Print

တီဗီရှေ့ အချိန်ကုန်များသော ကလေး အရိုးသိပ်သည်းဆနည်း

  22-Nov-2019
Preview Image


တီဗီရှေ့မှာ အချိန်ကုန်များသော ကလေးများနှင့် လူငယ်များသည်ကြီးလာသည့်အခါ အရိုးသိပ်သည်းဆနည်းကာ အရိုးကျိုးလွယ်ကြကြောင်း နော်ဝေတွင် လုပ်ထားသော စစ်တမ်း တစ်ရပ်က ဖော်ပြသည်။ ကလေးအရွယ်နှင့် လူငယ်ဆယ်ကျော်သက် အရွယ်သည် ခန္ဓာကိုယ်ကို အလေးချိန် ဖိစီးမှုရှိစေမည့် လှုပ်ရှားပြေးလွှားခြင်း၊ ဝိတ်မခြင်း၊ အလေးအပင်မခြင်း စသည့် လှုပ်ရှားမှုများ အများဆုံးပြုရချိန်ဖြစ်သလို၊ ထိုဖိအား အလေးချိန်ကြောင့် အရိုးသိပ်သည်းဆ မြင့်တက်ချိန်လည်းဖြစ်သည်။

“တီဗီရှေ့ အထိုင်များတဲ့ လူငယ်တွေဟာ လှုပ်ရှားတက်ကြွမှု နည်းတာကြောင့် အရိုးအပေါ် ဖိအားသက်ရောက်မှုနည်းခြင်း အကျိုးဆက်အဖြစ် အရိုးသိပ်သည်းဆ နည်းလာကြတာ တွေ့ရပါတယ်”ဟု သုတေသန အဖွဲ့တွင် ပါဝင်သော နော်ဝေမြောက်ပိုင်း တက္ကသိုလ်ဆေးရုံမှ ဒေါက်တာ အန်နီဝင်သာက ပြောသည်။

စစ်တမ်းတွင် အသက် (၁၅) မှ (၁၉) ကြား ယောကျ်ားလေး (၃၁၆) ဦး၊ မိန်း ကလေး (၃၇၂) ဦး ပါဝင်သည်။ ထိုသူများ အနက် တစ်နေ့ နှစ်နာရီ၊ လေးနာရီမှ ခြောက်နာရီကျော်အထိ တီဗီရှေ့ အထိုင်များသော လူငယ်များသည် တစ်နေ့
တစ်နာရီနှင့်အောက်သာ တီဗီရှေ့ထိုင်သူများထက် ကိုယ်အလေးချိန် ပိုများကာ ဝနေကြပြီး အရိုးသိပ်သည်းဆမူကား ကျဆင်းနေကြောင်း တွေ့ခဲ့ရသည်။ ယောကျ်ားလေးနှင့် မိန်းကလေးယှဉ်လျှင် ယောကျ်ားလေးများက တီဗီ၊ ကွန်ပျူတာရှေ့တွင် ပိုအချိန်ကုန် ကျကြောင်းလည်း သိရသည်။ တီဗီရှေ့ အထိုင်များကာ လှုပ်ရှားမှုနည်းသော လူငယ်ယောကျ်ားလေးများသည် အရိုးသိပ်သည်းဆလည်း နည်းပါးကြကာ အရိုးပွနေကြကြောင်း လေ့လာတွေ့ရှိခဲ့သည်။ လေ့လာမှုစစ်တမ်း အပြည့်အစုံကို BMJ ဂျာနယ်တွင် ထည့်သွင်းဖော်ပြထားသည်။

စစ်တမ်းပါဝင်သူ လူငယ်များ တစ်နေ့လျှင် တီဗီရှေ့ ဘယ်လောက်ထိုင်ဖြစ်သည်၊ ကွန်ပျူတာရှေ့ ဘယ်လောက်ထိုင်ဖြစ်သည်၊ ကိုယ်လက်လှုပ်ရှားမှု ဘယ်လောက်ပြုဖြစ်သည်၊ အားကစား ဘယ်လောက်လုပ်ဖြစ်သည် စသဖြင့် ဘဝနေမှုပုံစံ ပေါ်လွင်အောင်မေးခွန်းများ မေး၍ အမှတ်ပေး အကဲဖြတ်သည်။ လူငယ်များ၏ အရိုး သိပ်သည်းဆကိုလည်း တိုင်းတာ မှတ်တမ်း တင်သည်။ ထိုအချက်များကို နှိုင်းယှဉ် ကြည့်လိုက်သည့်အခါ တီဗီရှေ့ အထိုင်များကာ လှုပ်ရှားမှုနည်းသော လူငယ်များ အရိုးသိပ်သည်းဆနည်းကာ အရိုးပွကြောင်း တွေ့ရခြင်း ဖြစ်သည်။ လူသည် မတ်တပ်အနေအထားဖြင့် လှုပ်ရှားမှုများပါမှ ခန္ဓာအလေးချိန်က အရိုးများအပေါ် ဖိကာ အရိုးသည် သိပ်သည်း ကျစ်လျစ်လာခြင်းဖြစ်သည်။


Credit : messenger

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18