Print

ဗိုက်ကအဆီတွေ ကျဖို့

  18-Dec-2023
Preview Image

ဗိုက်ကအဆီတွေ ကျဖို့

ဗိုက်ကအဆီတွေဟာ ကြည့်ရဆိုးစေရုံသာမကဘဲ အမျိုးစား၂ ဆီးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်ဖို့ကို လည်း ဆက်စပ်မှုရှိနေပါတယ်။ ဒါကြောင့် ဝမ်းဗိုက်ကအဆီတွေချတာဟာ သက်ရှည်ကျန်းမာဖို့အတွက် အကျိုးကျေးဇူးတွေ အများကြီးဖြစ်စေပါတယ်။ ဗိုက်အဆီကို ခါးပတ်လည်အချင်းအတိုင်းတာနဲ့ ခန့်မှန်းတွက် ချက်လေ့ရှိတယ်။ အိမ်မှာ ကိုယ့်ဘာသာ ပေကြိုးလေးနဲ့တိုင်းကြည့်လို့ရပါတယ်။ အမျိုးသားတွေမှာဆိုရင် လက်မ ၄၀ နဲ့ အမျိုးသမီးတွေမှာ ၃၅ လက်မ ကျော်ရင် အဝလွန်တယ် သက်မှတ်ပါတယ်။ ကိုယ့်ရဲ ့ခါးပတ် လည်မှာ အဆီပိုတွေရှိနေရင် ကျန်းမာရေးကို မထိခိုက်သေးပေမယ့်လည်း ဖယ်ရှားဖို့ကြိုးစားသင့်တယ်။ ဒီလို ဗိုက်ကအဆီတွေချဖို့လည်း နည်းနာနိသယကောင်းတွေလည်း အများကြီးရှိပါတယ်။


၁။ သကြားအပါအဝင် အချိုတွေ၊ ဖျော်ရည်တွေ ရှောင်ပါ။


ထည့်သွင်းထားတဲ့သကြားတွေဟာ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဇီဝရုပ်ဖြစ်စဉ်တွေအပေါ်မှာ ဆိုးကျိုးသက်ရောက်မှုတွေရှိတာကို လေ့လာတွေ ့ရှိရပါတယ်။ သကြားဟာ ဂလူးဂိုစ့်ဓာတ်တစ်ဝက်၊ ဖရူးတို့တစ်ဝက် ပါဝင်ပြီး Frutose အများစုဟာ အသည်းမှာ ချေဖျက်လေ့ရှိပါတယ်။ ဒါကြောင့် သကြားအများကြီးစားတဲ့အခါ အသည်းမှာ fructose ဓာတ်တွေအများကြီး ဝန်ပိလာပြီး အဆီအဖြစ်ကို ပြောင်းလဲသိုလှောင်ကုန်ပါတယ်။ ဒီ အချိုတွေ၊ သကြားတွေ စားမိတာကြောင့် ဖြစ်လာတဲ့အဆီတွေဟာ ဝမ်းဗိုက်နဲ့အသည်းမှာ အများကြီးလာစုပြီး ဗိုက်ပူလာတော့တာပါပဲ။ ရေရှည်မှာ အင်ဆူလင်ဓာတ်မတိုးတော့ဘဲ ကျန်းမာရေးနောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာပါတော့တယ်။


သကြားအရည်တွေဟာ ပိုဆိုးတယ်တောင် ပြောရမယ်။ ဒါကြောင့် အချိုရည်တွေ၊ ဖျော်ရည်တွေ သောက်တဲ့အခါ ပိုလို့တောင် ကယ်လိုရီတွေ တက်လာစေပါတယ်။ ပြီးတော့လည်း ကလေးတွေမှာ အချိုရည် တွေ နေ့စဉ်သောက်တာဟာ အဝလွန်စေဖို့ ၆၀ ရာခိုင်နှုန်းပိုများစေပါသတဲ့။ ကိုယ် နေ့စဉ်စားသောက်နေ တာတွေကို တတ်နိုင်သမျှ အချိုလျော့ချပြီး အချိုရည်တွေကိုလည်း လုံးဝစွန့်လွှတ်ဖို့လိုကို လိုလာပါပြီ။

အချိုရည်ဆိုရာမှာ သကြားထည့်သွင်းထားတဲ့ အဖျော်ယမကာ အားလုံး၊ ဆိုဒါ၊ သစ်သီးဖျော်ရည်နဲ့ အချိုဓာတ်ကဲတဲ့ အားဖြည့်အချိုရည်တွေ အားလုံးအကြုံးဝင်ပါတယ်။

