Print

ဓမ္မတာလာခြင်းနှင့် စပ်လျဉ်း၍ အမေးအများဆုံး မေးခွန်းများ

  07-Dec-2021
Preview Image

ဓမ္မတာလာခြင်းနှင့် စပ်လျဉ်း၍ အမေးအများဆုံး မေးခွန်းများ


    အမျိုုးသမီးများမှာ အပျိုဖော်ဝင်ချိန်ကာစပြီး သားဥအိမ်ကနေ အကြမ်းအားဖြင့် တစ်လတစ်ကြိမ် သားဥတစ်ဥ ပုံမှန် ကြွေလေ့ရှိပါတယ်။ အမျိုးသားရဲ့ သုတ်ရည်ဝင်လာတဲ့အခါ သုတ်ကောင်နဲ့ သားဥပေါင်းစပ်ပြီး သန္ဓေသားလောင်းဖြစ်ရာကနေ ကိုယ်ဝန်တည်တာဖြစ်တဲ့အတွက် ကိုယ်ဝန်တည်ရင် အရန်သင့်ဖြစ်စေဖို့ သားဥကြွေချိန်မှာ သားအိမ်အပေါ်ယံနံရံတွေဟာ သွေးကြောတွေအများကြီးနဲ့ တခြားအချိန်တွေထက် ပိုပြီးထူနေလေ့ရှိပါတယ်။ ဒါပေမဲ့ အမျိုးသားနဲ့အတူမနေတဲ့အခါ၊ သုတ်ကောင်နဲ့မပေါင်းတဲ့အခါတွေမှာ ကိုယ်ဝန်တည်ခြင်းမရှိတဲ့အတွက် သားဥရော သားအိမ်နံရံတွေပါ ကြွေကျပြီး ဓမ္မတာရာသီသွေးအဖြစ် ဆင်းတာဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲ ပုံမှန် သွေးလှည့်ပတ်နေတဲ့ သွေးကြောတွေ ပေါက်ထွက်တာကြောင့် သွေးထွက်တာမျိုးမဟုတ်ဘဲ အမျိုးသမီး မျိုးပွားအင်္ဂါတွေမှာပဲ သီးခြားပုံမှန်ဖြစ်နေတဲ့ သဘာဝတရားတစ်ခုပဲ ဖြစ်ပါတယ်။


၁။ ဓမ္မတာလာတဲ့အခါ ခေါင်းလျှော်ရင် ဓမ္မတာရပ်စေနိုင်ပါသလား။


မရပ်စေနိုင်ပါ။ ခေါင်းလျှော်ခြင်း၊ ရေချိုးခြင်းဟာ ခန္ဓာကိုယ်တွင်းက သွေးလှည့်ပတ်မှု၊ သွေးကြောများနဲ့ သက်ဆိုင်ခြင်းမရှိတာကြောင့် ခေါင်းလျှော်ရင် ဓမ္မတာထိန်တတ်တယ်ဆိုတာ မမှန်ပါ။ ဖြစ်နိုင်ချေရှိတာ တစ်ခုကတော့ ဓမ္မတာလာချိန်မှာ သွေးဆုံးရှုံးနေတဲ့အတွက် ခြေဖျားလက်ဖျားလေးတွေ အေးနေတတ်တော့ ခေါင်းလျှော်ရေချိုးတဲ့အခါ ပိုအေးသလို ခံစားရတတ်တာ ဖြစ်ပါလိမ့်မယ်။ နွေးနွေးထွေးထွေးနေပေးရင် ရပါတယ်။


၂။ ဓမ္မတာလာတဲ့အခါ အစားရှောင်ဖို့လိုသလား။ တစ်ခုခုစားလိုက်လို့ ဓမ္မတာထိန်တာမျိုး ဖြစ်တတ်သလား။


