Print

နှလုံးသွေးကြောကျဉ်းနေပြီလား

  08-Dec-2019
Preview Image

နှလုံးသွေးကြောကျဉ်းရောဂါသည် နှလုံးကြွက်သားအစိတ် အပိုင်းတစ်ခုသို့ပို့လွှတ်သော သွေးနှင့် အောက်ဆီဂျင်လုံလောက်မှု မရှိပါက ဖြစ်ပေါ်လေ့ရှိပါသည်။တစ်နည်းအားဖြင့် နှလုံးသွေးကြောမှ အောက်ဆီဂျင်ပို့ဆောင်မှုနှင့် လိုအပ်မှုမမျှတပါက ဖြစ်ပေါ်လာပါသည်။ အဓိကဖြစ်ပေါ်ရခြင်းမှာ နှလုံးအပြင်ဘက်ရှိ သွေးလွှတ်ကြော (Pericardial Coronary Artery) တွင် သွေးကြောကျဉ်းသွားသောအခါ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ ၎င်းကြွက်သားတို့ သွေးရောက်ရှိမှု အားနည်းသွားပြီး၊ ယင်းမှတစ်ဖန် သွေးစီးဆင်းမှု လျော့နည်းသွားခြင်းကြောင့် ဖြစ်ပါသည်။ အဝလွန်ခြင်း၊ အင်ဆူလင်လျော့ပါးခြင်းနှင့် အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါများသည် ယခုအခါကမ္ဘာတစ်ဝန်းတွင် နှလုံးသွေးကြောကျဉ်းရောဂါကို အဓိကဖြစ်စေသော အကြောင်းအရာများအဖြစ် ဖြစ်ပေါ်နေပါသည်။ ထိုသို့ဖြစ်သောကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မြို့ပြပုံစံ လူနေမှုစနစ်သို့ ကူးပြောင်းသည့်အတွက် ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊ မော်တော်ကား စသောယာဉ်များသာ အစီးများခြင်း၊ တီဗီအကြည့်များခြင်း၊ ကွန်ပျူတာနဲ့ အချိန်ကုန်လွန်ခြင်း၊ အချိုများသော၊ အဆီများသော၊ အလွယ်တကူဝယ်ယူ၍ရသော အစားအသောက်များကို စားသုံးခြင်း ဆေးလိပ်သောက်ခြင်းတို့ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါသည် အများအပြားဖြစ်ပေါ်နေပြီ ဖြစ်သည်။

 


လက္ခဏာမဲ့ နှလုံးသွေးကြောကျဉ်းရောဂါ

နှလုံးသွေးကြောကျဉ်းသူများသည် များသောအားဖြင့် ရင်ဘတ်စူးအောင့်ခြင်းဖြင့် တွေ့ရှိရသော်လည်း အချို့သူများတွင် ရင်ဘတ်အောင့်ခြင်း မဖြစ်ပေါ်ဘဲ ရုတ်တရက် နှလုံးသွေးကြောပိတ်ကာ သေဆုံးသွားတတ်ပါသည်။ ဤသို့ ရုတ်တရက် သေဆုံးသူများတွင် ၂၅ ရာခိုင်နှုန်းသောသူများသည် ရောဂါလက္ခဏာ မပြတတ်ပါ။

စိတ်ကြောင့်ဖြစ်သော ရင်ဘတ်အောင့်ခြင်း

အချို့သောသူများတွင် နှလုံးသွေးကြောကျဉ်းရောဂါ မရှိဘဲ ရင်ဘတ်အောင့်လေ့ရှိသောရောဂါတစ်ခုမှာ စိတ်ကြောင့် ရင်ဘတ်အောင့်ခြင်း ဖြစ်ပါသည်။ ၎င်းရောဂါသည် အထူးသဖြင့် ငယ်ရွယ်သော သူများတွင် ဖြစ်လေ့ရှိပြီး စာမေးပွဲနီးသောအခါများ၌ သော်လည်းကောင်း၊ မိဘများ (သို့) ဆရာသမားများ ဆူပူ၍သော်လည်းကောင်း၊ အခြား စိတ်ထိခိုက်သော အကြောင်းအရာတစ်ခုခုကြောင့် သော်လည်းကောင်း ဖြစ်တတ်ပါသည်။ ထိုသူများသည် ရင်ဘတ်အောင့်သောအခါ ဘယ်ဘက်ရင်အုံ၌ စူး၍ နာလေ့ရှိပါသည်။ ကိုယ်လက်လှုပ်ရှားမှုနှင့် သိပ်မဆိုင်ဘဲ အနားယူနေလျှင်လည်း သက်သာသွားလေ့မရှိပါ။ ၎င်းတို့များတွင် ညအိပ်မပျော်ခြင်း၊ နံနက်စောစော အိပ်ရာမှာနိုးနေခြင်း၊ ကြောက်ရွံ့ထိတ်လန့်မှု တစ်ခုခုရှိခြင်း၊ ရင်တလှပ်လှပ်တုန်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတို့နှင့် တွဲ၍ ဖြစ်လေ့ရှိပါသည်။ ထို့ပြင် စိတ်အပြင်းအထန် ထိခိုက်စေသော အကြောင်းအရာများ ဥပမာ လင်မယား ကတောက်ကဆတ်ဖြစ်၍ စကားများခြင်း၊ ငွေကြေးအများအပြားဆုံးရှုံးခြင်း၊ ဝမ်းနည်း၍ စိတ်ပူရခြင်း၊ အိမ်ထောင်စုအတွင်းမှ မိဘဆွေမျိုး အသက်ဆုံးရှုံးမှုဖြစ်ခြင်း စသည့်အခါများတွင်လည်း တွေ့ရှိရတတ်ပါသည်။

Credit : ပါမောက္ခဦးတင်လတ်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18