သစ်သီးဖျော်ရည်ထက် သစ်သီးကို စားသုံးပေးတာက အမျှင်ဓာတ်အပြည့်အဝရရှိစေပြီး fructose သကြားဓာတ်ရဲ့ မကောင်းတဲ့ရလဒ်တွေကို ချေဖျက်ပေးပါတယ်။ ပြီးတော့ သစ်သီးကရတဲ့ ဖရူးတို့ဓာတ်ဟာ အချိုဓာတ်တွေပါဝင်တဲ့ အစားသောက်တွေနဲ့ယှဉ်ရင် မပြောပလောက်ပါဘူး။ ပြုပြင်ထားတဲ့သကြားတွေကို ဖြတ်တောက်ပစ်မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် အစားသောက်တွေ ဝယ်တဲ့အခါ ပါဝင်တဲ့ အာဟာရညွှန်းကိန်း ပမာဏတွေရေးထားတဲ့ လေဘယ်လ်တွေကို သေချာဖတ်ကြည့်ဖို့လိုပါတယ်။


၂။ ပရိုတင်း (အသားဓာတ်) ပိုစားပေးတာဟာ ဗိုက်ကအဆီချဖို့အတွက် ရေရှည်နည်းလမ်းကောင်းတစ်ခုပါပဲ။ 


ပရိုတင်းဟာ အရေးပါဆုံးအာဟာရဓာတ်တစ်ခုပါပဲ။ ဆာလောင်စိတ်ကို ၆၀ ရာခိုင်နှုန်းအထိ လျော့ချပေးပြီး ဇီဝရုပ်ဖြစ်ပျက်မှုတွေကို မြင့်တင်ပေးတဲ့အတွက် ကယ်လိုရီ ၈၀ဘကနေ ၁၀၀ အထိ လောင်ကျွမ်းစေပါတယ်။ ဒါ့အပြင် တစ်နေ့တစ်ခြား စားတဲ့ကယ်လိုရီပမာဏကို လျော့လာစေပြီး ၄၄၁ ကယ်လို ရီ လောက်အထိ လျော့နည်းစေပါတယ်။ ဒါကြောင့်မို့လို့ weight loss အတွက် ကြိုးစားနေသူတွေအတွက် အသားဓာတ်ကို ပိုစားပေးဖို့က ရိုးစင်းထိရောက်တဲ့ နည်းလမ်းတစ်ခုပါပဲ။ ကိုယ်အလေးချိန်ကျစေရုံမကဘူး။ ဝိတ်လည်း ပြန်မတက်စေပါဘူး။

ဒါကြောင့် ပရိုတင်း (အသားဓာတ်) စားတာဟာ ဝမ်းဗိုက်အဆီအတွက် သက်ရောက်မှုအများကြီး ရှိ တယ် ပြောတာပါ။ ကိုယ်စားတဲ့ပရိုတင်းပမာဏဟာ ကိုယ့်ဗိုက်အဆီနဲ့ ပြောင်းပြန်အချိုးကျပါတယ်။ ပရိုတင်း များများနဲ့ အရည်အသွေးကောင်းကောင်း စားတဲ့သူတွေဟာ ဗိုက်ဆီနည်းလေလေပါပဲ။ ဒီလိုပရိုတင်းစားသုံးခြင်း က ဗိုက်အဆီတက်လာနိုင်ခြေကို နောက်ထပ် ၅ နှစ်အထိ လျော့ကျစေပါသတဲ့။ ပြုပြင်စီစဉ်ထားတဲ့ ကာဗိုဟိုက် ဒရိတ်တွေ၊ အဆီတွေက ဗိုက်အဆီ တက်စေပြီး သစ်သီးတွေကတော့ ဒါကို လျော့ချပေးပါလိမ့်မယ်။

တကယ်ထိရောက်ကောင်းမွန်တဲ့ ပရိုတင်းမျိုးဆိုတာ ကယ်လိုရီ ၂၅ ကနေ ၃၀ ရာခိုင်နှုန်းလောက် ပေးနိုင်တဲ့အသားဓာတ်မျိုးကို ခေါ်တာပါ။ ဒါကြောင့် ပရိုတင်းဓာတ်မြင့်မားတဲ့ ကြက်ဥ၊ ငါး၊ ပင်လယ်စာ၊ ပဲ၊ မြေပဲ၊ အခွံမာသီး၊ အသား၊ နို ့ထွက်ပစ္စည်းတွေဟာ အကောင်းဆုံးဖြစ်ပြီး ဒါတွေကို ဂရုတစိုက် စားသောက်ပေးသင့် ပါတယ်။ တချို ့ကလည်း Whey Protein လို ဖြည့်စွက်ဆေးတွေ သောက်ကြတာတွေ ့ရပါတယ်။


