Print

ကလေးတွေမှာတွေ့ရတဲ့အဝလွန်ရောဂါ

  06-Jan-2024
Preview Image

ကလေးတွေမှာတွေ့ရတဲ့အဝလွန်ရောဂါ

ကျမတို့ဟာ ကလေးဝဝတုတ်တုတ်လေးဆိုရင် ပိုပြီးချစ်ကြပါတယ်။ မိဘတွေကလည်း ကိုယ့်ကလေးကို ဝဝပြည့်ပြည့်လေးဖြစ်အောင် ကျွေးလေ့ရှိကြတယ်။ ကလေးတစ်ယောက် ဝတယ်ဆိုရင် ဒီကလေး အစားသေချာစားတယ်၊ အားရှိတယ်၊ အာဟာရပြည့်စုံတယ်လို့ ထင်ကြတာကိုး။ ဒါကြောင့် ကလေးဟာ သာမန်ဝတာကနေ တဖြည်းဖြည်းနဲ့ အဝလွန်တဲ့အနေထားရောက်လာတာပါ။ 

အဝလွန်တဲ့ကလေးတွေဟာ အမျိုးစား ၂ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ပန်းနာရင်ကြပ်၊ အသက်ရှူလမ်းကြောင်းရောဂါ၊ ညအိပ်မပျော်တဲ့ပြဿနာ၊ အသည်းရောဂါတွေ ဖြစ်လာနိုင်ခြေ အရမ်းများပါတယ်။ ဒါ့အပြင် ကလေးငယ်ဟာ သူ့ကိုယ်သူ တခြားကလေးတွေနဲ့ယှဉ်ရင် ဝနေတယ်ဆိုတဲ့ စိတ်ကြောင့်ရော၊ ပတ်ဝန်းကျင်က ပြောတဲ့စကားတွေကြောင့်ပါ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းတာ၊ စိတ်ကျဝေဒနာနဲ့ လူမှုအသိုင်းအဝိုင်းနဲ့ကင်းကွာ လာတာ ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပါ ကြုံလာရပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာလည်း အဝလွန်တာ၊ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကင်ဆာ စတဲ့ရောဂါတွေနဲ့ အရွယ်မတိုင်မီသေဆုံးတာ၊ ကိုယ်လက်မသန်စွမ်းတာ တွေ ဖြစ်လာနိုင်ခြေ ပိုများတယ်။ ကလေးက ကိုယ်အလေးချိန်များတဲ့အတွက် ချော်လဲတာ၊ အရိုးကျိုးလွယ်တာတွေ ဖြစ်နိုင်ခြေများတယ်။ အရေပြားပြဿနာတွေလည်း ပိုဖြစ်တတ်တယ်။ အခုလို ရာသီဥတုပူပြီဆိုရင် အဝလွန်တဲ့ကလေးတွေ မိတ်ဖုတွေ ပေါက်လာမယ်။ ယားနာတွေ ပိုဖြစ်တတ်တယ်။ စတာတွေပေါ့။

ကလေးငယ်တွေ အဝလွန်ရတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။ မျိုးရိုး၊ ကိုယ်လက်လှုပ်ရှားမှုမရှိတာ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားသောက်တွေစားတာပေါ့။ ရှားရှားပါးပါးအနေနဲ့ ဟော်မုန်းရောဂါလို ကျန်းမာရေးပြဿနာတွေကြောင့်လည်း ရှိတတ်ပါတယ်။

အစားသောက် - အသင့်စားအစားစာတွေ၊ အကင်တွေ၊ ပတ်ကင်ပိတ်အစားစာတွေလို ကယ်လိုရီများတဲ့ အစားသောက်တွေကို အမြဲစားနေတတ်တဲ့ ကလေးတွေမှာ ကိုယ်အလေးချိန်တက်စေပါတယ်။ သကြားလုံးတွေ၊ အချိုပွဲတွေ၊ ဖျော်ရည်၊ အအေးနဲ့ ချိုလွန်းတဲ့သစ်သီးဖျော်ရည်တွေဟာ ကလေးတွေကိုသာမက လူကြီးတွေကိုပါ အဝလွန်စေပါတယ်။

ကိုယ်လက်လှုပ်ရှားမှု မရှိတာ -  လေ့ကျင့်ခန်းမလုပ်တဲ့ကလေးတွေဟာ စားထားတဲ့ကယ်လိုရီတွေ လောင်ကျွမ်းဖို့ အခွင့်အရေးမရှိတာကြောင့် ကိုယ်အလေးချိန်တက်ဖို့ ပိုပြီးအလားလာများပါတယ်။ ခေတ်အခြေနေအရ ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့ လူနေမှုပုံစံတွေကြောင့်လည်း ကလေးငယ်ဟာ လှုပ်ရှားမှုနည်းနေတာ ဖြစ်နိုင်ပါတယ်။

မျိုးရိုး - ဝတဲ့မိသားစုတွေက မွေးလာတဲ့ကလေးက ဝဖို့အလားလာရှိတယ်။ ဒါကိုမှ ကယ်လိုရီတွေ အများကြီးစား၊ ကိုယ်လက်လှုပ်ရှားမှုကလည်း မရှိဘူးဆိုရင်တော့ သေချာတယ် အဲဒီကလေး အဝလွန်တော့မှာပဲ။

