Print

ရင်သားနာကျင်ခြင်းဖြစ်ရသည့် အကြောင်းအရင်းများ

  09-Dec-2019
Preview Image

ရာသီအကြိုဝေဒနာ

လစဉ်ရာသီ စက်ဝန်းကာလအတွင်း အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းအပြောင်း အလဲတွေ ဖြစ်တတ်ပါတယ်။ ဒီလိုပြောင်းလဲ မှုတွေကြောင့် ရာသီမလာခင် ရက်အနည်းငယ်အတွင်းမှာ အမျိုးသမီးအများစုက ရင်သားနာ ကျင်တတ်ကြပါတယ်။ ဒါပေမယ့် ရာသီလာတဲ့ကာလ ပြီးဆုံးသွားပြီဆိုတာနဲ့ ရင်သားနာတာက အလိုလို သက်သာသွားတတ်ပါတယ်။ ရာသီမလာခင် ရင်သားနာတာ၊ တင်းတာစတဲ့ ဝေဒနာတွေကို ရာသီအကြိုဝေဒနာလို့ ခေါ်ပါတယ်။ တချို့အမျိုး သမီးတွေက လစဉ်လတိုင်း ရင်သားနာတာကို ခံစားနေရပေမယ့် တချို့အမျိုးသမီးတွေကတော့ လုံးဝမဖြစ်တတ်ပါဘူး။

အပျိုဖော်ဝင်ခြင်း

အပျိုဖော်ဝင်ချိန်အတွင်း ရင်သားတစ်သျှူးတွေက ဖွံ့ဖြိုးနေပြီး ခန္ဓာကိုယ်အတွင်းက ဟော်မုန်းတွေကလည်း အတက်အကျဖြစ်နှုန်း များနေတတ်ပါတယ်။ ဒီလိုအကြောင်းရင်းတွေကြောင့် ရင်သားနာကျင်နေတတ်ပြီး ရင်သားတစ်သျှူးတွေ လုံးဝ ဖွံ့ဖြိုးပြီးတဲ့အဆင့်အထိ နာနေတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ခြင်း

ရင်သားနာတာနဲ့ ရောင်ရမ်းတာတွေကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်း တွေထဲက တစ်ချက်က ကိုယ်ဝန်ဆောင်တာကြောင့်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားအနည်းငယ်နာတာနဲ့အတူ သွေးစဆင်းတာ၊ ဗိုက်အနည်းငယ်အောင့်တာတွေတောင် ဖြစ်တတ်ပါတယ်။ အမျိုးသမီး၂ဝ-၃ဝ ရာခိုင်နှုန်းခန့်က ကိုယ်ဝန်ဆောင်ရချိန်မှာ ဒီလိုလက္ခဏာတွေ စပြတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာကျင်တာက ကိုယ်ဝန်ပထမသုံးလပတ် အတွင်းမှာပဲ သက်သာသွားတတ်ပါတယ်။ ရင်သားတင်းတာနဲ့ တခြားအပြောင်းအလဲတွေ ဖြစ်တာက ခန္ဓာကိုယ်က မိခင်နို့ ချိုတိုက်ကျွေးဖို့ပြင်ဆင်နေတာကြောင့် ဖြစ်တတ်ပါတယ်။

ရင်သားအကျိတ်


ရင်သားအကျိတ်က အမျိုးသမီး ၅ဝ ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပြီး ကင်ဆာမဟုတ်တဲ့ အဖုအကျိတ်ဖြစ်ပါတယ်။ ရင်သားတစ်သျှူးတွေထဲမှာဖြစ်တဲ့ အရည်ကြည်အိတ်ဖြစ်ပြီး တောင့်တင်းနာကျင်တာနဲ့ မသက်မသာဖြစ်တာတွေ ခံစားရတတ်ပါတယ်။ အမျိုးသမီးတစ်ဦးက သွေးဆုံးချိန်ရောက်တဲ့အခါ ရင်သားအကျိတ်ဖြစ်တာက သက်သာသွားလေ့ ရှိပါတယ်။