၃။ ကာဗိုဟိုက်ဒရိတ်တွေ လျော့စားပါ။ 


ကာဗိုဟိုက်ဒရိတ်တွေကို ဖြတ်တာဟာ ဗိုက်အဆီချတဲ့နေရာမှာ အင်မတန်ထိရောက်တဲ့နည်းတစ်ခုပါပဲ။ ကာဗိုဟိုက်ဒရိတ်တွေကို မစားဖြစ်တော့တဲ့သူတွေဟာ စားချင်သောက်ချင်စိတ်တွေ လျော့ကျသွားပြီး ကိုယ်အလေးချိန်လည်း ကျလာတာကို သေချာလေ့လာတွေ့ရှိရပါတယ်။ အဆီလျော့ထားတဲ့ အစားစာထက် ကာဗိုဟိုက်ဒရိတ်လျော့ထားတဲ့ အစားအစာတွေက ကိုယ်အလေးချိန်ကို ၂ ဆ ၃ ဆပိုကျစေပါတယ်။ ကာဗိုဟိုက်ဒရိတ်လျော့ထားတဲ့ အစားအစာတွေဟာ ဗိုက်နဲ့ အသည်းတဝိုက်ကအဆီတွေကို အဓိက ပစ်မှတ်ထားပြီး ကျဆင်းစေပါတယ်။ 

တကယ်လို့ ကိုယ်က ပရိုတင်းကိုလည်း သေချာစားဖြစ်တယ်ဆိုရင် အချို၊ သကြား၊ ပေါင်မုန့်အဖြူလို ကာဗိုဟိုက်ဒရိတ်တွေကို ရှောင်ရုံနဲ့ ရပါတယ်။ အဆီကျချင်တာသေချာရင်တော့ တစေ်န့ကို ကာဗိုဟိုက်ဒရိတ် ဂရမ် ၅၀ လောက်တော့ လျော့ဖို့လိုပါလိမ့်မယ်။ ဒါမှလည်း စားချင်သောက်ချင်စိတ် နည်းလာပြီး အဆီတွေကို လောင်ကျွမ်းပစ်မှာပါ။ ကာဗိုဟိုက်ဒရိတ်လျော့ထားတဲ့ အစားသောက်တွေဟာ ကိုယ်အလေးချိန်အတွက် သာမကဘဲ ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာ ရရှိစေပါတယ်။ ဥပမာအနေနဲ့ အမျိုးစား ၂ ဆီးချိူ ရောဂါလိုမျိုးမှာဆိုရင် ပိုပြီး ကျန်းမာသက်ရှည်ပြီး ဆီးချိုကို ကောင်းကောင်းထိန်းထားနိုင်စေပါတယ်။


၄။ အမျှင်ဓာတ်များများစားပါ။


အမျှင်ဓာတ်ဟာ အူထဲမှာ ခြေဖျက်ရခက်ပြီး ပြည့်အင့်တဲ့ခံစားချက်မျိုးဖြစ်စေတာကြောင့် ဝိတ်ချတဲ့နေရာ မှာ တော်တော်လေးအထောက်အကူဖြစ်ပါတယ်။ ဒါပေမယ့် အမျှင်ဓာတ်တိုင်းတော့ မဟုတ်ပါဘူး။ ရေမှာပျော်ဝင်ပြီး ခပ်ချွဲချွဲရှိတဲ့ အမျှင်ဓာတ်မျိုးကသာ အူထဲမှာ ရေနဲ့ပေါင်းပြီး ဂျယ်ထူထူအဖြစ်ရှိနေမှာဖြစ်ပါတယ်။ ဒီဂျယ် တွေဟာ အစာခြေအဖွဲ့အတွင်း အစာတွေ ရွေ့လျားတာကို နှေးကွေးစေပြီး အာဟာရဓာတ်တွေ စုပ်ယူမှုကို လည်း ဟန့်တားထားပါတယ်။ ဒါကြောင့် ဗိုက်ပြည့်သလိုဖြစ်နေပြီး စားချင်စိတ်နည်းစေတာပါ။ တစ်နေ့ကို အမျှင်ဓာတ် ၁၄ ဂရမ်လောက်စားပေးရင် ကယ်လိုရီ ၁၀ ရာခိုင်နှုန်းလောက်လျော့ကျပြီး ၄ လအကြာမှာ ကိုယ်အလေးချိန် ၄ ပေါင်ခွဲအထိ လျော့ကျနိုင်ပါသတဲ့။ တစ်နေ့ကို အမျှင်ဓာတ် ၁၀ ဂရမ်လောက် ပုံမှန်စားပေးခြင်းက ဗိုက်က အဆီတွေကို ၃ ဒသမ ၇ ရာခိုင်နှုန်းလျော့ကျစေပြန်ပါတယ်။ 