    ဓမ္မတာလာခြင်း၊ မလာခြင်းနဲ့ အစားအသောက်နဲ့ မသက်ဆိုင်တဲ့အတွက် အစားရှောင်ဖို့မလိုပါ။ စားနေကျအတိုင်း အစာအာဟာရ မျှမျှတတ ပုံမှန် စားပေးဖို့ပဲ လိုပါတယ်။ တစ်ခုခုစားလိုက်လို့ ဓမ္မတာထိန်တာမျိုးလည်း မရှိပါ။ ရာသီမလာခင်ရက်နဲ့ ရာသီလာတဲ့ပထမရက်တွေမှာ အမျိုးသမီးအများစုဟာ ဆီးစပ်ကိုက်ခဲတာ၊ ဗိုက်နာတာစသဖြင့် ဖြစ်တတ်ကြပါတယ်။ အဲ့ဒီတော့ လေပွတာ၊ အစာမကြေတာ၊ ဗိုက်နာတာဖြစ်စေတတ်တဲ့ လက်ဖက်၊ ကော်ဖီ၊ ပဲ၊ အစာမာများ၊ လေစာများ စတာတွေ စားမိတဲ့အခါမှာတော့ အခန့်မသင့်ရင် ဓမ္မတာကြောင့်ဖြစ်တဲ့ကိုက်ခဲမှုတွေ ပိုဆိုးလာသယောင် ခံစားရတတ်ပါတယ်။


၃။ တစ်လ တစ်ခါ ဓမ္မတာ ပုံမှန်လာဖို့လိုသလား။ ပုံမှန် ဓမ္မတာ မလာရင် ဘာဖြစ်တတ်သလဲ။


    ရာသီစက်ဝန်းတစ်ခုကို ၂၁ ရက်ကနေ ရက် ၄၀ အထိ အမျိုးသမီးတစ်ဦးနဲ့ တစ်ဦး ရာသီစက်ဝန်းကြာချိန်ချင်း မတူတတ်ပါ။ ရာသီစက်ဝန်းကြာချိန်ပေါ်မူတည်ပြီး ဓမ္မတာလာတဲ့အကြိမ်ဟာ နှစ်လမှာ သုံးခါ၊ နှစ်လမှ တစ်ခါ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ပုံမှန်ဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိပါ။ ဒါ့အပြင် စိတ်ဖိစီးမှုများ၊ အိပ်ပျက်အစားပျက်တဲ့ကာလတွေများတဲ့အခါနဲ့ ဖျားနာတဲ့အခါတွေမှာလည်း ရာသီပုံမှန်မဖြစ်တာမျိုး၊ ကိုယ်ဝန်ရှိသွားတဲ့အခါ ရာသီထိန်သွားတာမျိုး ဖြစ်တတ်ပါတယ်။ အိပ်ရေးဝအောင် အိပ်၊ အစားမှန်မှန်စားပြီး စိတ်ဖိစီးမှုနည်းအောင် နေထိုင်သင့်ပါတယ်။ ဒါပေမယ့် အဲ့လိုဖြစ်ရပ်တွေလည်း မရှိဘဲ အရင်လစဉ် အမြဲပုံမှန်ဓမ္မတာလာနေရာက နှစ်လသုံးလလောက် ရာသီထိန်သွားတာ ဒါမှမဟုတ် တစ်လနဲ့တလကြား ပုံမမှန်သွေးဆင်းတဲ့ဖြစ်ရပ်တွေ ရှိလာတာဆိုရင်တော့ အမျိုးသမီးရောဂါတစ်ခုခု ဖြစ်နေနိုင်တဲ့အတွက် နီးစပ်ရာ သားဖွားမီးယပ်အထူးကု ဆရာဝန်တစ်ဦးဦးနဲ့ ပြသစစ်ဆေးသင့်ပါတယ်။ အလွယ်တကူ ဝယ်သောက်၊ ဝယ်ထိုးလို့ရတဲ့ ထိရောက်တဲ့ ရာသီပေါ်ဆေး၊ ရာသီမှန်ဆေးဆိုတာမျိုးလည်း မရှိတဲ့အတွက် ရာသီမမှန်ရတဲ့ နောက်ခံအကြောင်းရင်းကို သေချာစစ်ဆေးရှာဖွေပြီးမှ သင့်တော်တဲ့ကုသမှု ခံယူသင့်ပါတယ်။