စိတ်ပိုင်းဆိုင်ရာပြဿနာ- မိဘနှစ်ပါးအဆင်မပြေတာ၊ မိသားစုပြဿနာရှိနေတာတွေဟာ ကလေးငယ်ကို အဝလွန်စေပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ၊ ပြဿနာတွေကို ကြုံလာတဲ့အခါ တချို့ကလေးတွေ အစားလွန်မိကြပြီး အဝလွန်လာကြတာပါ။

အဝလွန်တဲ့ကလေးငယ်တွေရဲ့ ထက်ဝက်ကျော်ဟာ ကျမတို့လိုအာရှနိုင်ငံတွေကဖြစ်တာကိုတွေ့ရတဲ့အတွက် မေမေတွေအနေနဲ့ ကိုယ့်ကလေးရဲ့ စားသောက်နေထိုင်မှုပုံစံကို ပိုဂရုစိုက်ဖို့လိုပါတယ်။ အထူးသဖြင့် sucrose သကြားတွေအများကြီးပါဝင်တဲ့ အစားစာ၊ အဖျော်ယမကာတွေကို ကလေးတွေက ကြိုက်နှစ်သက်တဲ့အတွက် ပိုစားဖြစ်ကြတယ်။ မိဘတွေကလည်း ကလေးကျေနပ်အောင် ကျွေးကြပါတယ်။ ဒီလို sucrose သကြားတွေအများကြီးပါဝင်တဲ့ အစားစာတွေဟာ အာဟာရဓာတ်မရှိတဲ့အပြင် ကလေးငယ်ကို ဗိုက်မပြည့်စေဘဲ ကယ်လိုရီတွေအများကြီး ပိုပိုစားမိစေတာကြောင့် ကိုယ်အလေးချိန်တွေတက်လာပြီး အဝလွန်လာစေပါတယ်။ ဒါ့အပြင် ကလေးငယ်ရဲ့ သွားတွေကို သွားပိုးစားစေပြန်ပါတယ်။ 

ဒီကြားထဲ ကိုယ့်ကလေးက အပြင်ထွက်ပြီးပြေးလွှားဆော့ကစားတာမျိုးမရှိဘဲ အိမ်တွင်းအောင်းပြီး ဂိမ်းချည်းပဲ ကစားနေ၊ ကာတွန်း၊ တီဗီချည်းပဲ ကြည့်နေ၊ ဖုန်းနဲ့ပဲ အချိန်ကုန်နေတတ်တယ်ဆိုရင် ဒီကလေးဟာ ကျန်းမာသွက်လက်တဲ့သူ ဘယ်လိုမှဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒီနေ့ခေတ်မှာလည်း အဝလွန်တဲ့ကလေးတွေဟာ တစ်နေ့တစ်ခြား ပိုပိုများလာတာကိုတွေ့လာရပါတယ်။ ဒါဟာ ကလေးအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ တကယ်မရဘဲ စားသောက်နေထိုင်မှုတွေ မှားနေလို့ပါပဲ။

ဒါကြောင့် ကလေးငယ်ငယ်၊ ရောဂါကြွယ်ကြွယ်မဖြစ်ရအောင် 

- အဝလွန်ရောဂါ ရှိ၊ မရှိ BMI တိုင်းပါ။ 

- အချိုရည်တွေ၊ အအေးတွေ၊ ဖျော်ရည်တွေမှာ သကြားအပြင် ကာဘွန်နိတ်(ဥပမာ ကိုလာ) နဲ့ ဆေးသကြား တွေပါတာကြောင့် နောက်ဆက်တွဲအနေနဲ့ ဝမ်းပျော့တာ၊ အစားအသောက်ပျက်တာ၊ ကြီးထွားဖွံ့ဖြိုးမှုနှောင့်နှေးတာ၊ သွားပိုးစားတာတွေဖြစ်လာနိုင်ပါတဲ့အတွက် အချိုတွေကို မကျွေးဘဲ အာဟာရရှိတဲ့ မုန့်ပဲသရေစာတွေ ကျွေးပါ။

- ကလေးအတွက် မုန့်ပဲသရေစာနဲ့ နို့၊ ဖျော်ရည်တွေမှာ အချိုသကြားဓာတ် အထူးသဖြင့် sucrose ဓာတ် မပါတာမျိုးကို ရွေးခြယ်ကျွေးမွေးပါ။

- အသီးအရွက် ကြိုက်နှစ်သက်အောင် အလေ့ကျင့်လုပ်ကျွေးပါ။

- ကိုယ်လက်လှုပ်ရှားမှုအတွက် ဘောလုံး၊ ရေကူး၊ စက်ဘီး စတဲ့ အားကစားတစ်ခုခု ကစားတတ်အောင် ပျိုးထောင်ပေးပါ။ တခြားကလေးသူငယ်တွေနဲ့ အတူဆော့တတ်အောင် ပတ်ဝန်းကျင်ဖန်တီးပေးပါ။

- မိသားစုဝင်တွေ ကိုယ်တိုင်ကလည်း တီဗီကြည့်တာ၊ ဖုန်းသုံးတာလို ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့ နေထိုင်မှုပုံစံမျိုး မနေဘဲ လှုပ်ရှားသွားလာတတ်အောင် နေပါ။

- မိသားစုနဲ့အတူ အားကစားလုပ်ပါ။ ကလေးကို ဂိမ်းဆော့တဲ့အချိန် ကန့်သတ်တာ၊ သတ်မှတ်ထာမျိုးလုပ်ပါ။ ဒေါက်တာစိမ့် (For Your Health For Your Beauty)




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18