ဒါကြောင့် အမျှင်ဓာတ်တွေကို သေချာစားသောက်ပေးတာက ဗိုက်အဆီတွေကို ချပေးဖို့ သေချာပေါက် အထောက်ကူဖြစ်စေတယ် ပြောရပါမယ်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲ၊ အစေ့အနှံတွေမှာ အမျှင်ဓာတ် ကြွယ်ကြွယ်ဝဝ ပါဝင်ပါတယ်။ ဒါမှမဟုတ်လည်း ပရိုတင်းဖြည့်စွက်ဆေးလို fiber supplement တွေရှိပါတယ်။ Glucomannan ဟာ ကျမရေးခဲ့သလို ခပ်ချွဲချွဲဖြစ်ပြီး ရေမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ဖြစ်တာကြောင့် weight loss အတွက် အတော်လေး အသုံးဝင်တာမို့ သောက်သုံးကြတာတွေ့ရပါတယ်။


၅။ လေ့ကျင့်ခန်း လုပ်ပါ။


ကိုယ်လက် လေ့ကျင့်ခန်းလုပ်တာဟာ ဗိုက်အဆီကျစေရုံသက်စက်မဟုတ်ဘဲ ကျန်းမာသက်ရှည်၊ ရောဂါဝေးစေတဲ့နည်းပါပဲ။ ဗိုက်အဆီကျဖို့အတွက် ဗိုက်လေ့ကျင့်ခန်းတွေပဲ လုပ်ရမယ် ပြောတာ မဟုတ်ပါဘူး။ ဗိုက်က ကြွက်သားတွေအတွက်ပဲ လေ့ကျင့်ခန်းလုပ်နေတာဟာ ၆ ပတ်ကြာတဲ့အထိ ဘာမှပြောင်းလဲမှု မရှိတာ ကို တွေ့ရပါတယ်။ ပြေးတာ၊ လမ်းလျှောက်တာ၊ ရေကူးတာ၊ အေရိုးဗစ်ကစားတာတွေကမှ ဗိုက်အဆီတွေကို ကျစေတာပါ။ ဒီလိုလေ့ကျင့်ခန်းလုပ်ပြီး ဗိုက်အဆီကျတာဟာ အဆီပြန်မတက်လာအောင်လည်း ထိန်းထားနိုင် စွမ်း ရှိပါတယ်။ Body Weight ကို ထိန်းနိုင်တယ်ဆိုရမှာပေါ့။ အချုပ်ပြောရရင်တော့ အရင်ဆောင်းပါးတွေမှာ ဖော်ပြခဲ့ဖူးသလိုမျိုး ဗိုက်ကိုချည်းပဲ ကွက်မကစားဘဲ တစ်ကိုယ်လုံးမျှတ ကစားပေးတာကမှ ထိရောက်တဲ့ လေ့ကျင့်ခန်းနည်းလမ်းပဲ ဖြစ်ပါတယ်။


၆။ ကိုယ်ဘာတွေ စားမိလဲ။ ဘယ်လောက်စားမိလဲ။


ကိုယ်စားမိတဲ့အစားစာတွေက ကိုယ်အလေးချိန်ချချင်တဲ့သူတွေအတွက် တော်တော်လေးအရေးပါတာ ကို လူတိုင်းသိကြမှာပါ။ ဒါပေမယ့် တချို့တွေက ကိုယ်ဘာတွေ ဘယ်လောက်စားမိတယ်ဆိုတာကို သေချာမသိ ကြပါဘူး။ ကိုယ့်ကိုယ်ကို ပရိုတင်းများများ၊ ကာဗိုဟိုက်ဒရိတ် နည်းနည်းစားတာပဲ ဆိုပြီး ကျေနပ်နေကြပါတယ်။ ဖြစ်သင့်တာက ကိုယ့်အလေးချိန်ကို ပုံမှန်တိုင်းပါ၊ body measeurment ကို သေချာတိုင်းထားပြီး ကိုယ်စားတာ ထိရောက်မှုရှိရဲ့လား၊ ပြောင်းလဲလာလား၊ တိုးတက်လာလား ချင့်ချိန်ပါ။ ဘယ်နေရာမှာလိုနေသေးလို့ မတိုးတက်လာတာလဲဆိုတာ စဉ်းစားပါ။ ကယ်လိုရီကို သေချာတွက်ချက်ပြီး စားသောက်ပါ။ ဒါမှလည်း ကိုယ်လို ချင်တဲ့ body goal ကို တကယ်ရောက်မှာ ဖြစ်ပါတယ်။ 

အားလုံးကျန်းမာ လှပကြပါစေ။ 

ဒေါက်တာစိမ့်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18