စိတ်ဖိစီးမှုနှင့် ပူပင်သောကများခြင်း

ရင်သားနာကျင်ရတာရဲ့ နောက်အကြောင်းရင်းတစ်ခုက စိတ်ဖိစီးမှုများတာနဲ့ စိတ်ဓာတ်ကျတာကြောင့်ပါ။ အမျိုးသမီးတစ်ဦးဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ခံစားနေရရင် ဟော်မုန်းအပြောင်း အလဲတွေဖြစ်ကာ ရင်သားနာတာ၊ ရင်သားတင်းတာစတဲ့ မသက်မသာဖြစ်မှုတွေ ခံစားရတတ်ပါတယ်။

နံရိုးများ ရောင်ရမ်းခြင်း

ဒီအခြေအနေဖြစ်ရင်လည်း ရင်သားတင်းမာတာနဲ့အတူ ရင်သားအနည်းငယ် မသက်မသာဖြစ်တာနဲ့ ပူစပ်ပူ လောင်ဖြစ်တာတို့ ခံစားရတတ်ပါတယ်။ ဒါက ကိုယ်နေဟန်ထား မမှန်တာကြောင့် ဖြစ်တတ်သလို သဘာဝရဲ့ အိုမင်းတဲ့ဖြစ် စဉ်နဲ့လည်း ဆက်စပ်နေပါတယ်။ နံရိုး ရောင်ရမ်းနာကျင်တဲ့ ဝေဒနာက ရင်သားနေရာကနေ စတင်ဖြစ်ပေါ်လာတတ်ပြီး ရင်ရိုးနဲ့ ကျောရိုးတွေအထိ ပျံ့နှံ့ခံစားရ တတ်ပါတယ်။

သွေးဆုံး အကြိုကာလ

သွေးဆုံးချိန်ကို ချဉ်းနင်းဝင်ရောက် လာတဲ့အခါ ချွေးစေးတွေထွက်တာ၊ စိတ်လှုပ်ရှားတာ၊ ညဘက်ချွေးထွက်များတာ၊ မိန်းမကိုယ် ခြောက်သွေ့တာ၊ ကိုယ်အလေးချိန် မြင့်တက်တာ၊ ဆံပင်ကျဲပါးတာ စတဲ့လက္ခဏာတွေနဲ့အတူ ရင်သားတောင့်တင်းနာကျင်မှု ဖြစ်တတ်ပါတယ်။

သန္ဓေတားဆေး သောက်ဆေး

သန္ဓေတားဆေး သောက်တဲ့အခါ အီစထရိုဂျင်ဟော်မုန်းအဆင့် မြင့်တက်တာကြောင့် ရင်သားတောင့်တင်းတာနဲ့ မသက်မသာဝေဒနာတွေ ခံစားရတတ်ပါတယ်။ အမျိုးသမီးတိုင်း မဖြစ်တတ်ပေမယ့် တချို့အမျိုးသမီးတွေမှာ ခံစားရ တတ်ပါတယ်။

ကဖင်းဓာတ်

ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည် ချောကလက် စတာတွေကိုမှီဝဲတာကြောင့် တချို့အမျိုးသမီးတွေမှာ ကဖင်းဓာတ် လွန်ကဲပြီး ရင်သားတောင့်တင်းမှု ဖြစ်တတ်ပါတယ်။ ကဖင်းဓာတ်က သွေးကြောတွေကို ကျယ်စေပြီး ရင်သားတစ်သျှူးနဲ့ တည်ဆောက်ပုံကို ဆွဲဆန့်စေကာ ရင်သားနာကျင်တာ၊ တောင့်တင်းတာနဲ့ ရောင်ရမ်းတာတို့ ဖြစ်တတ်ပါတယ်။

အချို့ဆေးဝါးများ

အကိုက်အခဲပျောက်ဆေး၊ ရောင်ရမ်းမှု လျော့ကျစေတဲ့ဆေး၊ စိတ်ကျကုသဆေးနဲ့ ကိုလက်စထရောကျစေတဲ့ ဆေးတွေလို တချို့ဆေးတွေက ရင်သားတင်းမာတာ၊ နာကျင်တာနဲ့ တောင့်တင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။

မသင်တော်သော ဘရာစီယာ

အမျိုးသမီးတစ်ယောက်က ကိုယ်နဲ့ မသင့်တော်တဲ့ ဘရာစီယာကို ဝတ်ဆင် ထားရင် ရင်သား တောင့်တင်းတာ၊ နာကျင်တာနဲ့ ကိုက်ခဲတာတို့ကို ခံစားရတတ် ပါတယ်။

Credit : Good Health


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18