၄။ ဓမ္မတာလာချိန်ကိုက်ခဲရင် စိုးရိမ်ရလား။


    အထက်မှာဆိုခဲ့တဲ့အတိုင်း သားဥနဲ့သားအိမ်နံရံတွေကြွေကျတာဖြစ်တဲ့အတွက် ဓမ္မတာမလာခင်ရက်နဲ့ ဓမ္မတာလာစဉ် ကနဦးရက်တွေမှာ ဆီးစပ်ကိုက်တာ၊ နှုံးသလိုခံစားရတာတွေဟာ ပုံမှန်ဖြစ်ပါတယ်။ စိုးရိမ်စရာမလိုပါ။ အစားတစ်ခုခုစားပြီး mefenamic acid ပါတဲ့ အကိုက်အခဲပျောက်ဆေး တစ်ခုခုကို သောက်လို့ရပါတယ်။ 250 mg, 500mg နှစ်မျိုးလာပြီး သင့်တော်တဲ့ပမာဏကို ခြောက်နာရီခြားတစ်ခါ သောက်လို့ရပါတယ်။ အစာအိမ်ရောဂါအခံရှိတဲ့သူတွေကတော့ အစာအိမ်ဆေးတစ်ခုခုပါ တွဲသောက်သင့်ပါတယ်။ ဆေးမသောက်ချင်ရင် နွေးနွေးထွေးထွေးနေပြီး ဆီးခုံပေါ်ကို ရေနွေးအိတ်ကပ်ပေးတာတို့၊ ဂျင်းပြုတ်ရည်နွေးနွေးသောက်ပေးတာတို့လည်း လုပ်ပေးလို့ရပါတယ်။ ဒါမှမဟုတ် အဲ့လိုရက်တွေအပြင် ရာသီလာချိန်တစ်လျှောက်လုံးရော၊ ရာသီလာချိန်တွေမဟုတ်ဘဲ တခြားအချိန်တွေမှာပါ ရာသီလာချိန်ကဲ့သို့ မခံမရပ်ကိုက်ခဲတာတွေရှိရင်တော့ သားဖွားမီးယပ်အထူးကုဆရာဝန်တစ်ဦးဦးနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။


၅။ အမျိုးသမီးတိုင်း သံဓာတ်ပါတဲ့အားဆေး သောက်စရာလိုပါသလား။


သံဓာတ်က သွေးနီဥထုတ်တဲ့နေရာမှာ ကုန်ကြမ်းအဖြစ် အဓိကပါဝင်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ သွေးနီဥဆိုတာက ပုံမှန်အတိုင်း ထုတ်လုပ်ပြီး သက်တမ်းကုန်လို့ သွေးနီဥတွေပျက်စီးတဲ့အခါ ထွက်လာတဲ့သံဓာတ်ကို သွေးနီဥအသစ်ပြန်ထုတ်လုပ်တဲ့အခါ ပြန်အသုံးချတဲ့ပုံစံနဲ့ သံသရာလည်ပါတယ်။ ဒါ့အပြင် နေ့စဉ်စားသောက်နေတဲ့ အသား၊ ပဲ၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေထဲမှာလည်း သံဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် ပုံမှန်ပမာဏနဲ့ရာသီလာတဲ့အမျိုးသမီးတွေမှာ သံဓာတ်အားဆေး ထပ်သောက်စရာမလိုပါဘူး။ သံဓာတ်ကြွယ်ဝတဲ့အစားအစာများကို စားပေးတာနဲ့ပဲ လုံလောက်ပါတယ်။ ဒါပေမယ့် သွေးအားနည်းရောဂါ အခံရှိတဲ့အမျိုးသမီးတွေနဲ့ ရာသီလာတဲ့ပမာဏ အရမ်းများပြီး ရက်အကြာကြီးလာတတ်တဲ့ အမျိုးသမီးတွေမှာတော့ သံဓာတ်အားဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပေးဖို့လိုအပ်ပါတယ်။ မလိုအပ်ဘဲ သံဓာတ်အားဆေး တောက်လျှောက် စွဲသောက်ရင်တော့ ခန္ဓာကိုယ်မှာ သံဓာတ်ပိုတဲ့အတွက် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

Dr KZT





Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18