစုပေါင်းကြာချိန် ၁၅ မိနစ်ထက်မပိုခြင်း
- တက်ပြီးလျှင်လည်း အိပ်ချင်သလို ဖြစ်နေတတ်ပြီး အိပ်ပျော်၍နိုးလာလျှင် မှိန်းနေခြင်း၊ ကိုယ်လက်များမလှုပ်ရှားနိုင်ခြင်းမရှိဘဲ အကောင်းအတိုင်း ဆော့နိုင် သွားနိုင်ခြင်း
- မိသားစုတွင် အဖျားကြီး၍တက်ဖူးသူရှိခြင်း

ရောဂါရှာဖွေခြင်း
အပူကြီး၍တက်ခြင်းနှင့် ရောဂါတစ်ခုခုကြောင့်တက်ခြင်းတို့ကို ခွဲခြားနိုင်ရန် ရောဂါလက္ခဏာများကို သေချာစွာ စောင့်ကြည့်ရန် လိုအပ်ပါသည်။ အပူကြီး၍တက်ခြင်းမှာ အန္တရာယ်မရှိနိုင်သော်လည်း ရောဂါတစ်ခုခုကြောင့် တက်ခြင်းဖြစ်ပါက စိုးရိမ်ရသောကြောင့် သွေးစစ်ခြင်း၊ ဦးခေါင်းကို ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း၊ ခါးရိုးဆစ်မှလိုအပ်သော စစ်ဆေးမှုများကို ပြုလုပ်သင့်ပါသည်။

ကုသခြင်း
- ကလေးငယ်များတက်လျှင် အသက်ရှူလမ်းကြောင်း မပိတ်စေရန် တစ်ဖက်သို့ စောင်း၍ထားပါ။
- ဘေးတွင် ထိခိုက်မိနိုင်သော အရာများရှိပါက ဖယ်ရှားပေးပါ။
- တက်နေစဉ် လက်နှင့် အခြားပစ္စည်းများ ပါးစပ်ထဲသို့မထည့်ရ။ ဆေးမတိုက်ရ။
- တက်သည့်ကြာချိန်ကို မှတ်သားထားရမည်။
- ပထမဆုံးအကြိမ်တက်ခြင်း၊ ၅ မိနစ်ထက်ပိုကြာအောင်တက်ခြင်းတို့ဖြစ်ပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွင် ဆေးကုသမှု အမြန်ဆုံးခံယူသင့်ပါသည်။
- အပူကြီး၍တက်တတ်ပါက ဖျားလျှင ်အပူမကြီးအောင် ပါရာစီတမောကဲ့သို့သော အဖျားကျဆေးတိုက်ပါ။
- ရေပတ်တိုက်ပေးပါ။ ပွပွချောင်ချောင် အဝတ်အထည်များကို ဝတ်ပေးပါ။
- ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်နိုင်ရန် ရေများများတိုက်ပါ။
- အသက် ၁၈လအောက် အရွယ်တွင် အပူကြီး၍ တက်ဖူးသူများနှင့် မိသားစုတွင် အတက်ရောဂါမျိုးရိုးရှိသူများမှာ မကြာခဏ ပြန်တက်နိုင်ပါသည်။

Dr. lei lei
(Healthcare.com.mm)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18